
ဆီးချိုရောဂါဖြစ်နေပြီဆိုရင် တော်တော်များများက သွေးတွင်းသကြားဓာတ်စစ်ခြင်း၊ ကျန်းမာတဲ့ အစားအသောက် ကို ဂရုတစိုက်စားသုံးခြင်း၊ ဆေးဝါးများဖြင့် ထိန်းသိမ်းခြင်းတွေကိုတော့ သတိမလျော့ဘဲ လုပ်တတ်ကြပြီး ဆီးချိုရောဂါရဲ့ နောက်ဆက်တွဲဆိုးကျိုးတစ်ခုဖြစ်တဲ့ မိမိ၏ ခြေထောက်ကျန်းမာရေးကိုတော့ နောက်ဆုံးထားပြီးမှ သတိရတတ်ကြတယ်။ဆီးချိုရောဂါ ခံစားနေရသူများအနက် ၁၅ ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်းခန့်သည် ၎င်းတို့၏ သက်တမ်းအတွင်း ခြေထောက် သို့မဟုတ် ခြေသလုံးတွင် အနာဖြစ်ပွားမှုနှင့် ကြုံတွေ့ရလေ့ရှိကြပါတယ်။ ပုံမှန်အားဖြင့် ရှာရာ၊ ဖိနပ်ပေါက်ရာ သေးသေးလေး ဖြစ်သော်လည်း ဆီးချိုရောဂါသည်များ အတွက်မူ မပေါ့ဆသင့်သည့် အရေးပေါ်ကျန်းမာရေးပြဿနာ ဖြစ်သွားနိုင်ပါတယ်။
ဆီးချိုကြောင့် အနာဖြစ်လွယ်ရသည့် အဓိကအကြောင်းအရင်းများ
ဆီးချိုရောဂါသည်များတွင် ခြေထောက် သို့မဟုတ် ခြေသလုံးအနာများ ဖြစ်ပွားရခြင်းမှာ အဓိကအားဖြင့် နောက်ဆက်တွဲ ပြဿနာ နှစ်ခုပေါင်းစပ်ရာမှ စတင်လေ့ရှိပါတယ်။
၁။ အာရုံကြောပျက်စီးခြင်း (Diabetic Neuropathy)
သွေးတွင်းသကြားဓာတ် လွန်ကဲစွာ မြင့်တက်မှုကြောင့် ကြာလာသောအခါ ခြေထောက်ရှိ အာရုံကြောများ ပျက်စီးသွားတတ်ပါတယ်။ ထိုအခါ နာကျင်မှုကို မသိရှိနိုင်တော့ဘဲ ဖိနပ်ပေါက်ခြင်း၊ ခဲလုံးနင်းမိခြင်း သို့မဟုတ် ရှရာ အနာသေးသေးလေးများ ရရှိသည့်အခါ နာကျင်မှုဝေဒနာ မခံစားရသဖြင့် သတိမမူမိဘဲ အနာ ပိုမိုကြီးမားသွားတတ်ကြပါတယ်။
၂။ သွေးလှည့်ပတ်မှုမကောင်းခြင်း (Peripheral Arterial Disease – PAD)
ဆီးချိုရောဂါကြောင့် သွေးကြောများအတွင်း အဆီစုပုံကာ သွေးကြောတွေ ကျဉ်းမြောင်းသွားတတ်ပါတယ်။ ခြေထောက်နှင့် ခြေသလုံးဆီသို့ သွေးစီးဆင်းမှု လျော့နည်းသွားတဲ့အခါ အရေပြားက ပါးလွှာလာပြီး အနာကျက်ရန် ခက်ခဲသွားစေပါတယ်။
သတိပြုရမည့် အစောပိုင်းလက္ခဏာများ (ACT NOW နည်းလမ်း)
အာရုံကြော ပျက်စီးနေပါက နာကျင်မှုကို မသိရှိနိုင်သည့်အတွက် အနာရှိမှန်းမသိမီ ဖျားနာခြင်း၊ ချမ်းတုန်ခြင်း သို့မဟုတ် မအီမသာဖြစ်ခြင်းများ စတင်ခံစားရတတ်ပါသည်။ ဒါကြောင့် အောက်ပါ ACT NOW လက္ခဏာများကို နေ့စဉ် စစ်ဆေးသင့်ပါတယ်။
- A – Accident (မတော်တဆဖြစ်မှု): ခြေထောက်ကို ထိခိုက်မိခြင်း၊ ပစ္စည်းတစ်ခုခု ပိမိခြင်း သို့မဟုတ် ခလုတ်တိုက်မိခြင်း ရှိပါသလား။
- C – Change (ပြောင်းလဲမှု): အရေပြားအရောင်၊ ပုံသဏ္ဌာန် (သို့) အသားမာတက်ခြင်း စသည့် ပြောင်းလဲမှုများ ရှိပါသလား။
- T – Temperature (အပူချိန်): ခြေထောက်တစ်နေရာသည် အခြားနေရာများထက် ပိုမိုပူနေခြင်း သို့မဟုတ် အေးစက်နေခြင်း ရှိပါသလား။
- N – New Pain (နာကျင်မှုအသစ်): ခြေထောက်တွင် နာကျင်မှုအသစ် သို့မဟုတ် စူးရှသည့် ခံစားချက် ရှိပါသလား။
- O – Oozing (အရည်ထွက်ခြင်း): အရေပြား သို့မဟုတ် ခြေသည်းများကြားမှ အစိုဓာတ်၊ ပြည် သို့မဟုတ် အရည်များ စိမ့်ထွက်နေပါသလား။
- W – Wound (အနာ): မကျက်နိုင်ဘဲ ဖြစ်နေသည့် ရှရာ၊ အရေပြားပေါက်ပြဲမှု သို့မဟုတ် အရည်ကြည်ဖောင်းများ ရှိပါသလား။
ကုသခြင်းနှင့် ရေရှည်ထိန်းသိမ်းမှုများ
ဆီးချိုခြေထောက်အနာကို သက်သာပျောက်ကင်းစေရန် အောက်ပါ အဓိကနည်းလမ်းများဖြင့် စနစ်တကျ ကုသရပါမယ်။
- သွေးတွင်းသကြားဓာတ် ထိန်းချုပ်ခြင်း: သွေးတွင်းသကြားဓာတ်၊ သွေးဖိအားနှင့် သွေးလှည့်ပတ်မှုကို မှန်ကန်အောင် ဂရုစိုက်ထိန်းသိမ်းခြင်း။
- အသားသေများ ဖယ်ရှားခြင်း: အနာကျက်ခြင်းကို ဟန့်တားနေသည့် အသားမာများနှင့် အသားသေများကို ကျန်းမာရေးဝန်ထမ်းများ သန့်စင်ပေးခြင်း။
- အနာပေါ်တွင် ဖိအားသက်ရောက်မှု မရှိစေခြင်း: အထူးပြုလုပ်ထားသော ဖိနပ်များ၊ အောက်ခံအပြားများ သို့မဟုတ် ကျောက်ဂွမ်းစွပ်များ အသုံးပြု၍ အနာပေါ်သို့ ဖိအားမသက်ရောက်စေရန် ကာကွယ်ခြင်း။
- အနာပတ်တီးစည်းခြင်းနှင့် ပိုးဝင်မှုထိန်းချုပ်ခြင်း: အနာအစိုဓာတ် မျှတစေမည့် ပတ်တီးများ သုံးစွဲခြင်းနှင့် လိုအပ်ပါက ပဋိဇီဝဆေးများ သောက်သုံးခြင်း။
ကိုယ့်မှာ ဆီးချိုရောဂါရှိနေပြီး ခြေထောက်တွင် ဒဏ်ရာ သို့မဟုတ် အရေပြားပေါက်ပြဲမှု တစ်စုံတစ်ရာတွေ့ရှိပါက (၁ ရက်အတွင်း) ဆရာဝန် သို့မဟုတ် ကျန်းမာရေးဝန်ထမ်းများနှင့် ချက်ချင်းပြသသင့်ပါတယ်။ ပိုးဝင်ရောက်မှုသည် အလွန်မြန်ဆန်ပြီး ၄၈ နာရီအတွင်း အသားပုပ်သွားသည်အထိ ဒဏ်ရာကြီးမားသွားနိုင်ပါတယ်။
ရောဂါပြန်လည်မဖြစ်ပွားအောင် ကာကွယ်နည်း
ဆီးချိုခြေထောက်အနာများသည် တစ်ကြိမ်ကျက်သွားသော်လည်း ၁ နှစ်အတွင်း ၄၀ ရာခိုင်နှုန်းနှင့် ၅ နှစ်အတွင်း ၇၅ ရာခိုင်နှုန်းခန့် ပြန်လည်ဖြစ်ပွားနိုင်ခြေရှိပါသည်။ ထို့ကြောင့် အနာကျက်သွားသည့်အခါ “လုံးဝပျောက်ကင်းသွားပြီ” ဟု မယူဆဘဲ အမြဲသတိထား စောင့်ရှောက်ရန် လိုအပ်ပါသည်။
ဆီးချိုရောဂါ ရှိသူများ အ နေ ဖြင့် မိမိတို့ ခြေထောက်ကို ဘယ်လို စောင့်ရှောက် သင့်သလဲ ဆိုတာကို အောက်ပါ link မှတစ်ဆင့် အသေးစိတ် ဖတ်ရှုနိုင်ပါပြီ။
ဆီးချိုဝေဒနာရှင်များ ဂရုပြုသင့်သည့် ခြေထောက်ကျန်းမာရေးအကြောင်း
REFERENCE
Leg Matter | Diabetes Foot Ulcers
