
ယာယီအဆင့် အကြားအာရုံ ပြောင်းလဲခြင်း ဆိုတာ ဘာလဲ?
ယာယီအဆင့် အကြားအာရုံ ပြောင်းလဲခြင်း (Temporary Threshold Shift – TTS) ဆိုတာ ဆူညံသံအကျယ်ကြီးများနှင့် ရုတ်တရက် ထိတွေ့မိခြင်းကြောင့် ခေတ္တခဏ အကြားအာရုံ လျော့နည်းသွားခြင်းနှင့် နားထဲတွင် အသံမြည်ခြင်းကို ခေါ်ဆိုပါသည်။ ဥပမာ Rock Concert တွေလို ဆူညံတဲ့ ဖျော် ဖြေ ပွဲနေရာတွေကနေ ပြန်လာရင် ကိုယ့်အသံကိုတောင် မကြားရတော့တာမျိုးကြောင့် စကားသံတွေကို မြှင့်ပြောလေ့ရှိပါတယ်။ ဒါက ဆူညံတဲ့ အသံတွေကို ကြားပြီးတဲ့အချိန်မှာ နားကတုံ့ပြန်တဲ့ ယာယီ စနစ်ပါ။
ကျွန်တော် တို့ နားကြပ်တပ်ပြီး သီချင်းနားထောင်တဲ့အချိန်မှာလည်း ပုံမှန်အသံအကျယ်လောက်နဲ့ နားထောင်တာက ပြဿနာမရှိပေမဲ့ အသံပြင်းအား 70dB အထက် ဆိုရင် နားကို စပြီးထိခိုက်စေနိုင်ပါတယ်။ တစ်ခါတစ်လေလောက်နားထောင်မိတာက ဘာမှမဖြစ်စေနိုင်သော်လည်း အမြဲလိုလို နားထောင်နေပါက အချိန်တစ်ခုကြာလာရင် အတွင်းနားကို ထိခိုက်စေပါတယ်။ အတွင်းနားမှာရှိတဲ့ အသံကိုလက်ခံတဲ့ အာရုံကြောတွေက ပျက်စီးလာပြီး (Temporary Threshold Shift Hearing) လို့ခေါ် တဲ့ ယာယီအဆင့် အကြားအာရုံ ပြောင်းခြင်း ကို ဖြစ်ပေါ် စေပါတယ်။ ယာယီအဆင့် အကြားအာရုံ ပြောင်းခြင်း ဟာ အတွင်းနားထဲရှိ သေးငယ်သော အမွေးဆဲလ်လေးများ (hair cells) ပင်ပန်းသွားခြင်း သို့မဟုတ် လှုံ့ဆော်မှု လွန်ကဲသွားခြင်းကြောင့် ဖြစ်ပွားတတ်ပြီး များသောအားဖြင့် နာရီပိုင်း သို့မဟုတ် ရက်ပိုင်းအတွင်း နဂိုအတိုင်း ပြန်ကောင်းလာလေ့ရှိပါတယ် ။
ယာယီအဆင့် အကြားအာရုံ ပြောင်းခြင်းရဲ့ လက္ခဏာများ
သင်ဟာ ဆူညံသံ အကျယ်ကြီးများနဲ့ ထိတွေ့ပြီး (Temporary Threshold Shift Hearing) လို့ခေါ် တဲ့ ယာယီအဆင့် အကြားအာရုံ ပြောင်းခြင်း ကို ခံစားနေရပြီဆိုရင် အောက်ပါ လက္ခဏာ များကို ခံစားရနိုင်ပါတယ်-
- အသံများ အူပိတ်ပြီး ကြားရခြင်း (Muffled Hearing): အသံများနှင့် စကားပြောသံများက တိုးတိုးလေးဖြစ်သွားခြင်း၊ ဝေးလံသောနေရာမှ ကြားရသလို ဖြစ်ခြင်း သို့မဟုတ် သဲသဲကွဲကွဲ မကြားရခြင်း။
- နားအူခြင်း (Tinnitus): နားတစ်ဖက် သို့မဟုတ် နှစ်ဖက်လုံးတွင် လေချွန်သံ၊ စီစီညံညံသံ သို့မဟုတ် တဝီဝီမြည်သံများ ကြားနေရခြင်း။
- နားပိတ်သလို ခံစားရခြင်း (Aural Fullness): နားထဲတွင် တစ်ခုခုပိတ်နေသလို၊ တင်းကျပ်နေသလို သို့မဟုတ် လေဟာနယ်ဖြစ်ပြီး လေဖိအား ခံစားနေရခြင်း။
- အသံတိုးတိုးလေးများကို မကြားရခြင်း (Reduced Sound Sensitivity): လေသံတိုးတိုးပြောခြင်း သို့မဟုတ် စူးရှသော အသံအမြင့်ပိုင်း (high-pitched sounds) များကို ကောင်းကောင်း မကြားရတော့ခြင်း။
- စကားလုံး ခွဲခြားရန် ခက်ခဲခြင်း (Speech Discrimination Issues): ပတ်ဝန်းကျင်တွင် နောက်ခံဆူညံသံများ ရှိနေပါက တစ်ဖက်လူ ပြောသည့် စကားလုံးများကို သဲသဲကွဲကွဲ နားမလည်တော့ခြင်း။
- နားထဲမှ နေရထိုင်ရ ခက်ခဲခြင်း (Physical Discomfort): အတွင်းနားရှိ အာရုံကြောများ အလွန်အမင်း လှုံ့ဆော်ခံရမှုကြောင့် နားထဲမှ အနည်းငယ် ကိုက်ခဲခြင်း သို့မဟုတ် နာကျင်ခြင်း။
ဖြစ်လာနိုင်မည့် နောက်ဆက်တွဲ ဆိုးကျိုးများ
TTS ( ယာယီအဆင့် အကြားအာရုံ ပြောင်းခြင်း )ခေတ္တခဏသာ ဖြစ်တတ်သော်လည်း ဆူညံသံများနှင့် အကြိမ်ကြိမ် ဆက်လက် ထိတွေ့နေပါက အောက်ပါ ဆိုးကျိုးများ ဖြစ်လာနိုင်တယ် –
- အမြဲတမ်း နားမကြားတော့ခြင်း (Permanent Threshold Shift): အတွင်းနားရှိ အမွေးဆဲလ်လေးများ အနားမရဘဲ ထပ်ခါထပ်ခါ ပျက်စီးရာမှ ဆဲလ်များ လုံးဝသေဆုံးသွားပြီး အမြဲတမ်း နားမကြားနိုင်တော့သည့် အခြေအနေသို့ ရောက်ရှိသွားခြင်း။
- နာတာရှည် နားအူခြင်း (Chronic Tinnitus): နားထဲတွင် လေချွန်သံ၊ စီစီညံညံ အသံများ အမြဲတမ်း မြည်နေပြီး လုံးဝပြန်မပျောက်တော့ခြင်း။
- စကားလုံး ခွဲခြားရန် ခက်ခဲခြင်း (Altered Speech Discrimination): ပတ်ဝန်းကျင်တွင် အနည်းငယ် ဆူညံနေရုံမျှဖြင့် တစ်ဖက်လူ ပြောသည့် စကားလုံးများကို သဲသဲကွဲကွဲ မကြားရတော့ခြင်း။
- အာရုံစူးစိုက်မှုနှင့် ဦးနှောက်စွမ်းဆောင်ရည် ကျဆင်းခြင်း: အကြားအာရုံ ချို့ယွင်းမှုကြောင့် တုံ့ပြန်မှု နှေးကွေးခြင်းနှင့် အာရုံစူးစိုက်မှုအပိုင်းတွင် အားနည်းလာခြင်း။
ဒီလို နောက်ဆက်တွဲ ဆိုးကျိုးတွေ ဖြစ်မလာအောင် ဘယ်လိုကာကွယ်ရမလဲ?
ယာယီအဆင့် အကြားအာရုံ ပြောင်းခြင်း မှတဆင့် အကြားအာရုံ အမြဲတမ်း ပျက်စီးမသွားစေရန် အောက်ပါ နည်းလမ်းများဖြင့် ကြိုတင်ကာကွယ်နိုင်တယ် –
- နားအကာအကွယ်ပစ္စည်း သုံးပါ: ဆူညံသံကျယ်သော လုပ်ငန်းခွင်များ သို့မဟုတ် ပွဲလမ်းသဘင်များသို့ သွားသည့်အခါ နားကြပ် (Earplugs သို့မဟုတ် Earmuffs) ကို မဖြစ်မနေ တပ်ဆင်ပါ။
- အသံပမာဏကို လျှော့ချပါ: ဖုန်း သို့မဟုတ် နားကြပ်ဖြင့် သီချင်းနားထောင်သည့်အခါ အသံပမာဏ (Volume) ကို ၆၀ ရာခိုင်နှုန်း ထက် ပိုမမြှင့်ပါနှင့်။
- ဆူညံသံနှင့် ဝေးဝေးနေပါ: ဖျော်ဖြေပွဲများ သွားပါက စပီကာကြီးများ၏ အနီးတွင် ရပ်ခြင်းမှ ရှောင်ကြဉ်ပါ။
- နားကို အနားပေးပါ: ဆူညံသော နေရာတွင် ရှိနေပါက မိနစ်အနည်းငယ်ကြာတိုင်း တိတ်ဆိတ်သော နေရာသို့ ထွက်၍ နားကို ခေတ္တအနားပေးပါ။
- နားစစ်ဆေးမှု ခံယူပါ: ဆူညံသံများနှင့် မကြာခဏ ထိတွေ့ရသူဖြစ်ပါက အကြားအာရုံကို ပုံမှန် စစ်ဆေးမှု (Hearing Test) ပြုလုပ်သင့်တယ်။
စိတ်အပန်းဖြေဖို့ နားကျပ်နဲ့ သီချင်းနားထောင်တာက တစ်ခါတစ်လေဆိုပြဿနာမရှိပေမဲ့ တစ်ရက်တည်းမှာ နာရီပေါင်းများစွာ ဖြစ်လာရင်တော့ တစ်ရက်ကို နည်းနည်းချင်းစီထိခိုက်မှုတွေစုလာပြီး အချိန်တစ်ခုရောက်လာရင်တော့ ဆူညံသံကြောင့်နားလေးခြင်း (Noise Induced Hearing Loss) ကို ဖြစ်စေမှာဖြစ်ပါတယ်။
