သင့် အကြားအာရုံ ကောင်း/မကောင်းဘူး လား?

အကြားအာရုံလျော့နည်းခြင်းကို စောစီးစွာသိရှိနိုင်ရန် သိထားသင့်သောအချက်များ

“အသံကို ကြားနေရတယ်ဆိုရင် နားအကြားအာရုံက ကောင်းနေပြီလား?”

အကြားအာရုံကောင်းမွန်ခြင်းဆိုတာ အသံတစ်ခုခုကို ကြားနိုင်ရုံသာမက လူတွေရဲ့စကားသံကို ရှင်းလင်းစွာ ကြားနိုင်ခြင်း၊ စကားလုံးတွေကို ခွဲခြားနားလည်နိုင်ခြင်းနဲ့ မတူညီတဲ့ပတ်ဝန်းကျင်တွေမှာ ဆက်သွယ်ပြောဆိုနိုင်ခြင်းတို့ ပါဝင်ပါတယ်။

အကြားအာရုံလျော့နည်းခြင်းဟာ တဖြည်းဖြည်းဖြစ်ပေါ်လာနိုင်တာကြောင့် အစပိုင်းမှာ ကိုယ်တိုင်သတိမထားမိနိုင်ပါဘူး။ မိသားစုဝင်တွေ၊ သူငယ်ချင်းတွေက ကိုယ့်ထက်စောပြီး သတိထားမိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

ဒါကြောင့် အောက်ပါလက္ခဏာတွေကို ကိုယ့်မှာရှိ၊ မရှိ စစ်ဆေးကြည့်ပါ။

👂 အကြားအာရုံ မကောင်းနိုင်ကြောင်း ပြသတဲ့ လက္ခဏာများ

၁။ စကားပြောတဲ့အခါ မကြာခဏ ပြန်မေးရခြင်း

လူတစ်ယောက်ပြောတာကို ကြားရပေမယ့် “ဟင်?”၊ “ဘာပြောတာလဲ?” ဆိုပြီး မကြာခဏ ပြန်မေးနေရပါသလား?အထူးသဖြင့် အရင်ကထက် ပိုမိုပြန်မေးလာတယ်ဆိုရင် အကြားအာရုံ စစ်ဆေးသင့်ပါတယ်။

၂။ TV၊ ဖုန်း သို့မဟုတ် သီချင်းအသံကို ပိုကျယ်အောင် ဖွင့်လာခြင်း

အခြားသူတွေက “အသံအရမ်းကျယ်တယ်” လို့ပြောပေမယ့် ကိုယ်ကတော့ ပုံမှန်လို့ ခံစားနေရပါသလား?ဒါဟာ အကြားအာရုံလျော့နည်းလာခြင်းရဲ့ သတိထားသင့်တဲ့ လက္ခဏာတစ်ခု ဖြစ်နိုင်ပါတယ်။

၃။ လူများပြီး ဆူညံတဲ့နေရာမှာ စကားနားလည်ရခက်ခြင်း

Restaurant၊ စျေးဝယ်စင်တာ၊ လမ်းမ ဒါမှမဟုတ် လူများတဲ့အခမ်းအနားတွေမှာ အသံကိုကြားရပေမယ့် စကားလုံးတွေကို ခွဲခြားနားလည်ရခက်နေပါသလား?“ကြားတော့ကြားတယ်၊ ဒါပေမယ့် ဘာပြောတာလဲ မသိဘူး” ဆိုတဲ့အခြေအနေမျိုး ဖြစ်နိုင်ပါတယ်။

၄။ နားတစ်ဖက်ကို ပိုအသုံးပြုလာခြင်း

ဖုန်းပြောတဲ့အခါ နားတစ်ဖက်ကိုပဲ အမြဲအသုံးပြုခြင်း၊ လူပြောတာကို နားထောင်တဲ့အခါ ပိုကောင်းတဲ့နားဘက်ကို လှည့်ပေးခြင်းတို့ ရှိပါသလား?ဒါဟာ နားနှစ်ဖက်ရဲ့ အကြားအာရုံမတူညီခြင်းနဲ့ ဆက်စပ်နိုင်ပါတယ်။

၅။ အသံတွေ မရှင်းဘဲ ဝါးဝါးကြားရခြင်း

အသံကို ကြားနေရပေမယ့် လူတွေက စကားပြောတဲ့အခါ အသံတွေဟာ မရှင်းဘဲ ဝါးဝါးသလို ခံစားရနိုင်ပါတယ်။အကြားအာရုံပြဿနာအချို့မှာ အသံကို ကြားနိုင်သော်လည်း စကားကို နားလည်နိုင်စွမ်း လျော့နည်းလာနိုင်ပါတယ်။

၆။ နားထဲမှာ အသံမြည်ခြင်း (Tinnitus)

ပတ်ဝန်းကျင်မှာ အသံမရှိပေမယ့် နားထဲမှာ—

– တီ…တီ…
– ဝီ…ဝီ…
– ရှူး…ရှူး…

စတဲ့ အသံတွေကို ကြားနေရပါသလား?

ဒါကို Tinnitus လို့ခေါ်ပါတယ်။ Tinnitus ရှိသူတိုင်းမှာ အကြားအာရုံကျဆင်းနေတယ်လို့ မဆိုနိုင်ပေမယ့် အကြားအာရုံ စစ်ဆေးရန် အကြောင်းရင်းတစ်ခု ဖြစ်နိုင်ပါတယ်။

“အသံကြားနိုင်ခြင်း” နဲ့ “စကားနားလည်နိုင်ခြင်း” မတူပါ

အကြားအာရုံကို အကဲဖြတ်တဲ့အခါ အသံကို ကြားနိုင်၊ မကြားနိုင်ဆိုတာတစ်ခုတည်းကို မကြည့်ပါဘူး။အောက်ပါအချက်တွေကိုလည်း အကဲဖြတ်နိုင်ပါတယ်။

  • 🔊 Hearing sensitivity
    အသံအနိမ့်အမြင့်တွေကို ဘယ်လောက်အထိ ကြားနိုင်သလဲ။
  • 🗣️ Speech understanding
    စကားသံကို ဘယ်လောက်ရှင်းလင်းစွာ နားလည်နိုင်သလဲ။
  • 👂 Hearing between both ears
    နားနှစ်ဖက်ရဲ့ အကြားအာရုံ ဘယ်လိုကွာခြားနေသလဲ။
  • 🔊 Hearing in background noise
    နောက်ခံဆူညံသံတွေကြားမှာ စကားပြောသံကို ဘယ်လောက်အထိ နားလည်နိုင်သလဲ။
  • ဒါကြောင့် “အသံတော့ ကြားပါတယ်” ဆိုတာတစ်ခုတည်းနဲ့ အကြားအာရုံကောင်းမွန်တယ်လို့ သတ်မှတ်လို့မရပါဘူး။

⚠️ ဘယ်အချိန်မှာ Hearing Test ပြုလုပ်သင့်လဲ?

အောက်ပါအခြေအနေတွေထဲက တစ်ခုခုကို သတိထားမိရင် အကြားအာရုံစစ်ဆေးဖို့ စဉ်းစားသင့်ပါတယ်။

– လူပြောတာကို မကြာခဏ ပြန်မေးရခြင်း
– TV သို့မဟုတ် ဖုန်းအသံကို ပိုကျယ်အောင် ဖွင့်လာခြင်း
– ဆူညံတဲ့နေရာမှာ စကားနားလည်ရခက်ခြင်း
– နားတစ်ဖက်က တစ်ဖက်ထက် ပိုကောင်းသလို ခံစားရခြင်း
– နားထဲမှာ မကြာခဏ အသံမြည်ခြင်း
– အကြားအာရုံ လျော့နည်းလာတယ်လို့ ကိုယ်တိုင်သတိထားမိခြင်း
– မိသားစုဝင်တွေက “မကြားဘူးလား?” လို့ မကြာခဏ ပြောလာခြင်း

🚨 ရုတ်တရက် အကြားအာရုံကျဆင်းလာပါက

အကြားအာရုံ ရုတ်တရက်ကျဆင်းလာခြင်း၊ အထူးသဖြင့် နားတစ်ဖက်မှာ ရုတ်တရက် မကြားရခြင်း ဖြစ်လာပါက မိမိဘာသာစောင့်ကြည့်နေခြင်းထက် နားအထူးကုဆရာဝန်ထံ သွား‌ရောက်ပြီး အမြန်ဆုံး ဆေးဘက်ဆိုင်ရာ အကဲဖြတ်မှု ခံယူသင့်ပါတယ်။

🎧 နားအကြားအာရုံကို ဘယ်လိုကာကွယ်မလဲ?

အကြားအာရုံကို ထိန်းသိမ်းရန်—

🔹 ဆူညံသံအလွန်ကျယ်တဲ့နေရာတွေမှာ အချိန်ကြာကြာ မနေပါနဲ့။

🔹 ဆူညံတဲ့ပတ်ဝန်းကျင်မှာ လိုအပ်ပါက Hearing Protection အသုံးပြုပါ။

🔹 Headphone/Earphone အသုံးပြုတဲ့အခါ အသံအတိုးအကျယ်ကို သင့်တင့်အောင်ထားပြီး ကြာရှည်စွာ ဆက်တိုက်အသုံးပြုခြင်းကို ရှောင်ကြဉ်ပါ။

🔹 နားထဲကို Cotton Bud သို့မဟုတ် အခြားပစ္စည်းတွေ ထည့်ပြီး နက်နက်ရှိုင်းရှိုင်း မရှင်းပါနဲ့။

🔹 အကြားအာရုံ ပြောင်းလဲလာပါက စောစီးစွာ စစ်ဆေးပါ။

💙 အကြားအာရုံကောင်းမွန်ခြင်းဟာ ဆက်သွယ်ရေးအတွက် အရေးကြီးပါတယ်။အကြားအာရုံကောင်းမွန်ခြင်းဟာ လူတွေနဲ့ ဆက်သွယ်ပြောဆိုနိုင်ဖို့၊ သင်ယူလေ့လာနိုင်ဖို့နဲ့ နေ့စဉ်ဘဝမှာ လူမှုရေးအရ ပါဝင်နိုင်ဖို့ အရေးကြီးပါတယ်။အကြားအာရုံလျော့နည်းခြင်းကို စောစီးစွာသိရှိပြီး လိုအပ်တဲ့ အကဲဖြတ်မှုနဲ့ အထောက်အပံ့တွေကို ရရှိနိုင်ခြင်းက နေ့စဉ်ဆက်သွယ်ရေးနဲ့ လူနေမှုဘဝအရည်အသွေးကို ကောင်းမွန်စေနိုင်ပါတယ်။Hear well. Communicate well. Live well. 💙