
CPAP စက်အသုံးပြုနေသူများအတွက် Mask နှင့် ပိုက်လိုင်းများကို ပိုးမွှားကင်းစင်အောင် သန့်စင်ဖို့က အလွန်အရေးကြီးပါတယ်။ CPAP စက်တွေကို ပိုးသတ်တဲ့ အခါ ပုံမှန်ပိုးသတ်နည်းလမ်းတွေအပြင် Ozone ဓာတ်ငွေ့ အသုံးပြုနိုင်ပါတယ်။Ozone ဓာတ်ငွေ့သုံး ပိုးသတ်စက် တွေမှာ အထိုင်စက် အမျိုးအစား ( Integrated Bedside Consoles) နှင့် စက်အသေးစား အမျိုးအစား (Portable Mini Generators) ဆိုပြီး (၂) မျိုးရှိပါတယ် ။ Ozone ဓာတ်ငွေ့သုံး ပိုးသတ်စက်ဟာ စနစ်တကျ အသုံးပြုမယ်ဆိုရင် ရေမလို၊ ဓာတုဆေးရည်မလိုဘဲ ပိုးမွှားတွေကို ၉၉.၉၉% အထိ သတ်ပေးနိုင်လို့ အလွန်အသုံးဝင်ပါတယ်။ ဒါပေမဲ့ အသုံးပြုပုံစနစ်မကျရင် ကျန်းမာရေးအတွက် အန္တရာယ်ရှိနိုင်ပါတယ်။
ဒါကြောင့် အိုဇုန်းသုံး ပိုးသတ်စက်ကို အန္တရာယ်ကင်းကင်းနဲ့ အထိရောက်ဆုံး အသုံးပြုနိုင်မယ့် အဆင့်ဆင့် လမ်းညွှန်ချက် (Instruction) ကို မျှဝေပေးလိုက်ပါတယ်။
🛠️ အဆင့်ဆင့် အသုံးပြုနည်း လမ်းညွှန်
အဆင့် (၁) – ကြိုတင်သန့်စင်ခြင်း (Pre-Clean) : Mask နှင့် ပိုက်ပေါ်တွင် ကပ်နေသော အညစ်အကြေးများကို တစ်ရှူးအစို (Wipes) ဖြင့် အရင်သုတ်ပါ။
အဆင့် (၂) – ပစ္စည်းများ တပ်ဆင်ခြင်း (Setup) : CPAP Mask နှင့် ပိုက် (Hose) ကို ပိုးသတ်စက်နှင့် ချိတ်ဆက်ပြီး ပါရှိသော ဇစ်ပိတ်အိတ် (သို့မဟုတ်) ပိုးသတ်ဘူး ထဲသို့ သေချာထည့်ကာ ဇစ်/အဖုံးကို လုံအောင်ပိတ်ပါ။
အဆင့် (၃) – စက် စတင် အလုပ်လုပ်ခြင်း (Operation) : ပိုးသတ်စက်ခလုတ်ကို နှိပ်၍ စက်ကို စတင် အသုံးပြုနိုင်ပါတယ်။ စက်သည် ပုံမှန်အားဖြင့် မိနစ် ၃၀ ခန့် အိုဇုန်းဓာတ်ငွေ့ထုတ်လွှတ်ပြီး ပိုးသတ်ပေးပါတယ်။ သတိထားရမှာတစ်ခုကတော့ စက်လည်ပတ်နေစဉ်အတွင်း အခန်းတံခါး၊ ပြတင်းပေါက်များ ဖွင့်ထားပါ။ ၎င်းအခန်းထဲတွင် လူ သို့မဟုတ် အိမ်မွေးတိရစ္ဆာန်များ မနေပါစေနှင့်။
အဆင့် (၄) – ဓာတ်ငွေ့ပျယ်အောင် စောင့်ခြင်း (The Wait Period) : စက်လည်ပတ်မှုပြီးဆုံးသွားလျှင် (စက်ပိတ်သွားလျှင်) အိတ် သို့မဟုတ် ဘူးကို ချက်ချင်း လုံးဝမဖွင့်ပါနဲ့။ အိုဇုန်းဓာတ်ငွေ့များ ဘေးကင်းသော အောက်ဆီဂျင်အဖြစ် ပြန်လည်ပြောင်းလဲသွားစေရန် အိတ်ကို ပိတ်ရက်သားအတိုင်း အနည်းဆုံး ၁ နာရီမှ ၂ နာရီအထိ ဒီအတိုင်း ထားရပါမည်။
အဆင့် (၅) -မသုံးမီ လေမှုတ်ထုတ်ခြင်း (Pre-Use Flush) : ပိုးသတ်ပြီးသော Mask နှင့် ပိုက်ကို မျက်နှာတွင် အရင် မတပ်ဆင်သေးဘဲ CPAP စက်နှင့် ပြန်ချိတ်ပြီး ၁၀ မိနစ်ခန့် ဒီအတိုင်း ဖွင့်ထားပါ။ ထိုသို့ပြုလုပ်ခြင်းဟာ ပိုက်ထဲတွင် ကျန်ရှိနေနိုင်သော အိုဇုန်းအနံ့နှင့် ဓာတ်ငွေ့အကြွင်းအကျန်များကို လေမှုတ်ထုတ်ပေးလိုက်ခြင်း ဖြစ်သည်။
သတိပြုရမည့် အချက်များ (Safety Warnings)
- အိုဇုန်းဓာတ်ငွေ့ တိုက်ရိုက်ရှူမိပါက ချောင်းဆိုးခြင်း၊ ရင်ကြပ်ခြင်း၊ အသက်ရှူရခက်ခဲခြင်းနှင့် ရင်ဘတ်အောင့်ခြင်းတို့ ဖြစ်စေနိုင်သဖြင့် ပိုးသတ်ပြီးချင်း ချက်ချင်းယူမသုံးရပါ။
- စက်ကို ပြန်သုံးသည့်အခါ ကလိုရင်း သို့မဟုတ် ဓာတုပစ္စည်းအနံ့ ပြင်းပြင်းရနေပါက ချက်ချင်းချွတ်ပါ။ လေကောင်းလေသန့်ရသောနေရာတွင် ထပ်မံ လေထုတ်ထားပါ။
“နည်းပညာအသစ်တွေက ကျွန်ုပ်တို့ရဲ့ နေ့စဉ်လူနေမှုကို ပိုမိုလွယ်ကူစေတာ မှန်ပေမယ့်၊ သူ့ရဲ့ အန္တရာယ်နဲ့ အသုံးပြုပုံ စနစ်မှန်ကို သေချာနားမလည်ရင်တော့ ကိုယ့်ကျန်းမာရေးကို ကိုယ်တိုင် ပြန်ဖျက်ဆီးသလို ဖြစ်သွားနိုင်ပါတယ်။”
