
အသည်းရောဂါတော်တော်များများဟာ အစောပိုင်းမှာ သိသာတဲ့လက္ခဏာ မပြတတ်ပါဘူး။
ဒါပေမယ့် အချိန်ကြာလာတာနဲ့အမျှ အသည်းမှာ အဆီစုပုံခြင်း၊ ရောင်ရမ်းခြင်း နဲ့ အမာရွတ်ဖြစ်ခြင်း (Fibrosis) တွေ ဖြစ်လာနိုင်ပါတယ်။
ဒီလို အသည်းရောဂါတွေကို စောစီးစွာ သိရှိနိုင်ဖို့ မနာမကျင်ဘဲ စစ်ဆေးလို့ရတဲ့ နည်းလမ်းတစ်ခုကတော့—Transient Elastography (TE) ဖြစ်ပါတယ်။
🔎 Transient Elastography (TE) ဆိုတာဘာလဲ
Transient Elastography (TE) ဆိုတာအသည်းကို ခွဲစိတ်ခြင်း မပြုလုပ်ဘဲ အပြင်ဘက်ကနေ အသည်းရဲ့ တင်းမာမှု (Stiffness) နဲ့ အသည်းအဆီစုပုံမှု (Fat) ကို အကဲဖြတ်ပေးနိုင်တဲ့ ခေတ်မီစစ်ဆေးနည်းတစ်ခု ဖြစ်ပါတယ်။
💡 TE က ဘာတွေကို စစ်ဆေးပေးနိုင်လဲ?
- Liver Stiffness Measurement (LSM)
➡️ အသည်း ဘယ်လောက်မာနေသလဲကို တိုင်းတာပေးပါတယ်။
➡️ အသည်းမှာ အမာရွတ် (Fibrosis) ဖြစ်ပေါ်နေမှုအဆင့် ကို အကဲဖြတ်ရာမှာ အထောက်အကူပြုပါတယ်။ - UAP (Ultrasound Attenuation Parameter)
➡️ Ultrasound signal ရဲ့ attenuation ကို အသုံးပြုပြီး အသည်းထဲမှာ အဆီစုပုံမှု (Hepatic Steatosis) ရှိ/မရှိနဲ့ Fatty Liver ရဲ့ အဆင့်ကို အကဲဖြတ်ရာမှာ အထောက်အကူပြုပါတယ်။
⭐️ ဘာကြောင့် TE နဲ့ အသည်းကို စစ်ဆေးသင့်တာလဲ?
ခေတ်မီစစ်ဆေးနည်းတစ်ခုဖြစ်တဲ့ TE method ဟာ :
✅ ခွဲစိတ်စရာ၊အပ်ထိုးစရာမလိုခြင်း
✅ နာကျင်မှုမရှိသလောက်နည်းခြင်း
✅ စစ်ဆေးချိန်တိုခြင်း
✅ အသည်းမာခြင်း နဲ့ အသည်းအဆီစုပုံမှု (၂) မျိုးလုံးကို အကဲဖြတ်နိုင်ခြင်း
✅ နာတာရှည် အသည်းရောဂါရှိသူများကို Follow-up လုပ်ရာမှာ အသုံးဝင်ခြင်း စတဲ့ အားသာချက်တွေကြောင့် မနာမကျင်ဘဲ အသည်းအခြေအနေကို မြန်မြန်ဆန်ဆန် စစ်ဆေးပေးနိုင်ပါတယ်။
👨⚕️ ဘယ်သူတွေမှာ စစ်ဆေးသင့်လဲ?
လူတိုင်း TE စစ်ဖို့တော့ မလိုအပ်ပါဘူး။ ဒါပေမဲ့ အောက်ပါအခြေအနေတွေရှိတဲ့သူတွေ —
🟠 အသည်းအဆီဖုံးရောဂါ (Fatty liver) ရှိသူများ
🟠 အသည်းရောင်အသားဝါပိုး (Hepatitis B / Hepatitis C) ရှိသူများ
🟠 အဝလွန်သူများ
🟠 ဆီးချို / Metabolic Syndrome ရှိသူများ
🟠 အရက်အလွန်အကျွံသောက်သူများ
🟠 အသည်းရဲ့လုပ်ဆောင်မှု(Function )မမှန်သူများ
🟠 နာတာရှည်အသည်းရောဂါရှိသူများ
🟠 အသည်းအမာရွတ်၊ အသည်းခြောက်ရောဂါ ဖြစ်နိုင်ခြေရှိသူများ ကတော့ ဆရာဝန်နဲ့တိုင်ပင်ပြီး TE စစ်ဆေးဖို့ လိုနိုင်ပါတယ်။
❗️ TE ရလဒ်ကောင်းနေရင် အသည်း 100% ကျန်းမာပြီလား?
ဒီမေးခွန်းရဲ့အဖြေကတော့ “No” လို့ပဲ ပြောရမှာဖြစ်ပါတယ်။
TE ဟာ အသည်းရဲ့ အခြေအနေကို အကဲဖြတ်ရာမှာ အလွန်အသုံးဝင်ပေမယ့် TE ရလဒ်တစ်ခုတည်းနဲ့ အသည်းရောဂါအားလုံးကို အတည်ပြုပေးနိုင်မှာ မဟုတ်ပါဘူး။ အသည်းရောဂါတွေကို တိကျမှန်ကန်စွာ သိနိုင်ဖို့အတွက် TE ရလဒ်ကို လူနာရဲ့ ရောဂါရာဇဝင်တွေ , လက်တွေ့စစ်ဆေးမှုတွေ, သွေအဖြေတွေ စတဲ့ အခြားစစ်ဆေးချက်များ နဲ့ တွဲဖက်ပြီး ဆရာဝန်က အကဲဖြတ်ပေးတာဖြစ်ပါတယ်။
အသည်းက တိတ်တိတ်လေး အလုပ်လုပ်ပေးနေတဲ့ အရေးကြီးဆုံးအင်္ဂါတစ်ခုပါ။ လက္ခဏာပေါ်လာမှ စစ်ဆေးတာထက် စောစီးစွာ TE နဲ့စစ်ဆေးပြီး မိမိအသည်းကို ကာကွယ်တာက ပိုကောင်းပါတယ်။ ❤️
