အသံတိတ် လူသတ်သမား ဖြစ်လာနိုင်တဲ့ Fatty Liver( အသည်းအဆီဖုံးခြင်း)

Fatty liver (အသည်းအဆီဖုံးခြင်း) ဆိုတာ ဘာလဲ?

အသည်းအဆီဖုံးခြင်း (Fatty Liver Disease) ဆိုတာ အသည်းဆဲလ်များအတွင်းတွင် အဆီများ (Triglyceride ပုံစံဖြင့်) ပုံမှန်ထက်ပိုပြီး စုပုံလာသည့် ကျန်းမာရေးအခြေအနေ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် အသည်းတွင် အဆီအနည်းငယ် ရှိတတ်သော်လည်း အဆီပမာဏသည် အသည်းတစ်ခုလုံး အလေးချိန်၏ ၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းနှင့်အထက် ကျော်လွန်လာပါက အသည်းအဆီဖုံးခြင်းဟု သတ်မှတ်ပါတယ်။

အသည်းအဆီဖုံးခြင်း (Fatty Liver Disease) ကို အဓိကအားဖြင့် အမျိုးအစား (၂) မျိုး ခွဲခြားနိုင်ပါတယ်။

၁။ အရက်ကြောင့်ဖြစ်သော အသည်းအဆီဖုံးရောဂါ (Alcoholic Fatty Liver Disease): အရက်အလွန်အကျွံ သောက်သုံးခြင်းကြောင့် အသည်းပျက်စီးပြီး အဆီစုပုံလာခြင်း ဖြစ်ပါတယ်။

၂။ အရက်ကြောင့်မဟုတ်သော အသည်းအဆီဖုံးရောဂါ (Non-Alcoholic Fatty Liver Disease – NAFLD / MASLD): အရက်မသောက်သူ သို့မဟုတ် အနည်းငယ်သာသောက်သူများတွင် ဖြစ်ပွားတတ်ပြီး အဝလွန်ခြင်း၊ ဆီးချိုရောဂါရှိခြင်း၊ သွေးတိုးခြင်းနှင့် သွေးတွင်းအဆီဓာတ် မြင့်မားခြင်းတို့‌ကြောင့် အသည်းတွင် အဆီများ စုပုံလာခြင်း ဖြစ်ပါတယ်။

Fatty liver ဖြစ်ပွားရသည့် အဓိကအကြောင်းအရင်းများ

  • အချိုဓာတ် (Carbohydrate နှင့် သကြား) အစားများပြီး ခန္ဓာကိုယ်မှ လိုအပ်သည်ထက် ပိုလျှံလာခြင်း
  • ကိုယ်အလေးချိန် အလွန်အကျွံများခြင်း သို့မဟုတ် အဝလွန်ခြင်း
  • ဆီးချိုရောဂါ ၊ သွေးတိုးရောဂါ နှင့် သွေးတွင်းအဆီဓာတ် (Cholesterol) မြင့်မားခြင်း
  • ကိုယ်လက်လှုပ်ရှားမှု နည်းပါးခြင်း
  • အရက် အလွန်အကျွံ သောက်သုံးခြင်း
  • အချို့သော ဆေးဝါးများ ကြောင့်လည်း အသည်းမှာ အဆီစုပုံနိုင်ပါတယ် ။

ဘယ်သူတွေမှာ ဖြစ်နိုင်ခြေ ပိုများလဲ?

  • အရက်အလွန်အကျွံ သောက်သုံးသူများ
  • အဝလွန်သူများ (အထူးသဖြင့် ခန္ဓာကိုယ်အလေးချိန် များလွန်းသူများနှင့် ဗိုက်တွင် အဆီစုသူများ )
  • ဆီးချိုရောဂါရှိသူများ
  • သွေးတွင်းအဆီများသူများ
  • သွေးတိုးရောဂါရှိသူများ
  • ကိုယ်ဝန်ဆောင်အချို့ တွင် အခြားသူများထက် fatty liver ဖြစ်နိုင်ခြေ ပိုများပါတယ် ။

Fatty liver ဖြစ်ရင် ဘယ်လို လက္ခဏာတွေ ခံစားရမလဲ?

အသည်းအဆီဖုံးရောဂါဟာ အစောပိုင်းမှာ ဘာလက္ခဏာမှ မပြတတ်ပါဘူး ။ ဒါပေမဲ့ အဆီစုပုံမှု များလာပြီး အသည်းရောင်ရမ်းတာ၊ ပျက်စီးတာတွေ ဖြစ်လာတဲ့အခါ အောက်ပါလက္ခဏာတွေ ပြသလာတတ်ပါတယ်။

အစောပိုင်းလက္ခဏာများအနေနှင့်

  • အလွန်အမင်း မောပန်းနွမ်းနယ်ခြင်း
  • ဗိုက်ညာဘက်အပေါ်နား မအီမသာဖြစ်ခြင်း
  • အစားအသောက်ပျက်ခြင်းနှင့် မအီမသာဖြစ်ခြင်း တို့ ခံစားရတတ်ပါတယ် ။

အသည်းအဆီဖုံးရာမှ အသည်းခြောက်ခြင်း (Cirrhosis) အဆင့်သို့ ကူးပြောင်းလာပါက

  • မျက်လုံးနှင့် အရေပြား ဝါလာခြင်း (အသားဝါရောဂါ)
  • ဗိုက်ထဲတွင် ရေဖျဉ်းဆွဲလာခြင်း (ဝမ်းဗိုက် ဖောင်းပွလာခြင်း) နှင့် ခြေထောက်များ ဖောယောင်လာခြင်း
  • အရေပြား ယားယံခြင်း
  • အညိုအမည်း စွဲလွယ်ခြင်း
  • သတိမေ့တတ်ခြင်း၊ စိတ်ရှုပ်ထွေးခြင်း တို့ ခံစားရတတ်ပါတယ် ။

မကုသဘဲထားရင် ဘာတွေ ဖြစ်လာနိုင်လဲ ?

အသည်းအဆီဖုံးခြင်း (Fatty Liver) ကို ဂရုမစိုက်ဘဲ ပစ်ထားမိပါက :

  • အသည်းရောင်ခြင်း
  • အသည်းအမာရွတ်ဖြစ်ခြင်း
  • အသည်းခြောက်ခြင်း
  • အသည်းကင်ဆာ
  • နှလုံးနဲ့ သွေးကြောဆိုင်ရာ ရောဂါများ
  • ဆီးချိုရောဂါ ပိုမိုဆိုးရွားလာခြင်း စသော ခန္ဓာကိုယ်အတွက် အသက်အန္တရာယ်ဖြစ်စေနိုင်တဲ့အထိ ဆိုးရွားတဲ့ နောက်ဆက်တွဲပြဿနာ (Complications) တွေကို ဖြစ်စေနိုင်ပါတယ်။


အသည်းအဆီဖုံးခြင်း (Fatty Liver) မဖြစ်အောင် ဘယ်လိုကာကွယ်မလဲ?

အသည်းအဆီဖုံးခြင်းကို မဖြစ်ခင်က ကြိုတင်ကာကွယ်နိုင်ဖို့ အရေးကြီးတဲ့ အချက် (၅) ချက် ကို သိထားဖို့ လိုပါတယ်။

  1. ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာကို ရွေးချယ်ပါ။
  2. အရက်သေစာ သောက်စားခြင်းကို ရှောင်ကြဉ်ပါ။
  3. ပုံမှန် ကိုယ်လက်လှုပ်ရှားမှု လုပ်ဆောင်ပါ။
  4. ကျန်းမာသော ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ။
  5. ဆီးချို၊ သွေးတိုး၊ သွေးတွင်းအဆီဓာတ် (Cholesterol) မြင့်မားခြင်း စတဲ့ ရောဂါအခံ ရှိပါက ဆရာဝန်ညွှန်ကြားချက်အတိုင်း ဆေးဝါးများကို မှန်မှန်သောက်သုံးပါ ။

“အသည်းက တိတ်တိတ်လေး ခံစားနေရနိုင်ပါတယ် …. ဒါကြောင့် စောစောသိပြီး စောစောကာကွယ်ပါ ❤️ “