
Fatty liver (အသည်းအဆီဖုံးခြင်း) ဆိုတာ ဘာလဲ?
အသည်းအဆီဖုံးခြင်း (Fatty Liver Disease) ဆိုတာ အသည်းဆဲလ်များအတွင်းတွင် အဆီများ (Triglyceride ပုံစံဖြင့်) ပုံမှန်ထက်ပိုပြီး စုပုံလာသည့် ကျန်းမာရေးအခြေအနေ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် အသည်းတွင် အဆီအနည်းငယ် ရှိတတ်သော်လည်း အဆီပမာဏသည် အသည်းတစ်ခုလုံး အလေးချိန်၏ ၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းနှင့်အထက် ကျော်လွန်လာပါက အသည်းအဆီဖုံးခြင်းဟု သတ်မှတ်ပါတယ်။
အသည်းအဆီဖုံးခြင်း (Fatty Liver Disease) ကို အဓိကအားဖြင့် အမျိုးအစား (၂) မျိုး ခွဲခြားနိုင်ပါတယ်။
၁။ အရက်ကြောင့်ဖြစ်သော အသည်းအဆီဖုံးရောဂါ (Alcoholic Fatty Liver Disease): အရက်အလွန်အကျွံ သောက်သုံးခြင်းကြောင့် အသည်းပျက်စီးပြီး အဆီစုပုံလာခြင်း ဖြစ်ပါတယ်။
၂။ အရက်ကြောင့်မဟုတ်သော အသည်းအဆီဖုံးရောဂါ (Non-Alcoholic Fatty Liver Disease – NAFLD / MASLD): အရက်မသောက်သူ သို့မဟုတ် အနည်းငယ်သာသောက်သူများတွင် ဖြစ်ပွားတတ်ပြီး အဝလွန်ခြင်း၊ ဆီးချိုရောဂါရှိခြင်း၊ သွေးတိုးခြင်းနှင့် သွေးတွင်းအဆီဓာတ် မြင့်မားခြင်းတို့ကြောင့် အသည်းတွင် အဆီများ စုပုံလာခြင်း ဖြစ်ပါတယ်။
Fatty liver ဖြစ်ပွားရသည့် အဓိကအကြောင်းအရင်းများ
- အချိုဓာတ် (Carbohydrate နှင့် သကြား) အစားများပြီး ခန္ဓာကိုယ်မှ လိုအပ်သည်ထက် ပိုလျှံလာခြင်း
- ကိုယ်အလေးချိန် အလွန်အကျွံများခြင်း သို့မဟုတ် အဝလွန်ခြင်း
- ဆီးချိုရောဂါ ၊ သွေးတိုးရောဂါ နှင့် သွေးတွင်းအဆီဓာတ် (Cholesterol) မြင့်မားခြင်း
- ကိုယ်လက်လှုပ်ရှားမှု နည်းပါးခြင်း
- အရက် အလွန်အကျွံ သောက်သုံးခြင်း
- အချို့သော ဆေးဝါးများ ကြောင့်လည်း အသည်းမှာ အဆီစုပုံနိုင်ပါတယ် ။
ဘယ်သူတွေမှာ ဖြစ်နိုင်ခြေ ပိုများလဲ?
- အရက်အလွန်အကျွံ သောက်သုံးသူများ
- အဝလွန်သူများ (အထူးသဖြင့် ခန္ဓာကိုယ်အလေးချိန် များလွန်းသူများနှင့် ဗိုက်တွင် အဆီစုသူများ )
- ဆီးချိုရောဂါရှိသူများ
- သွေးတွင်းအဆီများသူများ
- သွေးတိုးရောဂါရှိသူများ
- ကိုယ်ဝန်ဆောင်အချို့ တွင် အခြားသူများထက် fatty liver ဖြစ်နိုင်ခြေ ပိုများပါတယ် ။
Fatty liver ဖြစ်ရင် ဘယ်လို လက္ခဏာတွေ ခံစားရမလဲ?
အသည်းအဆီဖုံးရောဂါဟာ အစောပိုင်းမှာ ဘာလက္ခဏာမှ မပြတတ်ပါဘူး ။ ဒါပေမဲ့ အဆီစုပုံမှု များလာပြီး အသည်းရောင်ရမ်းတာ၊ ပျက်စီးတာတွေ ဖြစ်လာတဲ့အခါ အောက်ပါလက္ခဏာတွေ ပြသလာတတ်ပါတယ်။
အစောပိုင်းလက္ခဏာများအနေနှင့်
- အလွန်အမင်း မောပန်းနွမ်းနယ်ခြင်း
- ဗိုက်ညာဘက်အပေါ်နား မအီမသာဖြစ်ခြင်း
- အစားအသောက်ပျက်ခြင်းနှင့် မအီမသာဖြစ်ခြင်း တို့ ခံစားရတတ်ပါတယ် ။
အသည်းအဆီဖုံးရာမှ အသည်းခြောက်ခြင်း (Cirrhosis) အဆင့်သို့ ကူးပြောင်းလာပါက
- မျက်လုံးနှင့် အရေပြား ဝါလာခြင်း (အသားဝါရောဂါ)
- ဗိုက်ထဲတွင် ရေဖျဉ်းဆွဲလာခြင်း (ဝမ်းဗိုက် ဖောင်းပွလာခြင်း) နှင့် ခြေထောက်များ ဖောယောင်လာခြင်း
- အရေပြား ယားယံခြင်း
- အညိုအမည်း စွဲလွယ်ခြင်း
- သတိမေ့တတ်ခြင်း၊ စိတ်ရှုပ်ထွေးခြင်း တို့ ခံစားရတတ်ပါတယ် ။
မကုသဘဲထားရင် ဘာတွေ ဖြစ်လာနိုင်လဲ ?
အသည်းအဆီဖုံးခြင်း (Fatty Liver) ကို ဂရုမစိုက်ဘဲ ပစ်ထားမိပါက :
- အသည်းရောင်ခြင်း
- အသည်းအမာရွတ်ဖြစ်ခြင်း
- အသည်းခြောက်ခြင်း
- အသည်းကင်ဆာ
- နှလုံးနဲ့ သွေးကြောဆိုင်ရာ ရောဂါများ
- ဆီးချိုရောဂါ ပိုမိုဆိုးရွားလာခြင်း စသော ခန္ဓာကိုယ်အတွက် အသက်အန္တရာယ်ဖြစ်စေနိုင်တဲ့အထိ ဆိုးရွားတဲ့ နောက်ဆက်တွဲပြဿနာ (Complications) တွေကို ဖြစ်စေနိုင်ပါတယ်။
အသည်းအဆီဖုံးခြင်း (Fatty Liver) မဖြစ်အောင် ဘယ်လိုကာကွယ်မလဲ?
အသည်းအဆီဖုံးခြင်းကို မဖြစ်ခင်က ကြိုတင်ကာကွယ်နိုင်ဖို့ အရေးကြီးတဲ့ အချက် (၅) ချက် ကို သိထားဖို့ လိုပါတယ်။
- ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာကို ရွေးချယ်ပါ။
- အရက်သေစာ သောက်စားခြင်းကို ရှောင်ကြဉ်ပါ။
- ပုံမှန် ကိုယ်လက်လှုပ်ရှားမှု လုပ်ဆောင်ပါ။
- ကျန်းမာသော ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ။
- ဆီးချို၊ သွေးတိုး၊ သွေးတွင်းအဆီဓာတ် (Cholesterol) မြင့်မားခြင်း စတဲ့ ရောဂါအခံ ရှိပါက ဆရာဝန်ညွှန်ကြားချက်အတိုင်း ဆေးဝါးများကို မှန်မှန်သောက်သုံးပါ ။
“အသည်းက တိတ်တိတ်လေး ခံစားနေရနိုင်ပါတယ် …. ဒါကြောင့် စောစောသိပြီး စောစောကာကွယ်ပါ ❤️ “
