ဆီးချိုဝေဒနာရှင်များ ဂရုပြုသင့်သည့် ခြေထောက်ကျန်းမာရေးအကြောင်း

ဆီးချိုရောဂါဝေဒနာရှင်တွေမှာ သွေးလည်ပတ်မှုမကောင်းခြင်း၊ Neuropathy လို့ခေါ်တဲ့ အာရုံကြောပျက်စီးခြင်း၊ အနာကျက်နှေးခြင်း တွေကြောင့် ခြေထောက်ကို အရမ်းဂရုစိုက်ဖို့ လိုပါတယ်။ ခြေထောက်ကို သေချာ ဂရုစိုက်ပေးခြင်းဖြင့် နောက်ဆက်တွဲရောဂါတွေဖြစ်တဲ့ ပိုးဝင်ခြင်း၊ အနာတွေဖြစ်ခြင်း၊ ခြေထောက်ဖြတ်ပစ်ရခြင်း တွေမဖြစ်အောင် တားပေးနိုင်တယ်။ ဒါကြောင့် ဒီနေ့မှာတော့ ဆီးချိုရှိတဲ့သူတွေမှာ ခြေထောက် ကို ဘယ်လို ဂရုစိုက်ရမလဲဆိုတဲ့ နည်းလမ်းလေးတွေကို မျှဝေပေးသွားပါမယ်။

၁။ မိမိခြေထောက် ကို နေ့စဥ် စစ်ဆေးပါ။

အနာများ၊ အရည်ကြည်ဖုများ နှင့် ရောင်ရမ်းနီမြန်းခြင်း၊ ခြေထောက်အသားရောင် ပြောင်းလဲလာခြင်း စသည်တို့ ရှိ၊မရှိကို နေ့စဥ် သတိထား၍ စောင့်ကြည့်ပေးပါ။ ခြေထောက်အောက်ဘက် ကို သေချာမြင်နိုင်ရန် မှန် ကို အသုံးပြု၍ ကြည့်နိုင်ပါတယ်။

၂။ ခြေထောက် ကို သေချာ ဆေးကြောပါ။

ရေနွေး နှင့် ဆပ်ပြာအပျော့စား ကိုသုံးပြီး နေ့စဥ်သန့်ရှင်းရေးလုပ်ပါ။ ရေအရမ်းပူလျှင် လောင်သွားနိုင်သည့်အတွက် ဂရုစိုက်ပါ။ ခြေထောက်ကို ခြောက်အောင်သုတ်ပါ။ မှိုစွဲမှု မဖြစ်စေရန် အထူးသဖြင့် ခြေချောင်းများကြားကို သေချာသုတ်ပါ။

၃။ ရေဓာတ်ဖြည့်ခရင်မ်လိမ်းပါ။

ခြေထောက်ရဲ့ အရေပြားတွေ ခြောက်မနေစေရန် lotion တစ်ခုခု လိမ်းပါ။ ဒါပေမဲ့ ခြေချောင်းတွေကြားကိုတော့ မလိမ်းပါနဲ့။ မှိုစွဲတာမျိုး ဖြစ်တတ်ပါတယ်။

၄။ ခြေသည်းများ ကို ဂရုစိုက်ညှပ်ပါ။

ခြေသည်းများကို အရှည်မထားပါနှင့်။ ခြေသည်းညှပ်သည့်အခါတွင်လည်း ခြေစွယ်တွေထဲထိ ထိုးညှပ်ခြင်း မလုပ်ပါနှင့်။ ခြေသည်း ကို တည့်ပုံစံ အတိမျိုးညှပ်ပါ။

၅။ သက်တောင့်သက်သာရှိသည့် ဖိနပ်များ ကို စီးပါ။

ဖိနပ်မပါဘဲ လမ်းလျှောက်ခြင်း၊ ဒေါက်ဖိနပ်နှင့် အရမ်းကျပ်သော ဖိနပ်များကိုရှောင်ပါ။ သက်တောင့်သက်သာရှိသော ဖိနပ်စီးပါ။ ဖိနပ်မစီးခင် အတွင်းဘက်တွင် မည်သည့်အရာများ ခုနေလဲ၊ခံနေလဲ စသည်ဖြင့် အရင်ကြည့်ပါ။ Pressure point တွေ လျှော့ချဖို့ လိုအပ်လျှင် custom orthotics များအသုံးပြုပါ။ ဆီးချိုဝေဒနာရှင်တွေအနေနဲ့ ဖိနပ်ရွေးချယ်မည်ဆိုလျှင် ဆီးချိုသမားတွေအတွက် သီးသန့်ထုတ်ထားတဲ့ ဖိနပ်တွေ ကို ရွေးချယ်သင့်ပါတယ်။

၆။ ဆေးမြီးတိုများဖြင့်ကုသခြင်းများရှောင်ပါ။

ကြွက်နို့၊ ငါးမျက်စိ၊ အရည်ကြည်ဖုများအတွက် မိမိဘာသာ ဆေးမြီးတိုများဖြင့် လျှောက်ကုခြင်းမလုပ်ပါနှင့်။ ရေနွေးအိတ်ကပ်ခြင်းများ မလုပ်ပါနှင့်။

၇။ ဆရာဝန်နှင့် ပုံမှန်ပြသပါ။

ဆီးချိုဝေဒနာရှင်များအနေနှင့် မိမိပြသနေသည့် ဆရာဝန်နှင့် သွေးတွင်းသကြားဓာတ် ကို ထိန်းသိမ်းနိုင်ရန် ပုံမှန်ပြသနေရန်လိုအပ်ပါတယ်။ ခြေထောက်မှာ အနာတစ်ခုခု ဖြစ်လာလျှင်လည်း သိသိချင်း ဆရာဝန်ကို ပြဖို့ လိုပါတယ်။

ဆီးချိုရောဂါက မထိန်းသိမ်းနိုင်လျှင် အာရုံကြောတွေပျက်စီးသွားပြီး ခြေထောက်မှာ အနာဖြစ်နိုင်ချေများစေပါတယ်။ အနာဖြစ်ရင်လည်း ပျောက်ဖို့ ကြာတတ်ပြီး အဆိုးဆုံးအနေနဲ့ ခြေချောင်း၊ ခြေထောက်ဖြတ်ရတဲ့ အဆင့်ထိရောက်တတ်တာကြောင့် အထက်ပါအချက်လေးတွေ ကို သတိထားလိုက်နာပေးခြင်းဖြင့် ကာကွယ်လို့ရပါတယ်။