အပူဒဏ်ကြောင့်ဖြစ်နိုင်သော အန္တရာယ်များ

အပူဒဏ်ကြောင့် ဖြစ်နိုင်သော အန္တရာယ်များ

ရာသီဥတုပူပြင်းလာတဲ့အခါ ပုံမှန်အားဖြင့် ကိုယ်ခန္ဓာက ချွေးထွက်အောင်လုပ်ပြီး အပူချိန်ကို လျှော့ချဖို့ ကြိုးစားပါတယ်။ သို့ပေမယ့် အရမ်းပူလာတဲ့အခါမှာတော့ အပူချိန်ကိုထိန်းဖို့ ခက်ခဲလာပါတယ်။ အထူးသဖြင့် အသက်အရွယ်အားဖြင့် ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိနိုင်စွမ်းနည်းပါးတဲ့ ကလေးငယ်တွေ၊ အသက်ကြီးသူတွေနှင့် နေပူထဲမှာ အလုပ်လုပ်ရသူများ၊ လေ့ကျင့်ခန်း အလွန်အကျွံ လုပ်လေ့ရှိသူတွေမှာလည်း အဖြစ်များပါတယ်။

ရာသီဥတုအပူလွန်ကဲလာတဲ့အခါ အဖြစ်များကြတဲ့ ပြဿနာတွေကတော့

  • Heat Cramps (အပူဒဏ်ကြောင့် ကြွက်သားများနာခြင်း)
  • Heat Exhaustion (အပူဒဏ်ကြောင့် မောပန်းနွမ်းနယ်ခြင်း)
  • Heat Stroke (အပူဒဏ်လွန်ကဲ၍ သတိလစ်ခြင်း)

Heat Cramps (အပူဒဏ်ကြောင့် ကြွက်သားများနာခြင်း)

အပူဒဏ်ကြောင့် ချွေးထွက်များပြီး ရေနဲ့ သတ္တုဓာတ်တွေ စတင်နည်းပါးလာတာကြောင့် Heat Cramp ဖြစ်ရခြင်းပဲ ဖြစ်ပါတယ်။
ကိုယ်အပူချိန်တွေတက်လာပြီး ကြွက်သားနာတာ၊ ကြွက်တက်တာမျိုးတွေ ဖြစ်လာမှာပါ။ များသောအားဖြင့် ခြေထောက်နဲ့ ဝမ်းဗိုက်ကြွက်သားတွေမှာ ဖြစ်တတ်ပါတယ်။ အလွယ်ကူဆုံးဖြေရှင်းနည်းကတော့ အရိပ်ရတဲ့နေရာမှာ ခဏနားနေပြီး ဓာတ်ဆားရည် ဖျော်သောက်လိုက်တာပဲ ဖြစ်ပါတယ်။

Heat Exhaustion (အပူဒဏ်ကြောင့် မောပန်းနွမ်းနယ်ခြင်း)

နေပူကြီးထဲမှာ အချိန်ကြာမြင့်စွာ အလုပ်လုပ်ခြင်း သို့မဟုတ် သွားလာခြင်းတို့ကြောင့် ချွေးထွက်လွန်ပြီး ရေဓာတ်နှင့် ဆားဓာတ်ခမ်းခြောက်ကာ Heat Exhaustion ဖြစ်ပွားတတ်ပါတယ်။ ခန္ဓာကိုယ်တွင်း ဇီဝကမ္မဖြစ်စဉ်များ ဖောက်ပြန်ပြောင်းလဲလာပါက ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း၊ ပျို့အန်ခြင်း၊ အသက်ရှူမြန်ခြင်းနှင့် စိတ်ရှုပ်ထွေးခြင်း စသည့် လက္ခဏာများ ခံစားရနိုင်ပါတယ်။
ရှေးဦးသူနာပြုစုနည်းအနေနဲ့ လူနာကို အရိပ်ရပြီးအေးတဲ့နေရာမှာတာမျိုး၊ ခန္တာကိုယ်‌အေးနေစေရန် အဝတ်ထူများချွတ်ခြင်း၊ ရေပတ်တိုက်ခြင်း၊ ဓာတ်ဆား‌ဖျော်သောက်စေခြင်းဖြင့် ဆုံးရှုံးသွားသော ရေနှင့် ဆားဓာတ်များ ပြန်လည် ဖြည့်တင်းပေးရမှပဲ ဖြစ်ပါတယ်။ လိုအပ်ပါက ဆေးရုံဆေးခန်းကိုခေါ်သွားရမှာဖြစ်ပါတယ်။

Heat Stroke (အပူဒဏ်လွန်ကဲ၍ သတိလစ်ခြင်း)

သူက အသက်အန္တရာယ်အများဆုံးနဲ့ အရေးပေါ်ဌာနကို အသွားသင့်ဆုံးအခြေအနေဖြစ်ပါတယ်။
Heat stroke ဖြစ်ပြီဆို ခန္ဓာကိုယ်အပူချိန်ဟာ အနည်းဆုံး 104°F /40°C အထိရောက်ရှိနေမှာဖြစ်ပါတယ်။ ရေဓာတ် အလွန်အမင်း ဆုံးရှုံးသွားတဲ့အခါ ချွေးမထွက်တော့ပဲ နီမြန်းပြီးခြောက်သွေ့နေမှာပါ။ အသားကို ကိုင်ကြည့်လိုက်လျှင်လည်း အရမ်းပူနေပြီး အသက်ရှူမြန်မယ်၊ မောလာမယ် ပြီးတော့ သတိလစ်တာမျိုးအထိ ဖြစ်နိုင်ပါတယ်။
ဒီအချိန်မှာတော့ ခန္ဓာကိုယ် ကို မြန်မြန်အေးအောင်လုပ်နိုင်ဖို့ အရေးကြီးဆုံးဖြစ်ပါတယ်။ မလုပ်နိုင်ဘူးဆိုပါက အချိန်ကြာလာတာနဲ့အမျှ ဦးနှောက်နှင့် တခြားအရေးကြီးတဲ့ ကိုယ်တွင်းအင်္ဂါတွေ ထိခိုက်ပြီး အသက်ဆုံးရှူံးနိုင်တဲ့အထိ ဖြစ်နိုင်ပါတယ်။

ခန္ဓာကိုယ်အပူချိန်ကိုဘယ်လိုလျှော့ချမလဲ

ခန္ဓာကိုယ်ကို မြန်မြန်အေးအောင်လုပ်နိုင်ဖို့

  • နေရာရွှေ့ပါ – လူနာကို နေပူထဲမှ အရိပ်ရ၍ လေဝင်လေထွက်ကောင်းပြီး အေးမြသောနေရာသို့ ချက်ချင်းရွှေ့ပေးပါ။
  • အဝတ်အစားလျှော့ပါ – ကိုယ်ခန္ဓာ အပူချိန်ကျဆင်းစေရန် ထူထဲသော သို့မဟုတ် တင်းကျပ်နေသော အဝတ်အစားများကို ချွတ်ပစ်ပါ သို့မဟုတ် ဖြေလျှော့ပေးပါ။ 
  • ခြေထောက်မြှင့်ပေးပါ – ဦးနှောက်သို့ သွေးလှည့်ပတ်မှု ကောင်းမွန်စေရန် လူနာကို လှဲသိပ်ပြီး ခြေထောက်နှစ်ဖက်ကို အပေါ်သို့ အနည်းငယ် မြှင့်တင်ပေးထားပါ။
  • ခန္ဓာကိုယ်အေးအောင်လုပ်ပါ – ရေပတ်တိုက်ပေးခြင်း သို့မဟုတ် လည်ပင်း၊ ချိုင်းကြားနှင့် ပေါင်ကြားတို့တွင် ရေခဲဝတ် ကပ်ပေးခြင်းဖြင့် အပူချိန်ကို အမြန်ချပေးပါ။ 
  • ရေဓာတ်ဖြည့်ပါ – လူနာ သတိရှိနေပါက ဆုံးရှုံးသွားသော ရေနှင့် ဆားဓာတ်များ ပြန်လည်ပြည့်ဝလာစေရန် ဓာတ်ဆားရည် သို့မဟုတ် ရေအေးကို တိုက်ကျွေးပါ။ အရည်ရွှမ်းတဲ့ အသီးအနှံတွေလည်း စားပေးသင့်ပါတယ်။

ဘယ်လိုကာကွယ်ရမလဲ???

ဘယ်လိုကာကွယ်သင့်လဲဆိုတော့

  • တတ်နိုင်သမျှ နေပူထဲကို မထွက်ပဲ နေရိပ်ထဲမှာပဲ နေပါ။
  • မဖြစ်မနေ ထွက်ရမယ်ဆိုရင် ပေါ့ပေါ့ပါးပါး အရောင်ဖျော့ဖျော့ အဝတ်အစား၊ လက်ရှည်အင်္ကျီ၊ ထီး၊ ဦးထုပ် စသဖြင့် ဝတ်ဆင်၍ sunscreen လိမ်းပြီးမှ အပြင်ထွက်ပါ။
  • အနက်ရောင်လိုမျိုး အပူစုပ်ယူမှု အားကောင်းတဲ့ အရောင်ရင့်ရင့်တွေ မဝတ်သင့်ပါဘူး။
  • ရေများများသောက်ပါ၊ ဓာတ်ဆားရည် ဆောင်ထားပါ။
  • Dehydration ( ရေဓာတ်ခမ်းခြောက်ခြင်း ) ပိုဆိုးစေတဲ့ alcohol၊ နဲ့ coffee သောက်သုံးခြင်းများ ရှောင်ကြဉ်ပါ။