World COPD Day

ကမ္ဘာတစ်ဝန်းမှာ လူသန်းပေါင်းများစွာဟာ နာတာရှည် အဆုတ်လေပြွန်ကျဉ်းရောဂါ (COPD) ကို ခံစားနေကြရပေမဲ့ ရောဂါဖြစ်ပွားသူ ၇၀% လောက်ကတော့ ကိုယ့်မှာ ရောဂါရှိမှန်း မသိကြသလို တခြားရောဂါလို့ မှားယွင်းယူဆမိတာမျိုးတွေ ရှိနေပါတယ်။

ဒီနေ့မှာ‌‌တော့ နှစ်စဉ် နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ကျရောက်သည့် World COPD Day ကို ဂုဏ်ပြုကြိုဆိုရင်း ယခုနှစ်၏ ဆောင်ပုဒ်ဖြစ်သော “Early Diagnosis and Management for a Better Life”(ပိုမိုကောင်းမွန်သော ဘဝနေထိုင်မှု အတွက် စောစီးစွာ ရောဂါရှာဖွေကုသကြပါစို့) နှင့်အညီ COPD ရောဂါအကြောင်း သိရှိနားလည်မှုများ တိုးပွားလာစေရန် ကျန်းမာရေးဗဟုသုတများကို မျှဝေပေးလိုက်ပါတယ်။

COPD ဆိုသည်မှာ
အဆုတ်၏ လေပြွန်များ ပိတ်ဆို့ကျဉ်းမြောင်းခြင်းနှင့် လေအိတ်များ ပျက်စီးခြင်းကြောင့် အသက်ရှူရခက်ခဲလာသော နာတာရှည် ရောဂါတစ်မျိုးဖြစ်သည်။ ဆေးလိပ်သောက်ခြင်းသာမက လေထုညစ်ညမ်းမှု၊ ထင်းမီးခိုး၊ လုပ်ငန်းခွင် ဖုန်မှုန့်များနှင့် မျိုးရိုးဗီဇ (Alpha-1 antitrypsin deficiency) တို့ကြောင့်လည်း ဖြစ်နိုင်သည်။ ရောဂါဟာ ဖြည်းဖြည်းချင်း ပိုဆိုးလာတတ်ပြီး လူအများစုသည် အစောပိုင်းအဆင့်တွင် သတိမထားမိကြဘဲ ဖြစ်နေတတ်ပါတယ်။ COPD ဟာ ကမ္ဘာ့ တတိယမြောက် အသေအပျောက် အများဆုံး ရောဂါဖြစ်ပေမဲ့ စောစောသိရင် ကြိုတင်ကာကွယ်နိုင်သလို စနစ်တကျ ကုသထိန်းချုပ်နိုင်တဲ့ ရောဂါလည်း ဖြစ်ပါတယ်။

COPD ကို စောစောစီးစီး သိရှိကုသနိုင်ဖို့ အောက်ပါလက္ခဏာများကို ဂရုပြုရပါမယ်။

  • လမ်းလျှောက်တာ၊ ကိုယ်လက်လှုပ်ရှားမှု လုပ်တာမျိုးမှာ အသက်ရှူမဝခြင်း။
  • ရက်ရှည် ချောင်းဆိုးခြင်း။
  • ချောင်းဆိုးရင် သလိပ်ထွက်ခြင်း။
  • မောပန်းလွယ်ခြင်း။
  • အသက်ရှုတဲ့အခါ တရွှီရွှီ မြည်ခြင်း။

ဤလက္ခဏာများရှိနေပါက ပေါ့ဆ မနေဘဲ ဆရာဝန်နှင့် တိုင်ပင်ပြီး ကုသမှုခံယူသင့်ပါတယ်။

စောစီးစွာ ရောဂါရှာဖွေပြီး ကုသမှု စတင်နိုင်ပါက ရောဂါတိုးတက်မှုကို နှေးကွေးစေနိုင်ပြီး လက္ခဏာများ လျော့နည်းကာ နေ့စဉ်ဘဝ ပိုမိုကောင်းမွန်လာနိုင်ပါတယ်။ ဆေးလိပ်ဖြတ်ခြင်း၊ လေထုညစ်ညမ်းမှုကို ရှောင်ခြင်း၊ ကာကွယ်ဆေးထိုးခြင်းနှင့် မှန်ကန်သော ဆေးဝါးကုသမှုတို့ဟာလည်း အဆုတ်ကျန်းမာရေးအတွက် အရေးကြီးပါတယ်။

ကမ္ဘာ့ GOLD အဖွဲ့အစည်း ဦးဆောင်ကျင်းပသော ယ‌နေ့တွင် COPD နှင့်ပတ်သတ်ပြီး အသိပညာများ မျှဝေကြပြီး မိမိနှင့် မိသားစု၏ အဆုတ်ကျန်းမာရေးကို ဂရုစိုက်ကြပါစို့။