
Autism Spectrum Disorder (ASD)
ASD ဆိုတာ အော်တစ်ဇင် (Autism) ရဲ့ ဆေးပညာရပ်ဆိုင်ရာ အခေါ် အဝေါ် ပါ။
အော်တစ်ဇင် (Autism) ဆိုတာ ရောဂါမဟုတ်ပါ။
အော်တစ်ဇင်လက္ခဏာရှိသူ (Autistic) တွေဟာ ရောဂါသည်တွေ မဟုတ်ပါဘူး။ သူတို့ရဲ့ ဦးနှောက်ဖွံ့ ဖြိုးပုံက အခြားကလေးတွေနဲ့ မတူတာကြောင့် တွေးခေါ် ပုံ တုန့်ပြန်ပုံ ထူးခြားနေတဲ့ အခြေအနေတစ်ခုသာ ဖြစ်ပါတယ်။
အော်တစ်ဇင်လက္ခဏာတွေ ဘယ်အချိန်မှာ စတင်ပေါ် လာတတ်လဲ?
ကလေးငယ်ဘဝ အစောပိုင်းမှာ လက္ခဏာတွေ ပေါ်တတ်တယ်။ တစ်ချို့ဆို မွေးပြီးပြီးချင်း သိသာပေမဲ့ တစ်ချို့ကျ အသက် ၁နှစ်ခွဲ – ၃နှစ်မှ ပေါ် လာတာမျိုးလည်း ရှိပါတယ်။ အချို့ကလေးတွေဆို အသက် ၁ နှစ်ခွဲ မတိုင်ခင်လောက်ထိ ပတ်ဝန်းကျင်က လူတွေနဲ့ ဆက်သွယ်ပြောဆိုနိုင်ပြီးမှ ရုတ်တရက် သူတို့ဖွံ့ ဖြိုးလက်စ လူမှုဆက်ဆံရေးဆိုင်ရာ စွမ်းရည်နဲ့ ပြောဆိုဆက်သွယ်မှုပိုင်းဆိုင်ရာ စွမ်းရည် ပျောက်သွားတာမျိုး ဖြစ်တတ်ပါတယ်။ မိဘတွေက သူတို့ကလေးတွေကို တီဗီ၊ ဖုန်းတွေ ပေးကြည့်တာများသွားလို့ စကားမပြောတော့တာ အထင်မှားတတ်ကြပါတယ်။
အော်တစ်ဇင်ဘာလို့ဖြစ်တာလဲ?
သုတေသနစာတမ်းတွေအရ အော်တစ်ဇင်ဖြစ်စေတဲ့ အကြောင်းအရင်းဆိုပြီး အတိအကျ သတ်မှတ်ထားတာ မရှိသေးပါဘူး။ ဒါပေမဲ့ မျိုးရိုးရှိရင်တော့ ဖြစ်နိုင်ချေ ပိုများပါတယ်။ အချို့သူတွေ နားလည်မှု လွဲနေသလို screen time များလို့ဖြစ်တာလည်း မဟုတ်သလို မိဘသေချာမပြုစုလို့၊ ကာကွယ်ဆေးထိုးလိုက်လို့၊ ပိုးဝင်သွားလို့ အော်တစ်ဇင်ဖြစ်သွားတာလည်း မဟုတ်ပါဘူး။ အထက်မှာပြောခဲ့သလိုပဲ ဦးနှောက်ဖွံ့ ဖြိုးမှုပုံစံ ကွဲပြားတာကြောင့် ဦးနှောက်အလုပ်လုပ်ပုံစနစ် ကွာသွားခြင်းသာ ဖြစ်ပါတယ်။
If you’re autistic, you’re autistic your whole life
အော်တစ်ဇင်ရှိနေသူတွေက ရောဂါဖြစ်နေတာ မဟုတ်တာကြောင့် ဆေးနဲ့ကုသမှု ခံယူလို့မရပါဘူး။ ဘဝတစ်လျှောက်လုံးမှာ ဖွံ့ ဖြိုးမှု ကွဲလွဲတာ၊ နောက်ကျနေတာကြောင့် အခြားကလေးတွေလို ပြောဆိုဆက်သွယ် တုန့်ပြန်နိုင်မှာ မဟုတ်ပါဘူး။
အော်တစ်ဇင်ရှိတဲ့ကလေးက သူ့ပတ်ဝန်းကျင်မှာရှိတဲ့ သူမြင်တဲ့ အရာ၊ ကြားရတဲ့အရာ၊ အာရုံခံစားမှုပိုင်းဆိုင်ရာကို တုန့်ပြန်တဲ့ အပိုင်းမှာ အခက်အခဲလေးတွေ ရှိပါတယ်။ သိသာတဲ့ပြဿနာကတော့
- Social Relationship – အခြားသူတွေနဲ့ ဆက်ဆံတဲ့ စွမ်းရည်၊
- Communication – ပြောဆိုဆက်သွယ်မှုပိုင်းဆိုင်ရာ စွမ်းရည်၊
- Behavior – အပြုအမူပိုင်းဆိုင်ရာတွေမှာ သက်ရောက်မှုရှိတတ်ကြပါတယ်။
လူတွေနဲ့ ပြောဆိုဆက်ဆံရတာ၊ အခြားသူ ဘယ်လိုတွေးနေလဲ၊ ဘယ်လိုခံစားနေရလဲ ဆိုတာကို နားလည်ရန်ခက်ခဲတာ၊ မရင်းနှီးတဲ့ နေရာ သို့မဟုတ် အနေအထားမှာဆိုရင် စိတ်ပူပန်မှုတွေများလာတာ၊ စိတ်မကျေနပ်တာ၊ အလင်းရောင်နဲ့ ကျယ်လောင်တဲ့အသံတွေကို မခံစားနိုင်တာ၊ တစ်ခုခုကို နားလည်ရန် အချိန်တော်တော်ကြာကြာယူရတာ၊ တူညီတဲ့အရာတစ်ခုတည်းကို ထပ်ခါထပ်ခါလုပ်တာ၊ တွေးတာတွေကို လုပ်လေ့ရှိပါတယ်။
Autistic people can live a full life
အော်တစ်ဇင်ရှိတယ်ဆိုပြီး သူငယ်ချင်းမရနိုင်တာ၊ မိသားစုဘဝ မတည်ဆောက်နိုင်တာ၊ အလုပ်မရနိုင်တာမျိုးလို့ မဆိုလိုပါဘူး။ အခြားလူတွေကဲ့သို့ အော်တစ်ဇင်ရှိသူတွေကလည်း အားနည်းချက်ရှိသလို သူတို့ရဲ့ အားသာချက်တွေလည်း ရှိပါတယ်။ ဒါကြောင့် သူတို့အတွက် ခက်ခဲတဲ့ အရာတွေကို ဘေးပတ်ဝန်းကျင်က ကူညီဖေးမပေးမယ်ဆိုရင် သူတို့လည်းကောင်းမွန်တဲ့ ဘဝလေးတစ်ခုကို ပိုင်ဆိုင်နိုင်မှာပါ။
အော်တစ်ဇင်မှာလည်း မျိုးကွဲတွေ ရှိပါသေးတယ်။ Autism Level 1/2/3 ဆိုပြီး ပြင်းထန်မှုအခြေအနေကို လိုက်၍ ခွဲခြားထားပါတယ်။ အထက်မှာပြောခဲ့သလို အော်တစ်ဇင်ဆိုတာ ရောဂါတစ်ခုမဟုတ်သလို အသိဉာဏ်နောက်ကျတဲ့ ရောဂါမျိုးလည်း မဟုတ်ပါဘူး။ Social ပိုင်း၊ Communication ပိုင်း၊ လူမှုပတ်ဝန်းကျင်နဲ့ ဆက်သွယ်တဲ့ အပိုင်းတွေမှာ နောက်ကျတဲ့ ပုံမှန်မဟုတ်တဲ့ အခြေအနေတစ်ခုပါ။ အချို့ အော်တစ်ဇင်ရှိတဲ့သူတွေမှာ High Functioning Autism လို့ခေါ် တဲ့ သာမန်လူတွေထက်တောင် ဥာဏ်ရည်မြင့်မားတဲ့ အခြေအနေတွေ ရှိပါတယ်။
မိဘတွေအနေနဲ့ မိမိရဲ့ ကလေးက ပြောဆိုဆက်သွယ်မှုပိုင်းဆိုင်ရာ စွမ်းရည်မှာ သာမန်ကလေးထက် နောက်ကျနေပြီလို့ ထင်ရင် သက်ဆိုင်ရာ ကျွမ်းကျင်သူ, ဆရာဝန်များနဲ့ တိုင်ပင်သင့်ပါတယ်။ သာမန်အားဖြင့် ကလေးတစ်ယောက်ဟာ တစ်နှစ်၊ နှစ်နှစ်ခွဲကြားလောက်မှာ စကားတွေ စပြီး ပြောလာသင့်ပါတယ်။ ဒီအရွယ်ထိ စကားမပြော မတုန့်ပြန်ဘူးဆိုရင်ဖြစ်ဖြစ်၊ အရင်ရှိပြီးသား ပြောပြီးသားစကားတွေ ပြန်ပျောက်သွားတယ်၊ မပြောတော့ဘူး ဆိုရင်လည်း သတိထားသင့်ပါတယ်။ စောစီးစွာသိရှိပြီး လေ့ကျင့် သင်ကြားမှု မြန်မြန်ခံယူပါက သာမန်လူကဲ့သို့ ကိုယ့်ဘာသာကိုယ် ရပ်တည်နိုင်တဲ့ အခြေအနေမျိုးထိ တိုးတက်လာနိုင်ပါတယ်။
သိထားသင့်တဲ့ Autism အမျိုးအစားများအကြောင်းကို ဒီမှာအသေးစိတ်ဖတ်ရှု့နိုင်ပါတယ်။
