
နားကြားကိရိယာ စတပ်သူတွေနဲ့ လောလောလတ်လတ်မှ နားကြားကိရိယာ ဝယ်ယူထားတဲ့သူတွေဟာ မိမိတို့ရဲ့ တန်ဖိုးမသေးတဲ့ နားကြားကိရိယာနဲ့ ပတ်သတ်ပြီး ဘယ်လိုထိန်းသိမ်းရမယ်၊ ဘာတွေလုပ်ဖို့လိုလဲ စသဖြင့် မေးခွန်းများစွာနဲ့ စိတ်လှုပ်ရှားနေတတ်ကြပါတယ်။
နားကြားကိရိယာကို ဘယ်လိုကိုင်တွယ် ထိန်းသိမ်းသင့်လဲနဲ့ ပတ်သတ်ပြီး ဒီ Post မှာ သေချာပြောပြပေးသွားမှမို့လို့ ဘာတွေလုပ်ရမလဲ ဆက်လက် ဖတ်ရှုပေးပါဦးနော်။
နားကြားကိရိယာတွေကို ဘာကြောင့် ထိန်းသိမ်းပေးဖို့လိုတာလဲ?
နားကြားကိရိယာကို ဝယ်ယူပြီးရင် နေ့စဉ်တပ်ဆင်ဖို့နဲ့ သန့်ရှင်းရေးလုပ်ပေးဖို့ အလွန်အရေးကြီးပါတယ်။ အထူးသဖြင့် နားအတွင်းမှာ စက်ကိုယ်ထည် တစ်ခုလုံးကိုထည့်ပြီး တပ်ဆင်ရတဲ့ In-the-Ear (ITE) နားကြားကိရိယာ အမျိုးအစားတွေဆိုရင် တော့ပိုပြီးဂရုစိုက်ပြီး တပ်ဆင်ပေးဖို့လိုပါတယ်။ ဒါဟာ ဘာကြောင့်လဲဆိုရင် နားလိုမျိုး ကိုယ်ခန္ဓာအစိတ်အပိုင်းဟာ စိုထိုင်းဆများပြီး အပူချိန်ဟာပြင်ပနဲ့မတူဘဲ အမြဲနီးပါး 98 ဒီဂရီ လောက်ရှိနေတာမျိုးမို့လို့ပါ။ ဒါ့အပြင် နားဖာချေးဆိုတာကလည်း ခန္ဓာကိုယ်ကထွက်တဲ့ Corrosive Acid နဲ့ ဆား (Salt) တွေပေါင်းစပ်ထားတဲ့ အညစ်အကြေးတစ်မျိုးဖြစ်လို့ ဒီလိုအခြေအနေမှာ အမြဲတပ်ဆင်ထားရတဲ့ နားကြားကိရိယာတွေဟာ လျှပ်စစ်ပစ္စည်းတွေဖြစ်တဲ့ အထိုက်အလျှောက် ပျက်စီးဖို့ ရာခိုင်နှုန်းလည်း အင်မတန်မြင့်နေတာပါ။ ကဲဘာကြောင့် နားကြားကိရိယာတွေက သေချာမထိန်းသိမ်းရင် ပျက်ဆီးနိုင်သလဲဆိုတာ သိသွားပြီဆိုရင် ဘယ်လို ထိန်းသိမ်းရမလဲ ဆက်လက်ဖတ်ရှုကြည့်ဦးနော်။
ဘယ်လို သန့်ရှင်းရေးလုပ်ရမလဲ?
သန့်ရှင်းပုံနဲ့ပတ်သတ်ပြီး နားကိုသန့်ရှင်းတာနဲ့ နားကြားကိရိယာကိုသန့်ရှင်းတာဆိုပြီး နှစ်ပိုင်းခွဲကြည့်မယ်နော်။
- နားသန့်ရှင်းရေး – ပြင်ပက အသံလှိုင်းတွေကို နားကြားကိရိယာက လျှပ်စစ်လှိုင်းအဖြစ် ပြောင်းလဲ process လုပ်ပြီး နားထဲပြန်လွှတ်ပေးလိုက်တဲ့အခါ၊ နားတွင်းခရုပတ် (Cochlea) ထဲက အမွေးနုဆဲလ်လေးတွေကတစ်ဆင့် ဦးနှောက်ဆီကို လျှပ်စစ်အချက်ပြလှိုင်းအနေနဲ့ ထပ်ဆင့်ပို့ပေးမှသာ ကျွန်တော်တို့တွေက အသံကို သေသေချာချာ ကြားရပြီး ဘာသာပြန်နိုင်တာပဲ ဖြစ်ပါ။ ( အသံကြားရပုံအဆင့်ဆင့်အသေးစိတ်ဖတ်ရန် ) ဒါကြောင့် နားအတွင်းမှာ နားဖာချေးတွေ၊ ပြည်တွေ ပိတ်ဆို့နေရင် နားကြားကိရိယာက ထုတ်လွှတ်ပေးလိုက်တဲ့ အသံက နားအတွင်းမှာ ကောင်းစွာမဖြတ်သန်းနိုင်တော့တဲ့အတွက် နားကြားကိရိယာတပ်ဆင်ခြင်းက ထိရောက်မှု မရှိနိုင်တော့ပါဘူး။ ဒါကြောင့် တခါတလေမှာ နားကြားကိရိယာက မှားယွင်းနေတာမျိုးမဟုတ်ဘဲ နားအတွင်း သန့်ရှင်းရေးမှာ လိုအပ်နေလား ပြန်လည်စစ်ဆေးသင့်ပါတယ်။

- နားကြားကိရိယာ သန့်ရှင်းရေး – နားကြားကိရိယာကို ညဘက် နားကနေချွတ်လိုက်တဲ့အချိန်မှာ တစ်နေကုန် ဝတ်ဆင်ထားတဲ့အတွက် ကိုယ်ထည်မှာ ကပ်ညှိနေတဲ့ အဆီနဲ့အညစ်အကြေးတွေကို သန့်ရှင်းတဲ့ အဝတ်ခြောက်နဲ့ ဦးစွာသုတ်ပေးရပါမယ်။ ဒီနေရာမှာ စိုစွတ်တဲ့အဝတ်တွေမသုံးဖို့နဲ့ အရက်ပြန်ပါဝင်တဲ့ ဂွမ်း ဒါမှမဟုတ် အဝတ်တွေနဲ့မသုတ်မိဖို့အရေးကြီးပါတယ်။ တစ်ပတ်တစ်ခါ နားကြားကိရိယာရဲ့ နားကြပ်အပိုင်း (Coupling) မှာ နားဖာချေးတွေပတ်ဆို့နေရင် နားကြားကိရိယာဝယ်ယူစဉ်က အတူပါလာတဲ့ Brush and Loop လေးနဲ့ အတွင်းမှာကပ်ညှိနေတဲ့ နားဖားချေးတွေကိုသန့်ရှင်းပေးလို့ရပါတယ်။ တကယ်လို့ ကိုယ့်နားကြားကိရိယာက Click type Ear Tip ကိုသုံးရတာမျိုးဆိုရင်တော့ Wax guard(နားဖာချေးအကာ) ကို လဲဖို့လိုမလို ပုံမှန် စစ်ဆေးပေးရပါမယ်။

ဘယ်လိုသိမ်းဆည်းရမလဲ?
နားကြားကိရိယာကို မတပ်တော့ဘဲ ညဘက်ချွတ်ထားတဲ့အခါ တစ်ခါတည်းပါလာတဲ့ ပလတ်စတစ်ဘူး သို့မဟုတ် ကော်ဘူးထဲမှာထည့်သိမ်းရပါမယ်။ လျှပ်စစ်ပစ္စည်းတွေဖြစ်တဲ့အတွက် သံဘူး သံထည်တွေနဲ့မနီးရပါဘူး။ ဘာလို့လဲဆိုတော့ သံဘူးတွေက အပူချိန်များလို့ပါ။ Batteryအကန့်ကို အထဲက အစိုဓာတ်တွေထွက်သွားစေဖို့ အသုံးမပြုတော့ရင် ဖွင့်ထားပေးရပါမယ် ( အထဲက ဓာတ်ခဲကိုထုတ်စရာမလိုပါ )။

တတ်နိုင်ပါက Electronic Disinfection Dryer ကိုအသုံးပြုပေးခြင်းက နားကြားကိရိယာ သက်တမ်းကို ပိုခံစေပါလိမ့်မယ်။ Electronic Disinfection Dryer ကိုအသုံးပြုချိန်မှာတော့ အထဲက ဓာတ်ခဲကို ထုတ်ထားပေးရပါမယ်။

ဘယ်အချိန်မှာမတပ်ဘဲနေရမလဲ?
နားကြားကိရိယာတွေဟာ လျှပ်စစ်ပစ္စည်းတွေဖြစ်တဲ့အတွက် ရေစိုလို့မရပါဘူး။
- ရေချိုးချိန်
- အိပ်ချိန်
- မိုးရွာထဲ သွားချိန်
- ရေပူစမ်း (Sauna) ကဲ့သို့ အစိုဓာတ်များတဲ့ပတ်ဝန်းကျင်မှာ ရှိနေချိန်
- Hair Dryer ကဲ့သို့ အပူချိန် မြင့်မားတဲ့ ပစ္စည်းတွေအသုံးပြုနေချိန်
- Hair Spray အသုံးပြုနေချိန် ( Hair Product တွေအသုံးပြုပြီးမှ နားကြားကိရိယာကိုတပ်ဆင်ရပါမယ်။ )
