နှာခေါင်း သွေးလျှံရင် ဘယ်လို သွေးတိတ်အောင် လုပ်မလဲ

နှာခေါင်း သွေးလျှံခြင်း Nose Bleeding ?

နှာခေါင်း သွေးလျှံခြင်း Nose Bleeding ကို ဆေးပညာ အရ Epistaxis လို့ခေါ်ပါတယ်။ နှာခေါင်း အတွင်းပိုင်း နဲ့ နှာခေါင်းပတ်ဝန်းကျင်မှာ ရှိတဲ့ သွေးကြောတွေ ပေါက်ပြဲသွားတာကြောင့် နှာခေါင်းသွေးလျှံခြင်း ဖြစ်ပါတယ်။

🔍 နှာခေါင်းသွေးလျှံခြင်း အမျိုးအစား (၂) မျိုး

ဆေးပညာအရ သွေးထွက်သည့်နေရာပေါ် မူတည်ပြီး အမျိုးအစား 2 မျိုး ခွဲခြားထားပါတယ်။

  • နှာခေါင်းအရှေ့ပိုင်း သွေးထွက်ခြင်း (Anterior Epistaxis)
    • နှာခေါင်းသွေးလျှံမှုအားလုံးရဲ့ ၉၀ ရာခိုင်နှုန်းဟာ ဒီအမျိုးအစား ဖြစ်ပါတယ်။
    • နှာခေါင်းတွင်း အလယ်အကာနံရံ အရှေ့ဘက်မှာရှိတဲ့ သွေးကြောမျှင်လေးတွေ ပေါက်ပြဲရာကနေ သွေးထွက်တာပါ။
    • အိမ်မှာတင် အလွယ်တကူ သွေးတိတ်အောင် လုပ်နိုင်ပါတယ်။
  • နှာခေါင်းအနောက်ပိုင်း သွေးထွက်ခြင်း (Posterior Epistaxis)
    • ဖြစ်ခဲသော်လည်း အလွန်အန္တရာယ်ကြီးတဲ့ အမျိုးအစား ဖြစ်ပါတယ်။
    • နှာခေါင်းရဲ့ အတွင်းပိုင်းအနက် (လည်ချောင်းနားနီးသောနေရာ) ရှိ သွေးလွှတ်ကြောကြီးတွေ ပေါက်ပြဲရာကနေ သွေးထွက်တာပါ။
    • မတ်မတ်ထိုင်နေရင်တောင် သွေးတွေ လည်ချောင်းထဲကို အဆက်မပြတ် အလုံးအရင်း စီးကျတတ်ပြီး ဆေးရုံ၊ ဆေးခန်းသို့ ချက်ချင်းသွားရောက်ပြသရန် လိုအပ်ပါတယ်။ သက်ကြီးရွယ်အိုတွေမှာ ပိုဖြစ်တတ်ပါတယ်။

⚙️ နှာခေါင်းသွေးလျှံရသည့် အကြောင်းအရင်းများ

နှာခေါင်းအတွင်းပိုင်းရှိ နုနယ်လွန်းသော သွေးကြောမျှင်လေးတွေ ပေါက်ပြဲရတဲ့ အဓိကအကြောင်းရင်းတွေကတော့ –

  • ပတ်ဝန်းကျင် လေထုခြောက်သွေ့ခြင်း– လေအေးပေးစက် (Aircon) ခန်းထဲတွင် ကြာရှည်နေခြင်း သို့မဟုတ် ရာသီဥတု ခြောက်သွေ့ပူပြင်းခြင်းကြောင့် နှာခေါင်းအတွင်းသားများ ခြောက်ကပ်၊ အဖတ်ဖတ်ဖြစ်ပြီး ကွဲအက်ကာ သွေးထွက်တတ်ပါတယ်။
  • နှာခေါင်းနှိုက်ခြင်း– ကလေးသူငယ်တွေမှာ အဖြစ်အများဆုံး အကြောင်းရင်း ဖြစ်ပါတယ်။
  • ထိခိုက်ဒဏ်ရာရခြင်း– မျက်နှာကို တစ်ခုခုနှင့် ဆောင့်မိခြင်း သို့မဟုတ် နှာခေါင်းကို အရှိန်ပြင်းပြင်း ထိမိခြင်း။
  • နှာခဏခဏ မှုတ်ခြင်းနှင့် ဓာတ်မတည့်ခြင်း– အအေးမိခြင်း၊ ထိပ်ကပ်နာဖြစ်ခြင်း သို့မဟုတ် ဖုန်/ပန်းဝတ်မှုန်များနှင့် ဓာတ်မတည့်ဘဲ နှာခဏခဏ ပြင်းပြင်းမှုတ်ခြင်းကြောင့် အတွင်းသားများ ရောင်ရမ်းကာ သွေးထွက်လွယ်လာပါတယ်။
  • သောက်ဆေးအချို့ကြောင့် ဖြစ်ခြင်း– သွေးကျဲဆေးများ (ဥပမာ – Aspirin, Warfarin) သောက်နေရသူများ သို့မဟုတ် နှာခေါင်းဖျန်း စတီးရွိုက်ဆေးရည်များကို ရေရှည်စွဲသုံးနေသူများ။
  • အခြားရောဂါအခံများ– သွေးတိုးရောဂါ ရှိသူများ သို့မဟုတ် သွေးခဲစနစ် ချို့ယွင်းသော ရောဂါရှိသူများ။

အယူအဆ အမှားများ

၁။ခေါင်းမော့ကာ နောက်သို့ လှန်ခြင်း

ခေါင်းမော့ကာ နောက်သို့လှန်ခြင်းမျိုး မပြုလုပ်ပါနဲ့။ ဘာလို့လဲ ဆိုတော့ သွေးတွေ လေပြွန်ထဲရောက်ပြီး အသက်ရှူကျပ်သွားနိုင်သလို အစားပြွန်ထဲရောက်ပြီး ပျို့အန်တာမျိုးလည်း ဖြစ်နိုင်ချေ ရှိလို့ပါ။

၂။ပက်လက်လှဲအိပ်ခြင်း

ပက်လက်လှဲ မအိပ်ပါနဲ့။ နှာခေါင်းအတွင်းရှိ သွေးကြောများအပေါ် ဖိအားပိုများလာစေပြီး သွေးထွက်ပိုဆိုးစေပါတယ်။

၃။နှာခေါင်းရိုး (အမာပိုင်း) ကို ဖိခြင်း

နှာခေါင်းအပေါ်ဘက် အရိုးမာကို ဖိထားသော်လည်း သွေးကြောများကို မပိတ်နိုင်သဖြင့် သွေးတိတ်မည်မဟုတ်ပါ

သွေးတိတ်အောင် ဘယ်လို လုပ်ရမလဲ ?

၁။ တည့်မတ်စွာ ထိုင်ပါ။

၂။ ခေါင်း ကို ရှေ့သို့ ငိုက်ချလိုက်ပါ။

၃။ နှာခေါင်း ကို ၅-၁၀ မိနစ်ခန့် လက်ဖြင့် ဖိညှပ်ထားလိုက်ပါ။

၄။ နှာခေါင်း နှာရိုး ပေါ်မှာ ရေခဲ သို့ အေးသည့်အရာတခုခု ဖြင့် အုံထားလိုက်ပါ။

၅။ ပြုလုပ်နေစဉ် အတွင်း ပါးစပ် ဖြင့် အသက်ရှူပါ။ စကား မပြောပါနဲ့။

၆။ သွေးတိတ်သွားပါက ရေနွေးဖြင့် နှာခေါင်း ကို ဆေးကြောသန့်စင်ပါ။

၇။ ၂-၃ နာရီကြာ လဲလျောင်း အနားယူပါ။ နှာမှုတ်တာတို့၊ နှာချေတာတို့ စသည်ဖြင့် နှာခေါင်းကို အားစိုက်ထုတ်ရစေမယ့် အရာများကို မပြုလုပ်ပါနဲ့။

ဘယ်လိုမျိုး အခြေအနေ မှာ ဆရာဝန် နဲ့ ပြသသင့်သလဲ?

၁။ မိနစ် ၃၀ နာရီဝက် အတွင်း သွေးမတိတ်တာမျိုး

၂။ အားနည်းသလိုမျိုး

၃။ မူးဝေနေသလိုမျိုး ဖြစ်နေရင် ဆရာဝန် ပြသသင့်ပါတယ်။

သင်က ခဏခဏ နှာခေါင်းသွေးလျှံတတ်တယ် ဆိုပါက ရောဂါအခံတခုခုကြောင့် ဖြစ်နိုင်ပါသဖြင့် ရောဂါ ရှာဖွေကုသဖို့ တိုက်တွန်းလိုက်ရပါတယ်။