ကလေးငယ်များနှင့် အကြားအာရုံ လက်ဆောင်

ကမ္ဘာကြီး ပိုမိုစိုပြေလာအောင် အဖိုးတန်လက်ဆောင်

မိုးစက်မိုးပေါက်တွေရဲ့ တဖွဲဖွဲအသံ…☔
သူငယ်ချင်းကောင်းတွေရဲ့ ပျော်ရွှင်စရာ ရယ်မောသံ…🎵
မိခင်တစ်ယောက်ရဲ့ မေတ္တာပြည့်ဝတဲ့ ချော့မြူသံ…❤️

ကျွန်ုပ်တို့ပတ်ဝန်းကျင်မှာ အသက်ဝင်နေတဲ့ အသံလှိုင်းတွေဟာ ကမ္ဘာကြီးကို ပိုမိုတောက်ပပြီး ပျော်ရွှင်စရာကောင်းအောင် ဖန်တီးပေးနေတဲ့ “အဖိုးတန်လက်ဆောင်မွန်” တွေပဲ ဖြစ်ပါတယ်။

အကယ်၍ မိမိရဲ့ ရင်သွေးငယ်မှာ အကြားအာရုံချို့တဲ့နေကြောင်း သိရှိခဲ့ရရင် “စိတ်ဓာတ်မကျပါနဲ့ဦး”။ မိဘတစ်ယောက်အနေနဲ့ ရင်ထဲမှာ စိုးရိမ်ပူပန်မှုတွေ၊ ဝမ်းနည်းတဲ့ ခံစားချက်တွေ ပြည့်နှက်နေမယ်ဆိုတာကို ကိုယ်ချင်းစာပါတယ်။ ဒါပေမဲ့ လက်မလျှော့လိုက်ပါနဲ့။ ကလေးငယ်ရဲ့ ကမ္ဘာလေးထဲကို အသံတွေနဲ့ ပြန်လည်အသက်သွင်းပေးပြီး အကြားအာရုံလက်ဆောင်ကို ပြန်လည်ပေးအပ်နိုင်မယ့် နည်းလမ်းကောင်းတွေ ရှိနေပြီပဲ ဖြစ်ပါတယ်။

မွေးကင်းစအရွယ်မှာ ဘာကြောင့် အကြားအာရုံစစ်ဆေးဖို့ လိုအပ်တာလဲ❓

မွေးကင်းစကလေး အကြားအာရုံစစ်ဆေးချက် (Newborn Hearing Screening) မှာ မိမိကလေးက မအောင်မြင်ခဲ့ဘူး (မကြားရဘူး) လို့ သိလိုက်ရတဲ့အချိန်ဟာ မိဘတွေအတွက် အလွန်တုန်လှုပ်ခြောက်ခြားစရာ ကောင်းပါတယ်။ ရှေ့ဆက် ဘာလုပ်ရမလဲ၊ ဘယ်လိုဆုံးဖြတ်ချက်တွေ ချရမလဲဆိုတာ မပြတ်သားဘဲ လမ်းပျောက်နေသလို ခံစားရနိုင်ပါတယ်။

မိဘတိုင်းဟာ မိမိရင်သွေးအတွက် အကောင်းဆုံးတွေပဲ ပေးချင်ကြတာ သဘာဝပါ။ ကလေးကို မိမိပြောတဲ့စကားတွေ ကြားစေချင်တယ်၊ အခြားသူတွေနဲ့ ဆက်သွယ်စေချင်တယ်၊ မိမိကိုယ်ကိုယ် ရဲရဲဝံ့ဝံ့ ထုတ်ဖော်ပြသပြီး အိပ်မက်တွေကို အကောင်အထည်ဖော်စေချင်ကြပါတယ်။ ဒီလို အိပ်မက်တွေအတွက် Solution တွေကို အမြန်ဆုံး ပေးနိုင်ရန် Newborn Hearing Screening Tests တွေကို စစ်ပေးဖို့လည်း အရေးကြီးပါတယ်။

ကလေးတစ်ယောက်ရဲ့ ဉာဏ်ရည်နဲ့ ဦးနှောက်ဖွံ့ဖြိုးမှုဟာ မွေးကင်းစအရွယ်မှာ အလွန်မြန်ဆန်တာကြောင့် အကြားအာရုံရှိဖို့က အဓိကသော့ချက် ဖြစ်ပါတယ်။ ပတ်ဝန်းကျင်က အသံတွေကို ကြားရမှသာ ကလေးငယ်ဟာ လေ့လာသင်ယူနိုင်ပြီး ဆက်သွယ်ပြောဆိုမှု စွမ်းရည် အားကောင်းလာမှာပါ။

ရင်သွေးငယ်အတွက် အကြားအာရုံလက်ဆောင် ပြန်လည်ပေးအပ်ခြင်း 💡

ကလေးငယ်ရဲ့ အကြားအာရုံ အဆင့်အလိုက် ပြန်လည်ကြားရအောင် ကူညီပေးနိုင်မယ့် နည်းပညာ ၂ ခု ရှိပါတယ်။

  • Hearing Aids : အကြားအာရုံပညာရှင်များက အကြားအာရုံ အသင့်အတင့်ချို့တဲ့တဲ့ ကလေးငယ်တွေအတွက် နားကြားကိရိယာ (Hearing Aids) တွေကို အကြံပြုလေ့ရှိပါတယ်။
  • Cochlear Implants : အကြားအာရုံ ပြင်းထန်စွာချို့တဲ့ တဲ့ ကလေးတွေအတွက်တော့ အားအကောင်းဆုံး နားကြားကိရိယာတွေကပင် ထိရောက်မှု မရှိနိုင်တော့ပါဘူး။ ဒါပေမဲ့ လုံးဝမကြားရတဲ့ ကလေးငယ်တွေအတွက်တောင်မှ Cochlear Implants နည်းပညာက အသံကမ္ဘာကြီးကို ပြန်လည်သက်ဝင်အောင် ကူညီပေးနိုင်ပါတယ်။

Cochlear Implants က ရင်သွေးငယ်ကို ဘယ်လိုမျိုး အသံလက်ဆောင် ပေးသလဲ❓

သဘာဝအတိုင်း အကြားအာရုံ အလုပ်လုပ်ပုံမှာ အသံလှိုင်းများသည် အပြင်နားမှတစ်ဆင့် အတွင်းနားရှိ “ခရုပတ်နား (Cochlea)” သို့ ဖြတ်သန်းသွားကြပြီး ဦးနှောက်က နားလည်နိုင်သော အာရုံကြောအချက်ပြလှိုင်းများအဖြစ် ပြောင်းလဲပေးပါတယ်။

အကယ်၍ မိမိကလေးတွင် Sensory Hair Cells ဟုခေါ်သော ခရုပတ်နားအတွင်းရှိ အာရုံခံဆဲလ်မွှေးလေးများ အလုပ်မလုပ်တော့ပါက အာရုံကြောဆိုင်ရာ အကြားအာရုံချို့တဲ့မှု (Sensorineural Hearing Loss) ဖြစ်ပွားတတ်ပါတယ်။ ဒါဟာ မျိုးရိုးဗီဇ၊ ဦးနှောက်အမြှေးရောင်ရောဂါ သို့မဟုတ် အခြားမသိရှိနိုင်သော အကြောင်းရင်းများကြောင့် ဖြစ်နိုင်ပါသည်။

ထို Sensory Hair Cells များ အလုပ်မလုပ်နိုင်တော့သော်လည်း Cochlear အတွင်းရှိ ကျန်သော သဘာဝအကြားအာရုံ ဖွဲ့စည်းပုံများသည် ပျက်စီးမသွားဘဲ၊ အသက်သွင်းလှုံ့ဆော်ပေးမည့်အရာကို စောင့်ဆိုင်းနေတတ်ကြပါတယ်။

Cochlear Implant က အလုပ်မလုပ်တော့တဲ့ Hair cells တွေကို ကျော်ဖြတ်ကာ သေးငယ်တဲ့ လျှပ်စစ်လှိုင်းလေးတွေ သုံးပြီး ကလေးရဲ့ အကြားအာရုံကြောကတစ်ဆင့် ဦးနှောက်ဆီကို တိုက်ရိုက်အချက်ပြလှိုင်း ပေးပို့ပါတယ်။ ထို့ကြောင့် ပုံမှန်ကြားရသူများကဲ့သို့ပင် အသံကို ကောင်းမွန်စွာ ပြန်ကြားလာရခြင်း ဖြစ်ပါတယ်။

မွေးကင်းစအရွယ်မှာ အချိန်မီ ကုသခြင်းရဲ့ ရလဒ် 🌟

အံ့ဖွယ်နည်းပညာကပေးတဲ့ အကြားအာရုံလက်ဆောင်ကြောင့် မိမိကလေးသည် —

  • မိခင်၊ ဖခင်တို့၏ မေတ္တာသံကို ပြန်လည်ကြားနိုင်မည်။
  • သူငယ်ချင်းများနှင့်အတူ ပျော်ရွှင်စွာ ရယ်မောနိုင်မည်။
  • ကျောင်းစာတွင်လည်း ထူးချွန်ထက်မြက်လာမည်။
  • မိမိရင်ထဲရှိ စကားများကို ရဲဝံ့စွာ ထုတ်ဖော်ပြောဆိုရင်း၊ မိမိအိပ်မက်များကို အကောင်အထည်ဖော်ကာ ကမ္ဘာကြီးကို လှပစွာ ဆင်မြန်းနိုင်မည် ဖြစ်သည်။

ရင်သွေးငယ်တွေရဲ့ အနာဂတ်အတွက် အစောပိုင်း မွေးကင်းစအရွယ်မှာတင် အချိန်မီ သိရှိပြီး စောစီးစွာ ကုသမှုခံယူခြင်းက ကလေးရဲ့တစ်ဘဝလုံးအတွက် “အကောင်းဆုံး အကြားအာရုံလက်ဆောင်” ဖြစ်တာကြောင့် အကြားအာရုံပညာရှင်များနှင့် အမြန်ဆုံး တိုင်ပင်ဆွေးနွေးလိုက်ပါ။ 🏥✨

မွေးကင်းစမှာ အချိန်မီစစ်ဆေး၊ အကြားအာရုံလက်ဆောင်ဖြင့် ကလေးဘဝကို အလှဆင်ပေး။