
Rapid Eye Movement (REM) Sleep Behavior Disorder
အိပ်ပျော်နေစဉ်မှာ ပြင်းထန်တဲ့ အိပ်မက်တွေမက်ပြီး လက်သီးနဲ့ထိုးတာ၊ ကန်တာ ဒါမှမဟုတ် အော်ဟစ်တာမျိုးတွေ သင့်ပတ်ဝန်းကျင်မှာ မြင်ဖူးကြားဖူးပါသလား။ ဒါမှမဟုတ်သင်ကိုယ်တိုင်ရော ဖြစ်ဖူးပါသလား။ ထူးဆန်းပြီး ကွက်ကွက်ကွင်းကွင်း မြင်ရတဲ့ အိပ်မက်ဆိုးတွေကို အပြင်မှာပါ လိုက်ပြီး ခန္ဓာကိုယ်နဲ့ လှုပ်ရှားတုံ့ပြန်မိခြင်းဟာ ရိုးရိုးအိပ်မက်ယောင်တာ မဟုတ်ဘဲ REM Sleep Behavior Disorder (RBD) လို့ခေါ်တဲ့ အိပ်စက်ခြင်းဆိုင်ရာ ဦးနှောက်နှင့်အာရုံကြော ချို့ယွင်းချက် ရောဂါတစ်မျိုး ဖြစ်နေနိုင်ပါတယ်။
ပုံမှန်အားဖြင့် လူတစ်ဦးဟာ တစ်ညတာ အိပ်စက်မှုရဲ့ ၂၀ ရာခိုင်နှုန်းခန့်ကို REM (Rapid Eye Movement) အဆင့်လို့ခေါ်တဲ့ အိပ်မက်အမက်ဆုံး အဆင့်မှာ ကုန်ဆုံးလေ့ရှိပြီး တစ်ညလျှင် အကြိမ်များစွာ ဖြစ်ပေါ်တတ်ပါတယ်။ ပုံမှန်လူတွေမှာ REM အဆင့်ရောက်ရင် ဦးနှောက်ကနေ ခန္ဓာကိုယ်ကြွက်သားများကို ယာယီလေဖြတ်သကဲ့သို့ မလှုပ်ရှားနိုင်အောင် သော့ခတ် (Muscle Atonia) ပေးထားလေ့ရှိပါတယ်။ ဒါကြောင့် အိပ်မက်ထဲမှာ ဘာပဲလုပ်လုပ် အပြင်မှာ ကိုယ်ခန္ဓာက ငြိမ်သက်နေခြင်းပဲ ဖြစ်ပါတယ်။
သို့သော် RBD ရောဂါရှိသူတွေမှာတော့ ကြွက်သားလှုပ်ရှားမှုကို တားဆီးပေးသည့် အာရုံကြောလမ်းကြောင်းများက အလုပ်မလုပ်တော့သဖြင့် အိပ်မက်ထဲကအတိုင်း အပြင်မှာပါ လိုက်လံလှုပ်ရှားမိနေခြင်း ဖြစ်ပါတယ်။ ဒီရောဂါဖြစ်တာ ရှားပေမယ့် မကြာခဏဆိုသလို တဖြည်းဖြည်းနှင့် အချိန်ကြာလာသည်နှင့်အမျှ ပိုမိုဆိုးရွားလာတတ်ကြပါတယ်။
ထိုရောဂါသည် Lewy Body Dementia, Parkinson’s Disease သို့မဟုတ် Multiple System Atrophy ကဲ့သိုသော အခြားသော ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ အခြေအနေများနှင့် ဆက်စပ်နေနိုင်ပါသည်။
ဂရုပြုရမည့် ရောဂါလက္ခဏာများ
အိပ်နေစဉ်အတွင်း သင့်လက်များနှင့် ခြေထောက်များ ပုံမှန်အတိုင်း ငြိမ်နေရမည့်အစား အိပ်မက်များအတိုင်း အပြင်မှာပါ လှုပ်ရှားမှုများ ဖြစ်ပေါ်နေတတ်ပါတယ်။
ဖြစ်ခါစတွင် အကြိမ်ရေ အနည်းငယ်သာ ဖြစ်သော်လည်း ရောဂါ ပြင်းထန်လာပါက တစ်ညလျှင် အကြိမ်ပေါင်းများစွာ ဖြစ်ပွားနိုင်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ ရောဂါက ပိုဆိုးလာတတ်ပါတယ်။
အဖြစ်များလက္ခဏာများမှာ-
- ကြမ်းတမ်းသော လှုပ်ရှားမှုများ: ကန်ခြင်း၊ လက်သီးဖြင့် ထိုးခြင်း၊ လက်မောင်းကို မြှောက်၍ ပြန်ပြုတ်ကျခြင်း သို့မဟုတ် အိပ်ရာပေါ်မှ ခုန်ချခြင်း။
- ခုခံကာကွယ်သည့် အမူအရာများ: အိပ်မက်ထဲတွင် တစ်ခုခုက လိုက်ဖမ်းခြင်း သို့မဟုတ် တိုက်ခိုက်ခံရခြင်းကို တုံ့ပြန်သည့်အနေဖြင့် အပြင်၌ပါ ခုခံကာကွယ်ခြင်း။
- အသံထွက် ဆူညံခြင်း: ကြောက်စရာကောင်းသော၊ ကြမ်းတမ်းသော အိပ်မက်များကို တုံ့ပြန်သည့်အနေဖြင့် စကားပြောခြင်း၊ ရယ်မောခြင်း၊ အော်ဟစ်ခြင်း သို့မဟုတ် ကျိန်ဆဲခြင်း။
စသည်တို့ဖြစ်ပါတယ်။
RBD ရှိသူများသည် အိပ်မက်မက်နေစဉ်အတွင်း နှိုးလိုက်ပါက အလွယ်တကူ နိုးလာတတ်ပြီး မိမိမက်နေသည့် အိပ်မက်ကိုလည်း ကွက်ကွက်ကွင်းကွင်း ပြန်လည်မှတ်မိနိုင်ကြပါ။
ဖြစ်စေသော အကြောင်းအရင်းများ
ပုံမှန် REM အဆင့်တွင် ကြွက်သားများ လှုပ်ရှားခြင်းကို တားဆီးပေးထားသည့် ဦးနှောက်အတွင်းရှိ အာရုံကြောလမ်းကြောင်းများကြောင့် အိပ်ပျော်နေစဉ် ခန္ဓာကိုယ်သည် ငြိမ်သက်သွားခြင်း ဖြစ်ပါသည်။ ရောဂါရှိသူများတွင် အဆိုပါအာရုံကြောလမ်းကြောင်းများ မှတားဆီးမှု မလုပ်တော့သောကြောင့် အိမ်မက်ထဲကအတိုင်း အပြင်မှာပါ လှုပ်ရှားမှုများ ဖြစ်ပေါ်နေခြင်းဖြစ်သည်။
ရောဂါဖြစ်နိုင်ချေများသူများ
ရောဂါရှိသူများသည် အောက်ပါအချက်များနှင့် ဆက်စပ်နေလေ့ရှိပါသည်။
- အသက် ၅၀ အထက် အမျိုးသားများ: အသက် ၅၀ ကျော် အမျိုးသားများတွင် အဓိက အဖြစ်များပြီး၊ ထိုအရွယ် အမျိုးသားများသည် အမျိုးသမီးများထက် ၉ ဆခန့် ပိုမိုဖြစ်ပွားနိုင်ခြေ ရှိသည်။
- အမျိုးသမီးများနှင့် ကလေးများ: သို့သော် ယခုအခါတွင် အသက် ၅၀ အောက် အမျိုးသမီးများနှင့် ကလေးသူငယ်များတွင်ပါ ရောဂါတွေ့ရှိမှုနှုန်း ပိုမိုမြင့်တက်လာနေသည်ကို သုတေသနများအရ တွေ့ရပါတယ်။
- အချို့သော ဆေးဝါးများနှင့် စိတ်ကြွပစ္စည်းများ: စိတ်ကျရောဂါအတွက် သုံးစွဲသော အချို့သော ဆေးဝါးအသစ်များ (Antidepressants) ကြောင့် ဘေးထွက်ဆိုးကျိုးအနေဖြင့် ဖြစ်ပွားနိုင်သလို၊ မူးယစ်ဆေးဝါး သို့မဟုတ် အရက်ကို အလွန်အကျွံ သုံးစွဲနေသူများနှင့် ဖြတ်ရန် ကြိုးစားနေသူများ (Withdrawal) တွင်လည်း ဖြစ်ပွားတတ်ပါတယ်။
- လူနေမှုဘဝနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းရင်းများ: လုပ်ငန်းခွင်အတွင်း ပိုးသတ်ဆေးများနှင့် ဓာတုပစ္စည်းများ ရေရှည်ထိတွေ့ရသူများ (ဥပမာ – စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူများ)၊ ဆေးလိပ်သောက်သူများနှင့် ယခင်က ဦးခေါင်းတွင် ပြင်းထန်စွာ ထိခိုက်ဒဏ်ရာ ရဖူးသူများသည်လည်း ရောဂါဖြစ်နိုင်ခြေ ပိုများပါတယ်။
နောက်ဆက်တွဲပြသနာများ
RBD ရောဂါကို မကုသဘဲ ပစ်ထားပါက ဖြစ်လာနိုင်သည့် နောက်ဆက်တွဲ ဆိုးကျိုး ၃ ခုရှိပါသည်။
1.ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာရခြင်း
RBD လူနာများ၏ ၈၀ ရာခိုင်နှုန်း ခန့်သည် အိပ်ပျော်နေစဉ် မိမိကိုယ်ကိုယ် ထိခိုက်ဒဏ်ရာ ရတတ်ကြပြီး၊ မိမိတို့နှင့် အတူအိပ်သူများ၏ ၆၀ ရာခိုင်နှုန်း ကျော်သည်လည်း RBD ၏ လက္ခဏာများကြောင့် လက်သီးဖြင့် အထိုးခံရခြင်း၊ အကန်ခံရခြင်း စသည့် ထိခိုက်ဒဏ်ရာများ ရရှိကြတာကိုတွေ့ရပါတယ်။
2.လူမှုရေးနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခြင်း
မိမိကြောင့် အတူနေထိုင်သော အဖော် သို့မဟုတ် အိမ်သားများ စိတ်အနှောင့်အယှက် ဖြစ်ရသည့်အတွက် အားနာရခြင်း၊ အခြားသူများကို အနှောင့်အယှက် မဖြစ်စေရန် ရှောင်ကြဉ်ရင်း မိမိကိုယ်ကိုယ် ခွဲထွက်ကာ အထီးကျန်လာခြင်းနှင့် ပြင်းထန်သော စိတ်ဒဏ်ရာ (Emotional Trauma) များ ရရှိလာတတ်ကြပါတယ်။
3.အနာဂတ်တွင် ပြင်းထန်သော ဦးနှောက်ရောဂါများ ဖြစ်လာနိုင်ခြင်း
အချက်အလက်များအရ အထူးသဖြင့် မည်သည့်အကြောင်းရင်းမှ မရှိဘဲ အလိုအလျောက် ဖြစ်လာသော RBD (Isolated RBD) ဝေဒနာရှင်များ၏ ၉၇ ရာခိုင်နှုန်းခန့်သည် ရောဂါစတင်ပြီး ၁၄ နှစ်အတွင်း Lewy Body Dementia ၊ Parkinson’s Disease သို့မဟုတ် Multiple System Atrophy (အာရုံကြောအဖွဲ့အစည်း ပျက်စီးခြင်း) ကဲ့သို့သော ပြင်းထန်သည့် ဦးနှောက်ရောဂါများအဖြစ်သို့ ကူးပြောင်းသွားတတ်ကြပါတယ်။
ထို့အပြင် နေ့ဘက်တွင် အလွန်အမင်း အိပ်ငိုက်တတ်သည့် Narcolepsy (ရုတ်တရက် အိပ်ပျော်ခြင်းရောဂါ) နှင့် လေဖြတ်ခြင်း ဝေဒနာရှင်များနှင့်လည်း ဆက်စပ်နေတတ်တာကို တွေ့ရပါတယ်။
