အိပ်နေစဉ် အသက်ရှူနှေးခြင်း (Sleep Hypoventilation)

အိပ်နေစဉ် အသက် ပုံမှန်ရှူခြင်း က ကျန်းမာရေးအတွက် ဘယ်လောက်အရေးကြီးပါသလဲ?

တကယ်တော့ အိပ်နေစဉ် အသက် ပုံမှန်ရှူခြင်း က –

  • 🧠ဦးနှောက်ကို အောက်စီဂျင် လုံလောက်စေခြင်း
  • 🫁 CO₂ ကို ဖယ်ရှားပေးခြင်း
  • ❤️ နှလုံးနှင့် သွေးကြောစနစ်ကို အထောက်အကူပြုခြင်း
  • 😴 အိပ်စက်မှုအရည်အသွေး ကောင်းမွန်စေခြင်း
  • 🌅 နေ့ခင်းဘက် လန်းဆန်းစေခြင်း စတဲ့ အကျိုးကျေးဇူးတွေကို ဖြစ်စေတာကြောင့် ခန္ဓာကိုယ် ရဲ့ အထွေထွေကျန်းမာရေး အတွက် အရေးကြီးတဲ့ အစိတ်အပိုင်း အနေနဲ့ ပါဝင်ပါတယ် ။

အသက်ရှူနှေးတယ် လို့ ဘယ်အချိန်မှာ သတ်မှတ်မလဲ? ဘာတွေ ဖြစ်လာနိုင်လဲ ?

အိပ်နေစဉ် အသက်ရှူနှေးခြင်း (Sleep Hypoventilation) ကို

✔️အသက်ရှူ ကြိမ်နှုန်း နည်းလာသည် ဖြစ်စေ
✔️အသက်ရှူတဲ့ အတိမ်အနက် က ကျလာသည် ဖြစ်စေ

အသက်ရှူနှေးတယ် လို့ သတ်မှတ်လို့ ရပါတယ်။

အသက်ရှူ နှေးလာတဲ့အခါ ရှူထုတ်လိုက်ရမယ့် ခန္ဓာကိုယ် အတွက် မကောင်းတဲ့ ကာဗွန်ဒိုင်အောက်ဆိုက် ( CO2 ) တွေက အပြင်မရောက်နိုင်တော့တဲ့အတွက် ကိုယ်တွင်းမှာ စုပုံလာပါတယ်။

အကျိုးဆက်အနေနဲ့ သွေးတွင်းအက်စစ်ဓာတ်တွေ များလာပြီး တစ်ဖက်မှာလည်း သွေးတွင်းအောက်ဆီဂျင် O2 နည်းပါးလာတဲ့အတွက် နောက်တစ်နေ့ နိုးလာတဲ့အခါ ပင်ပန်းနွမ်းနယ်နေပြီး တစ်နေကုန် အိပ်ရေးမဝ ဖြစ်နေသလို ခံစားရမှာ ဖြစ်ပါတယ်။

ဘာလို့ အိပ်နေစဉ် အသက်ရှူနှေးခြင်း ဖြစ်တာလဲ?

အဖြစ်အများဆုံး အကြောင်းအရာ ကတော့

  • အဆုတ်နဲ့ အသက်ရှူ လမ်းကြောင်း ဆိုင်ရာ ရောဂါ တစ်ခုခုကြောင့်
  • အဝလွန်ခြင်း
  • အာရုံကြော နှင့် ကြွက်သားရောဂါ တစ်ခုခုကြောင့်
  • အသက်ရှူခြင်း ကို အနှောင့်အယှက် ဖြစ်စေတဲ့ ဆေးဝါးတစ်ခုခုကို ရေရှည်သောက်သုံးမိခြင်း
  • အရက် အလွန်အကျွံ သောက်သုံးခြင်း တို့ဖြစ်ပါတယ်။

ဘာတွေ ဖြစ်ရင် သတိထားရမလဲ?

အလုပ်လုပ်ရင် မောပန်းနေမယ်၊ လေ့ကျင့်ခန်း မလုပ်နိုင်တော့ဘဲ မနက်ပိုင်းတွေ မှာလည်း ခေါင်း အမြဲ ကိုက်နေမယ်၊ အသက်ရှူမဝ ဖြစ်နေမယ် ဆိုရင် သင်ဟာ အိပ်စက်ချိန်မှာ အသက်ရှူနှေးနေပြီလား ဆိုတာ သတိထားသင့်ပါပြီ။

ဒီနေရာမှာ တစ်ခု သိရမှာက အဝလွန်ခြင်း Obesity နဲ့ အိပ်ဟောက်ရှူပိတ်ရောဂါ (Obstructive Sleep Apnea – OSA) ဟာ အိပ်စက်ချိန်အသက်ရှူနှေးခြင်း နဲ့ များစွာ ဆက်စပ်နေတဲ့ အတွက် လိုအပ်ရင် အချိန်မှီ ကုသမှု ခံယူရမှာ ဖြစ်ပါတယ်။

အိပ်ဟောက်ရှူပိတ်ရောဂါ (Obstructive Sleep Apnea – OSA) အကြောင်းကို အသေးစိတ် ဒီမှာ ဖတ်ရှူနိုင်ပါတယ်

ကောင်းသောတစ်နေ့တာကို ပိုင်ဆိုင်နိုင်ကြပါစေ။