Epworth Sleepiness Scale (ESS)

😴 ညဘက်မှာ အိပ်ရေးဝဝ အိပ်စက်ခဲ့တယ်လို့ ထင်ရပေမယ့် နေ့လည်ဘက် အလုပ်လုပ်ချိန်၊ စာဖတ်ချိန် ဒါမှမဟုတ် ကားမောင်းနေရင်းနဲ့ပါ ခဏခဏ အိပ်ငိုက်နေတတ် ပါသလား? သာမန် ပင်ပန်းနွမ်းနယ်တာကြောင့် အိပ်ငိုက်တာမျိုး ရှိနိုင်သလို ၊ ဒါဟာ ခန္ဓာကိုယ်ကပေးတဲ့ ကျန်းမာရေး သတိပေးလက္ခဏာ တစ်ခုလည်း ဖြစ်နေနိုင်ပါတယ်။

ဒီတော့ ကမ္ဘာတစ်ဝှမ်းက အိပ်စက်ခြင်းဆိုင်ရာ အထူးကုဆရာဝန်ကြီးတွေ အဓိက အသုံးပြုလေ့ရှိတဲ့ Epworth Sleepiness Scale (ESS) ဆိုတဲ့ မေးခွန်း (၈) ခုကို ဖြေဆိုပြီး နေ့ခင်းဘက် အိပ်ငိုက်မှုအဆင့်က ပုံမှန် ဟုတ်၊ မဟုတ် တွက်ကြည့် လိုက်ရအောင်။

ESS အမှတ်ပေးစနစ်

ESS တွက်ချက်ရာမှာ မေးခွန်း ၈ ခု ကိုဖြေဆိုရမှာဖြစ်ပြီး မေးခွန်းတစ်ခုစီအတွက် 0 ကနေစပြီး 3 အထိ အမှတ်ပေးရမှာ ဖြစ်ပါတယ်။

0 = လုံးဝအိပ်မငိုက်ပါ။
1 = အနည်းငယ်မျှသာ အိပ်ငိုက်သည်။
2 = အသင့်အတင့် အိပ်ငိုက်သည်။
3 = အလွန်အိပ်ငိုက်သည်။

ESS တွက်ချက်ခြင်း

ဒီလို 0-3 အဆင့်သတ်မှတ်ချက်နဲ့အညီ အောက်ပါမေးခွန်းတွေကို အမှန်ကန်ဆုံး ဖြေဆိုပေးရမှာဖြစ်ပါတယ်။

စဉ် နေ့စဉ်ကြုံတွေ့ ရတတ်သော အခြေအနေများမိမိ ရမှတ် ( ၀ မှ ၃ အထိ ရွေးရန် )
ထိုင်နေစဉ်နှင့် စာအုပ်/သတင်းစာ ဖတ်နေစဉ်
တီဗီ ( TV ) ထိုင်ကြည့်နေစဉ်
အစည်းအဝေး၊ ရုပ်ရှင်ရုံ စသည်ဖြင့် လူများသော နေရာများတွင် ငြိမ်သက်စွာ ထိုင်နေစဉ်
ကားပေါ်တွင် နားနားနေနေ မဟုတ်ဘဲ ၁နာရီခန့် ခရီးသည်အဖြစ် ဆက်တိုက် လိုက်ပါလာစဉ်
နေ့လည်ဘက် အိပ်ရာ သို့ ဆိုဖာပေါ်တွင် လဲလျောင်းအနားယူစဉ်
တစ်စုံတစ်ဦးနှင့် မျက်နှာချင်းဆိုင် ထိုင်၍ စကားပြောနေစဉ်
နေ့လည်စာစားပြီးချိန် ( အရက်၊ဘီယာသောက်သုံးထားခြင်းမရှိဘဲ) ငြိမ်ငြိမ်‌လေး ထိုင်နေစဉ်
မီးပွိုင့်မိ၍ ကား သို့ ဆိုင်ကယ် ခဏရပ်နေစဉ်

စုစုပေါင်းရမှတ် = ???

ရလဒ်များ

ရမှတ်အခြေအနေ
၀-၅နေ့ခင်းဘက် အိပ်ငိုက်မှု ပုံမှန်အဆင့်အတွင်း လျော့နည်းခြင်း ( ကျန်းမာသော အခြေအနေ )
၆-၁၀နေ့ခင်းဘက် အိပ်ငိုက်မှု ပုံမှန်အဆင့်အတွင်း မြင့်မားခြင်း ( စိုးရိမ်ရန် မလိုသော အဆင့် )
၁၁-၁၂နေ့ခင်းဘက် သာမန်ထက် အနည်းငယ် ပို၍ အိပ်ငိုက်ခြင်း ( စတင်သတိပြုရမည့် အဆင့် )
၁၃-၁၅နေ့ခင်းဘက် သာမန်ထက် အသင့်အတင့် ပို၍ အိပ်ငိုက်ခြင်း ( ပုံမှန် မဟုတ်သော အဆင့် )
၁၆-၂၄နေ့ခင်းဘက် ပြင်းထန်စွာ အိပ်ငိုက်ခြင်း ( စိုးရိမ်ရပြီး မဖြစ်မနေ ဆရာဝန်နှင့် ပြသရမည့် အဆင့် )

စုစုပေါင်း ရမှတ် 10 အထက်ရှိပါက ဆရာဝန်ပြပြီး အမြဲအိပ်ငိုက် အိပ်ချင်နေတဲ့ အကြောင်းရင်း ကို ရှာဖွေ ကုသမှု ခံယူသင့်ပါတယ်

ESS ရမှတ် နှင့် OSA

အမြဲ အိပ်ငိုက် အိပ်ချင်နေတိုင်း OSA ‌ဖြစ်နေပြီလို့တော့ ပြောလို့မရပါဘူး။ အခြားသော အကြောင်းအရာတွေလည်း ဖြစ်နိုင်ပါသေးတယ်။ ESS ရမှတ် (၁၀) ကျော်ရင် ဆရာဝန်ပြသပြီး OSA ဆိုတာ သေချာအောင် Sleep Study Test နဲ့ စစ်ဖို့လိုအပ်ပါတယ်။ Sleep Study Test လုပ်ပြီး ရလာတဲ့ Apnea-Hypopnea Index (AHI) အဖြေ ပမာဏ အပေါ် မူတည်ပြီး အိပ်‌ဟောက်ရှူပိတ် ‌‌ရောဂါရှိမရှိ နဲ့ ရောဂါ အဆင့်ကို သတ်မှတ်လို့ ရပါတယ်။ OSA ဆိုတာ သေချာပြီဆိုရင်တော့

  • အဝလွန်နေသူတွေအတွက်က ဝိတ်ချရပါမယ်။
  • အရက် ဆေးလိပ်ရှောင်ရပါမယ်။
  • ခွဲစိတ်ရန်လိုအပ်ပါက ခွဲစိတ်ကုသမှု ခံယူရပါမယ်။
  • နေ့စဥ်အသက်ရှူစက် (CPAP) တပ်၍ အိပ်ရပါမယ်။