ကလေးငယ်များနှင့် အကြားအာရုံချို့ယွင်းခြင်း

✔️ကလေးတွေမှာ နားမကြားခြင်းက ဘယ်လောက်အဖြစ်များသလဲ?

ကမ္ဘာပေါ်မှာ ၃၂ မီလီယံသော ကလေးငယ်များက နားမကြားခြင်းကို ခံစားနေရပါတယ်။ ဒီအရေအတွက်ဟာ ကလေး ၁၀၀၀မှာ ၅ယောက် ပမာဏဖြစ်ပြီး ၆၀ ရာခိုင်နှုန်းသော အရေအတွက်ဟာ ကာကွယ်လို့ရရဲ့သားနဲ့ မကာကွယ်လိုက်မိတဲ့ အတွက်ကြောင့် အကြားအာရုံဆုံးရှုံးသွားတာ ဖြစ်ပါတယ်။

ကလေးဘဝ နားမကြားခြင်းကို မွေးပြီး ၂၄-၄၈ နာရီအတွင် စစ်ဆေးရတဲ့ Newborn Hearing Screening ကနေ သိရတာများပါတယ်။ (Newborn Hearing Screening အကြောင်းအသေးစိတ်ကို ဒီမှာ ဖတ်ပါ။) ဒါပေမဲ့ ဒီ Test ဟာ Screening သီးသန့်မို့လို့ အဖြေက Pass (အကြားအာရုံကောင်းပါတယ်) ဆိုပြီးထွက်ရင်တောင်မှ အသက်ကြီးလာတဲ့အခါ အကြားအာရုံချို့ယွင်းတာမျိုး ဖြစ်နိုင်ပါသေးတယ်။ အသက် ၁၂ မှ ၃၅ အတွင်း နားမကြားခြင်းမှာ ၁.၁ ဘီလီယံသော ကလေးတွေဟာ နားကြပ်နှင့် ပါတီကဲ့သို့ ဆူညံသံများသော ပတ်ဝန်းကျင်နှင့် ဖျော်ဖြေရေးတွေ ကြောင့် အကြားအာရုံ ထိခိုက်တာဖြစ်ပြီး အဲ့ထဲမှာမှ ၁၂.၅ ရာခိုင်နှုန်းကတော့ Permanent Hearing Loss ရသွားတတ်ကြပါတယ်။

✔️ကလေးတွေမှာ အကြားအာရုံနဲ့ ခန္ဓာကိုယ်ဖွံ့ဖြိုးမှုက ဘယ်လောက်ချိတ်ဆက်နေလဲ?

သုတေသနစာတမ်းတွေအရ အကြားအာရုံဟာ ကလေးတစ်ယောက်ရဲ့  စကားပြောဆိုနိုင်မှု စွမ်းရည်၊ ဘာသာစကားနားလည်နိုင်မှု၊ လူတွေနဲ့ ပြောဆိုဆက်ဆံနိုင်မှု အရည်အသွေးနဲ့ သင်ကြားရေး တွေမှာ အရေးပါတယ်ဆိုတာ သိရှိပြီးဖြစ်ပါတယ်။ ဒါကြောင့် အကြားအာရုံဆုံးရှုံးသွားတဲ့ ကလေးတွေဟာ စာသင်ကြားရာမှာ မလိုက်နိုင်ခြင်း၊ မိသားစု၊ သူငယ်ချင်းတွေနဲ့ ပြေဆိုချိတ်ဆက်ရာမှာ အားနည်းခြင်း စတဲ့ ပြဿနာတွေကြုံလာရနိုင်ပြီး မိမိကိုယ်ကို ယုံကြည်မှု အားနည်းလာတဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာတွေပါ ခံစားလာရနိုင်ပါတယ်။

✨ဒါကြောင့် ငယ်ရွယ်စဉ်မှာ အကြားအာရုံ ချို့ယွင်းတာကို စောစောသိရင် စောစောကုသနိုင်မှာ ဖြစ်တဲ့အတွက် Newborn Hearing Screening ကိုမဖြစ်မနေ လုပ်ကြဖို့ အရေးကြီးပါတယ်။ ဒါမှသာ ကလေးက ပတ်ဝန်းကျင်နဲ့ ချိတ်တက်ပြောဆိုမှုမှာ နောက်ကျမနေဘဲ သူတို့နဲ့ရွယ်တူ သူငယ်ချင်းတွေနဲ့ တန်းတူ ဖွံ့ဖြိုးရေးဆိုင်ရာမှာ ကောင်းမွန်စွာ တိုးတက်နိုင်မှာ ဖြစ်ပါတယ်။✨

✔️တကယ်လို့ကလေးတစ်ယောက်က အကြားအာရုံချို့ယွင်းမှုရှိခဲ့ရင် ဘာတွေလုပ်ပေးနိုင်မလဲ?

ကလေးတစ်ယောက်ရဲ့ အကြားအာရုံချို့ယွင်းမှုနဲ့ ပတ်သတ်ပြီး စောစီးစွာသိရှိခြင်းနဲ့ ချက်ချင်းကုသမှုခံယူခြင်းဟာ ကလေးတစ်ယောက် ကောင်းမွန်စွာ ကြီးပြင်းနိုင်မှုနဲ့ ကောင်းမွန်တဲ့အနာဂတ်အတွက် အလွန်အရေးပါပါတယ်။ ဒါကြောင့် အုပ်ထိန်းသူများဟာ မိမိကလေးအကြားအာရုံနဲ့ ပတ်သတ်ပြီး ကျန်းမာရေးဗဟုသုတရှိဖို့နဲ့ တကယ်လို့ အကြားအာရုံချို့ယွင်းမှု ရှိခဲ့ရင် ဘာတွေလုပ်နိုင်မလဲ သိရှိထားဖို့ အလွန်အရေးကြီးပါတယ်။ ကုသမှုနဲ့ပတ်သတ်ပြီးဘာတွေလုပ်နိုင်မလဲ အောက်မှာ ဆက်လက်ဖတ်ရှုကြည့်ပါနော်။

▪️နားကြားကိရိယာတပ်ဆင်ခြင်း(Hearing Aid) – နားကြားကိရိယာတွေဟာ မူလအကြားအာရုံနဲ့ အနီးစပ်ဆုံး ရနိုင်မယ့် ကုသမှုတစ်ခုပါ။ အမြဲတပ်ဆင်ထားရန် လိုအပ်ပြီး အသံတွေကို ချဲ့ပေးမဲ့ Electronic Device တစ်ခုပါ။

▪️နားကြားစက်တပ်ဆင်ခြင်း (Cochlear Implant) – CI တွေဟာ အတွင်နား (Inner Ear) မှာ ခွဲစိတ်ပြီး တပ်ဆင်ထားရတဲ့ စက်ပစ္စည်းတွေဖြစ်ပြီး အကြားအာရုံနဲ့ပတ်သတ်တဲ့ Nerve (Auditory Nerve) တွေကို Electrical Stimulation နဲ့ တိုက်ရိုက်လှုံ့ဆော်ပေးတဲ့ စက်တစ်မျိုးပါ။

cochlear implant on the boy’s head. hearing aid.MED-EL. copy space

▪️Speech Therapy – ဘာသာစကားတိုးတက်မှုနဲ့ Communication ကို တိုးတက်လာအောင် ပုံစံဆွဲထားတဲ့ ကုသမှုTherapy တစ်မျိုးပါ။

Speech therapist teaching letter pronunciation to a young boy in a classroom
  • Assistive Hearing Devices – နားကြားကိရိယာနဲ့ CI ဆီကို အသံတွေ တိုက်ရိုက်ပို့ဆောင်ပေးတဲ့ ကိရိယာတစ်မျိုးပါ။

✔️မိမိကလေးကို ပိုမိုကောင်းမွန်တဲ့ ပတ်ဝန်းကျင်တစ်ခု ဘယ်လိုဖန်တီးပေးနိုင်မလဲ?

  • မိမိကလေးနဲ့ အမြဲစကားပြောပေးခြင်း နဲ့ တိုးတက်မှုကို အမြဲ စောင့်ကြည့်ပေးခြင်းက အကောင်းဆုံးသော ဂရုစိုက်ခြင်းပါ။ စာအုပ်တွေ တူတူဖတ်ပေးခြင်းနဲ့ စကားပြောဖို့အချိန်ပေးခြင်းကို ဂရုစိုက်ပြီး လုပ်ဆောင်ပေးသင့်ပါတယ်။ စကားပြောတဲ့အခါမှာလည်း ခြောက်ပေထက် မဝေးတဲ့ အကွာအဝေးကနေသာ ပြောပေးရပါမယ်။
  • နားကြားကိရိယာ တပ်ဆင်ရတဲ့ ကလေးဆိုရင်လည်း နားကြားကိရိယာကို အမြဲ တပ်ဆင်ဖြစ်အောင် အားပေးရပါမယ်။ ကလေးတွေ ဖြစ်တဲ့အလျောက် နားကြားကိရိယာကို တပ်ချင်မှာ မဟုတ်တဲ့အတွက် တစ်ရက်နည်းနည်းစီ တပ်ပေးပြီး အမြဲတပ်ဖြစ်လာအောင် အားပေးရပါမယ်။
  • နားကြပ်အတွက် ဓာတ်ခဲအပိုတွေဆောင်ထားရပါမယ်။ ကလေးတွေဖြစ်တဲ့အတွက် ဆော့ကစားတဲ့အခါ ပြုတ်ကျနိုင်လို့ ကြိုးနဲ့တပ်ပေးဖို့လိုရင် ကြိုးနဲ့တပ်ပေးရပါမယ်။
  • အလွန်ဆူညံတဲ့ပတ်ဝန်းကျင်တွေက နားကြားကိရိယာတပ်ဆင်ရတဲ့ကလေးတွေအတွက် အာရုံစူးစိုက်ရခက်ခဲပြီး စိ်တ်ရှုပ်နိုင်တဲ့အတွက် အတတ်နိုင်ဆုံးမိမိကလေးကို အဲ့လိုနေရာတွေမသွားဖို့ သတိပြုပေးရပါမယ်။