
Tinnitus (နားထဲတွင် အသံတဝီဝီမြည်ခြင်း) ဆိုတာ ပြင်ပမှာ ဘာအသံမှ မရှိဘဲ မိမိရဲ့ နားထဲမှာတင် အသံတစီစီ မြည်နေတာ၊ လေတိုက်သံလို တဝူးဝူး ကြားနေရတာ ဒါမှမဟုတ် ချက်ခနဲ ချက်ခနဲ အသံမြည်နေတာမျိုးကို ခေါ်ပါတယ်။သူ့ကို သီးသန့်ရောဂါတစ်ခုလို့ သတ်မှတ်လို့မရဘဲ ခန္ဓာကိုယ် သို့မဟုတ် နားအာရုံကြော စနစ်တစ်ခုခုမှာ ပြဿနာရှိနေကြောင်း ပြသတဲ့ လက္ခဏာတစ်ခုသာ ဖြစ်ပါတယ်။
၁။ နားထဲအသံမြည်ရခြင်း အကြောင်းအရင်းများ (Causes)
နားထဲ အသံတဝီဝီမြည်ခြင်းသည် များသောအားဖြင့် နားအတွင်းပိုင်းရှိ သေးငယ်သောဆဲလ်များ ပျက်စီးသွားသဖြင့် ဦးနှောက်က ဖျောက်ဖျက်၍မရသော လျှပ်စစ်လှိုင်းအချက်ပြမှုများကို ကိုယ်တိုင်ဖန်တီးရာမှ စတင်တတ်သည်။
အဓိက အကြောင်းရင်းများမှာ –
- အသက်အရွယ်ကြောင့် အကြားအာရုံချို့တဲ့ခြင်း: အသက်ကြီးလာသည်နှင့်အမျှ နားအတွင်းပိုင်းဆဲလ်များ သဘာဝအတိုင်း အားနည်းလာခြင်း။
- ဆူညံသံများနှင့် ရေရှည်ထိတွေ့ခြင်း: စက်ရုံအလုပ်ရုံများ၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်များ သို့မဟုတ် နားကြပ်ကို အသံအကျယ်ကြီးဖြင့် ရေရှည်နားထောင်ခြင်း။
- ချက်ချင်းဖြစ်ပေါ်သော အသံဗုံးသံများ: သေနတ်သံ၊ ဗြောက်အိုးသံ သို့မဟုတ် ဖျော်ဖြေပွဲများမှ စပီကာအသံအကျယ်ကြီးများကို အကာအကွယ်မပါဘဲ နီးကပ်စွာ ကြားရခြင်း။
- နားဖာချေးပိတ်ခြင်း: နားဖာချေးများ မာခဲပြီး ပိတ်နေခြင်း သို့မဟုတ် နားထဲသို့ ရေနှင့် ပိုးမွှားများဝင်၍ ရောင်ရမ်းခြင်းကြောင့် နားတွင်းဖိအားပြောင်းလဲကာ အသံပိုမြည်ခြင်း။
- ဆေးဝါးများ၏ ဘေးထွက်ဆိုးကျိုး: အကိုက်အခဲပျောက်ဆေး (Aspirin) အပြင်းစားများ၊ အချို့သော ပဋိဇီဝဆေးများ (Antibiotics) နှင့် ကင်ဆာကုသဆေးအချို့ကြောင့် ဖြစ်ပွားခြင်း။
- မေးရိုးနှင့် လည်ပင်းကြွက်သား ပြဿနာများ: သွားကြိတ်တတ်သူများ သို့မဟုတ် မေးရိုးအဆစ် (TMJ) ပြဿနာရှိသူများတွင် နားနှင့်နီးစပ်သော အာရုံကြောများကို သွားရောက်လှုံ့ဆော်မိခြင်း။
- သွေးကြောနှင့် သွေးတိုးရောဂါ: သွေးတိုးခြင်း၊ သွေးကြောကျဉ်းခြင်းတို့ကြောင့် မိမိ၏ နှလုံးခုန်သံနှင့်အတူ ချက်ခနဲ၊ ချက်ခနဲ ဖြစ်နေသော အသံမျိုးကို ကြားရခြင်း (Pulsatile Tinnitus) စတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။
၂။ တွဲဖက်တွေ့ရတတ်သော လက္ခဏာများ (Associated Symptoms)
နားထဲတွင် အသံမြည်ရုံတင်မကဘဲ အောက်ပါလက္ခဏာများနှင့်လည်း တွဲဖက်ကြုံတွေ့ရတတ်သည် –
- အကြားအာရုံ လျော့နည်းလာခြင်း: လူထုကြား သို့မဟုတ် ဆူညံသောနေရာများတွင် စကားပြောလျှင် သဲသဲကွဲကွဲမကြားရတော့ခြင်း။
- အသံများကို အလွန်အမင်း ခံစားလွယ်ခြင်း (Hyperacusis): ရေဖွင့်သံ၊ ပန်းကန်ခွက်ယောက်ချင်း ထိခိုက်သံကဲ့သို့ သာမန်အသံများကိုပင် နားထဲတွင် စူးရှနာကျင်စွာ ခံစားရခြင်း။
- မူးဝေခြင်း သို့မဟုတ် အမူးထခြင်း (Vertigo): ကမ္ဘာကြီးချာချာလည်သလို ခံစားရပြီး ဟန်ချက်ပျက်ခြင်း (ယင်းသည် မီနီယာရောဂါ – Ménière’s disease ၏ လက္ခဏာလည်း ဖြစ်နိုင်သည်)။
- နားထဲတွင် ပြည့်ကျပ်နေခြင်း: နားထဲတွင် လေခိုနေသလို သို့မဟုတ် တစ်ခုခု ပိတ်ဆို့နေသလို ခံစားရခြင်း။
- ညအိပ်စက်ရခက်ခဲခြင်းနှင့် အာရုံစူးစိုက်မှုမရခြင်း: ညဘက်တိတ်ဆိတ်ချိန်တွင် နားထဲက အသံပိုကျယ်လာသဖြင့် အိပ်မပျော်ခြင်း၊ အလုပ်လုပ်ရာတွင် အာရုံမရခြင်း။
- စိတ်ဖိစီးမှုနှင့် စိုးရိမ်သောကများခြင်း: စိတ်တိုလွယ်ခြင်း၊ အမြဲတမ်း စိတ်အနှောင့်အယှက်ဖြစ်ကာ စိတ်ဓာတ်ကျသလို ခံစားရခြင်း ကဲ့သို့သော လက္ခဏာများနဲ့ တွဲ၍လည်း လူမှုနေထိုင်မှုကို ထိခိုက်စေနိုင်ပါတယ် ။
၃။ ကုသနိုင်သော နည်းလမ်းများ (Treatment)
လက်ရှိတွင် နားထဲအသံတဝီဝီမြည်ခြင်းကို ရာနှုန်းပြည့် ပျောက်ကင်းစေမည့် သီးသန့်ဆေးဝါး မရှိသေးသော်လည်း အသံကို သက်သာစေရန်နှင့် နေသားတကျဖြစ်စေရန် အောက်ပါအတိုင်း ကုသနိုင်သည် –
- အသံဖြင့် ကုသခြင်း (Sound Therapy): အဖြူရောင်ဆူညံသံ (White Noise) ထုတ်ပေးသည့် စက်များ၊ ပန်ကာသံ သို့မဟုတ် သဘာဝအသံများကို ဖွင့်ထားခြင်းဖြင့် နားထဲကမြည်သံကို ဖုံးအုပ်ထားခြင်း။
- အကြားအာရုံကူညီပံ့ပိုးစက် (Hearing Aids): အသက်အရွယ်ကြောင့် နားလေးသူများတွင် နားကြားကိရိယာ တပ်ဆင်ပေးခြင်းဖြင့် ပြင်ပအသံများကို ပိုမိုကြားရစေပြီး နားထဲကအသံကို မှိန်သွားစေခြင်း။
- စိတ်ပိုင်းဆိုင်ရာ ကုထုံး (CBT): မိမိဦးနှောက်က ထိုအသံကို ရန်သူ သို့မဟုတ် အန္တရာယ်တစ်ခုအဖြစ် မရှုမြင်တော့ဘဲ သာမန်နောက်ခံအသံတစ်ခုအဖြစ် သဘောထားတတ်စေရန် စိတ်ပညာရှင်များနှင့် လေ့ကျင့်ခြင်း။
- ဆေးဘက်ဆိုင်ရာ ပြုပြင်ခြင်း: ဆရာဝန်နှင့် ပြသ၍ နားဖာချေး ထုတ်ခြင်း၊ မေးရိုးပြဿနာကို ကုသခြင်း သို့မဟုတ် သွေးတိုးရောဂါကို ထိန်းချုပ်ခြင်း။ စိတ်ဖိစီးမှု လျော့ကျစေရန် စိုးရိမ်ပူပန်မှုပျောက်ဆေးများကို ဆရာဝန်ညွှန်ကြားချက်ဖြင့် သောက်သုံးနိုင်ခြင်း စတဲ့ နည်းလမ်းများကို အသုံးပြုပြီး သက်သာအောင် ကုသနိုင်သည်။
၄။ ကာကွယ်ရမည့် နည်းလမ်းများ (Prevention)
နားထဲအသံမြည်ခြင်း ဝေဒနာ မခံစားရစေရန် အောက်ပါအချက်များကို ကြိုတင်လိုက်နာနိုင်သည် –
- နားအကာအကွယ်ပစ္စည်း သုံးပါ : စက်ကိရိယာများ သုံးစွဲချိန် သို့မဟုတ် သေနတ်ပစ်ကွင်း၊ ဖျော်ဖြေပွဲများသို့ သွားရောက်ချိန်တွင် နားကြပ်အဆို့ (Earplugs) များ တပ်ဆင်ပါ။
- အသံပမာဏကို လျှော့ချပါ : ဖုန်း သို့မဟုတ် နားကြပ်ဖြင့် သီချင်းနားထောင်ပါက အမြင့်ဆုံး အသံပမာဏ၏ ၆၀ ရာခိုင်နှုန်း (60%) ထက် ပိုမကျယ်ပါစေနှင့်။
- နှလုံးနှင့် သွေးကြောကျန်းမာရေးကို ဂရုစိုက်ပါ : ပုံမှန်ကိုယ်လက်လှုပ်ရှားမှု လုပ်ဆောင်ပြီး အဆီအစိမ့် လျှော့စားခြင်းဖြင့် နားတွင်းသွေးလှည့်ပတ်မှုကို ကောင်းမွန်စေကာ သွေးတိုးကြောင့် နားမြည်ခြင်းမှ ကာကွယ်နိုင်သည်။
- စိတ်ကြွစေသော အရာများကို ရှောင်ပါ : နီကိုတင်း (ဆေးလိပ်)၊ အရက်နှင့် (ကော်ဖီ) အလွန်အကျွံ သောက်သုံးခြင်းသည် နားတွင်း သွေးကြောများကို ကျဉ်းစေသဖြင့် တတ်နိုင်သလောက် လျှော့ချသင့်သည်။
“ခဏတာ ဆူညံမှုကို သဘောကျလို့ ဘဝတစ်လျှောက်လုံး နားထဲမှာ အသံမြည်နေရမယ့်Tinnitus ဝေဒနာနဲ့ မလဲလိုက်ပါနဲ့။”
