နား အကြားအာရုံ စမ်းသပ် စစ်ဆေးခြင်း

အကြားအာရုံ လျော့နည်းလာသည့် လက္ခဏာများ ရှိပါက ကိုယ့်ရဲ့ နားအကြားအာရုံကို စစ်ဆေးဖို့ လိုပါတယ် ။ စစ်ဆေးခြင်း များစွာရှိသည့်အနက် Pure Tone Audiometry (PTA) နှင့် Tympanometry တို့သည် အစမ်းသပ် အများဆုံးပဲ ဖြစ်ပါတယ်။

အကြားအာရုံစစ်ဆေးမှုတွေဟာ လူတစ်ယောက်နဲ့ တစ်ယောက် စစ်ဆေးပုံခြင်း မတူကြပါဘူး။ အသက်အရွယ်နဲ့ လက္ခဏာတွေအပေါ် မူတည်ပြီး အကြားအာရုံပညာရှင် (Audiologist) တွေက နည်းလမ်းအမျိုးမျိုးကို အသုံးပြုကြပါတယ်။

✔️Pure Tone Audiometry

ဒါဟာ “အသံကြားရင် လက်ထောင်ပါ” ဆိုတဲ့ ပုံစံမျိုးနဲ့ စစ်ဆေးတာပါ။ ကွဲပြားတဲ့ အသံအနိမ့်အမြင့် (လှိုင်းနှုန်း) တွေမှာ ကြားနိုင်တဲ့ အတိုးဆုံးအသံကို တိုင်းတာတာဖြစ်ပါတယ်။ စစ်ဆေးတဲ့ အခါမှာ Air Conduction နဲ့ Bone Conduction ဆိုပြီး ၂ မျိုးရှိပြီးတော့ အဖြေကိုတော့ audiogram လို့ခေါ် တဲ့ ဂရပ်နဲ့ ပြပေးပါတယ်။

Screening PTA : ပုံမှန် အလုပ်ခွင် ဝင်ခါနီး လူတွေမှာ စစ်ဆေးလေ့ရှိကြပါတယ်။ ဒါဟာ နားကြပ် (Headphones) ကိုသုံးပြီး လေမှတစ်ဆင့်ကြားရမှု (Air Conduction) ကိုပဲ အဓိက စမ်းသပ်တာဖြစ်ပြီး အကြားအာရုံ အဆင့် (Degree) ကို သိနိုင်ပါတယ် ( ဥပမာ ကိုယ်က နားလေးနေလား ၊ နားလေးရင် ရောဘယ်လောက်ထိ ပြင်းထန်နေပြီလဲ သိနိုင်ပါတယ် ) ။

Diagnostic PTA : သူ့မှာတော့ Air Conduction အပြင် နားနောက်အရိုးပေါ်ထောက်ပြီး စမ်းတဲ့ စမ်းသပ်ခြင်း တစ်ခု ပိုသွားပါပြီ။ Air Conduction နဲ့ Bone Conduction ရလဒ် ၂ ခုကို နှိုင်းယှဉ်ကြည့်ခြင်းဖြင့် နားလေးတာဟာ အာရုံကြောကြောင့်လား (Sensorineural)၊ ဒါမှမဟုတ် နားထဲမှာ တစ်ခုခုပိတ်ဆို့နေလို့လား (Conductive) ဆိုတဲ့ အမျိုးအစား (Type) ကိုပါ ခွဲခြားပေးနိုင်ပါတယ်။

✔️Tympanometry

အကြားအာရုံကို တိုက်ရိုက်တိုင်းတာတာမဟုတ်ဘဲ အလယ်နား (Middle Ear) ရဲ့ အလုပ်လုပ်ပုံကို စစ်ဆေးတာ ဖြစ်ပါတယ်။ နားစည် ပေါက်နေသလား၊ နားစည် ရောင်ပြီး တင်းနေသလား စသဖြင့် နား အကြားအာရုံ နှင့် ပတ်သက်၍ နားစည် ၏ အခန်းကဏ္ဍ ကို သိနိုင်ပါသည်။ အဖြေကို Tympanogram လို့ခေါ်တဲ့ ဂရပ်နဲ့ ဖော်ပြပေးပါတယ်။

✔️Speech Testing

အသံကို ကြားရတာနဲ့ စကားလုံးကို နားလည်တာဟာ မတူညီပါဘူး။ ဒီစစ်ဆေးမှုဟာ စကားလုံးတွေကို သင်စတင်ခွဲခြားနိုင်တဲ့ အတိုးဆုံးအဆင့် (SRT) နဲ့ “thin” နဲ့ “fin” လို ဆင်တူတဲ့စကားလုံးတွေကို ဘယ်လောက်အထိ တိတိကျကျ ခွဲခြားနိုင်သလဲဆိုတာကို တိုင်းတာတာ ဖြစ်ပါတယ်။

✔️Objective Tests

ဒီနည်းလမ်းတွေကိုတော့ တုံ့ပြန်မှုမပေးနိုင်တဲ့ မွေးကင်းစကလေးငယ်တွေ ဒါမှမဟုတ် လူကြီးတွေအတွက် အသုံးပြုလေ့ရှိပါတယ်။

✔️Otoacoustic Emission (OAE)

OAE ကိုတော့ မွေးကင်းစကလေးတွေ နား ကြား မကြား Screening စစ်ဆေးတာပဲ ဖြစ်ပါတယ်။ ဖွံ့ဖြိုးပြီး နိုင်ငံများတွင် OAE သည် မွေးကင်းစကလေးတိုင်း စမ်းသပ်စစ်ဆေး ဖြစ်ကြပါတယ်။ မြန်မာနိုင်ငံတွင်တော့ ဆေးရုံကြီး တချို့တွင်သာ စမ်းသပ် စစ်ဆေးပေးနိုင်ပါတယ်။ Screening မလုပ်ဖြစ်လိုက်ပါက နားမကြားသော/နားလေးသော ကလေးများ ရှိလာနိုင်ပါတယ်။ စကားပြောသင့်သော အသက်အရွယ် ရောက်လာပါရက်နဲ့ စကား မပြောနိုင် (သို့) စကား မပီပါက OAE စမ်းသပ် စစ်ဆေးကြည့်သင့်ပါတယ်။

အဖြေ တွင် ဘယ်နား နှင့် ညာနား အတွက် Refer နှင့် Pass ၂မျိုးသာ ရှိပါတယ် ။ Pass ဆိုပါက ဒီကလေး နားကြားတယ်လို့ သတ်မှတ်ပါတယ်။ Refer ဆိုပါက နားမကြားဘူးလို့ ချက်ချင်းမသတ်မှတ်ပါဘူး။ နားထဲမှာ အမိဝမ်းတွင်းက အရည်တွေကျန်နေတာ၊ ကလေးက ငြိမ်ငြိမ်မနေတာ ဒါမှမဟုတ် ပတ်ဝန်းကျင် ဆူညံတာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ရက်သတ္တပတ်အနည်းငယ်အကြာမှာ ပြန်စစ်ရပြီး ၂ ကြိမ်၊ ၃ ကြိမ်အထိ ဆက်တိုက် Refer ထွက်နေမှသာ သူ့ထက် အချက်အလက် ပိုပေးနိုင်သော ABR, ASSR စတဲ့ နား အကြားအာရုံ စမ်းသပ်နည်းများဖြင့် ဆက်လက် စစ်ဆေးကြည့်ရပါတယ်။

✔️Auditory Brainstem Response (ABR)

ခေါင်းပေါ်မှာ အာရုံခံကိရိယာလေးတွေတပ်ပြီး အကြားအာရုံကြောနဲ့ ဦးနှောက်က အသံအပေါ် ဘယ်လိုတုံ့ပြန်သလဲဆိုတာကို စစ်ဆေးတာ ဖြစ်ပါတယ်။

✔️Auditory Steady-State Response (ASSR)

ASSR  ဆိုတာ နားအကြားအာရုံကို လျှပ်စစ်လှိုင်းများဖြင့် တိုင်းတာသော အဆင့်မြင့်စစ်ဆေးမှုတစ်ခုဖြစ်တယ်။ သူက အပေါ်မှာပြောခဲ့တဲ့  ABR (Auditory Brainstem Response) စစ်ဆေးမှုနှင့် ဆင်တူပေမယ့်လည်း ပိုမိုမြန်ဆန်ပြီး တိကျသောအချက်အလက်အချို့ကို ပေးနိုင်ပါတယ်။