နှလုံးခုန်မြန်ပြီးညဘက်လန့်နိုးလာတာက အိပ်ဟောက်ရှူပိတ်ရောဂါ (OSA) နဲ့ ဆက်စပ်မှုရှိနေတာလား?

ညဘက်တွေမှာ နှလုံးခုန်မြန်ပြီး လန့်လန့်နိုးလာတတ်ပါသလား

တကယ်လို့သင်က ညဘက်မှာ နှလုံးခုန်မြန်ပြီးလန့်နိုးလာတာ အကြိမ်အရေအတွက်များလာပြီဆိုရင်တော့ OSA ရှိမရှိကိုအချက်တစ်ချက်အနေနဲ့ ထည့်သွင်းစဥ်းစားဖို့ လိုအပ်လာပါပြီ။

လေ့လာချက်တွေအရ နှလုံးရောဂါရှိသူတွေမှာ အိပ်ဟောက်ရှူပိတ်ရောဂါ (OSA) တွဲရှိနေတတ်တာကို တွေ့ရပါတယ်။ ဒါ့အပြင် OSA ရောဂါဟာ နှလုံးခုန်စည်းချက်မမှန်တာ ( Arrhythmia )၊ ညဘက်အိပ်မောကျနေစဥ် ရုတ်တရက် နှလုံးရပ်သေဆုံးတာ ( Sudden Cardiac Death )တွေနဲ့ များစွာ ဆက်စပ်နေပါတယ်။

ဘာကြောင့် ဒီလိုဖြစ်ရတာလဲ ?

အိပ်ဟောက်ရှူပိတ်ရောဂါရှိသူတွေဟာ အိပ်ပျော်နေစဥ် အသက်ရှူလမ်းကြောင်း ပိတ်သွားတဲ့အတွက် ခန္ဓာကိုယ်ထဲမှာ အောက်ဆီဂျင် ရုတ်တရက်ကျဆင်းသွားပါတယ်။ အဲ့ဒီအခါ အသက်ရှူကျပ်ပြီး လေကိုအတင်း ပြန်ရှူသွင်းရဖို့အတွက် လန့်နိုးလာပါတယ်။ ဒီလို အသက်ရှူရပ်သွားလိုက်၊ ပြန်ရှူဖို့ ရုန်းကန်ရလိုက်ဖြစ်နေတာက နှလုံးကို အလွန်အမင်း ဝန်ပိစေပြီး (Stress ဖြစ်စေပြီး) အခုလို ဆိုးကျိုးတွေ ဆက်တိုက်ဖြစ်လာစေတာပါ –

နှလုံးအလုပ်ပိုလုပ်ရခြင်း – အထူးသဖြင့် ခန္ဓာကိုယ်အနှံ့ သွေးညှစ်ထုတ်ပေးရန် အ‌ရေးပါဆုံးဖြစ်တဲ့ နှလုံးရဲ့ ဘယ်ဘက်အောက်ခန်းကို ဖိအားပိုများစေပါတယ်။

သွေးကြောများထိခိုက်ခြင်း – အောက်ဆီဂျင် မကြာခဏကျဆင်းတဲ့အခါ ခန္ဓာကိုယ်ရဲ့ အရေးပေါ်တုံ့ပြန်မှုစနစ် ( Sympathetic Activities )တွေ လွန်ကဲလာပြီး၊ ကိုယ်တွင်းအင်္ဂါတွေ ရောင်ရမ်းလာကာ သွေးကြောနံရံလေးတွေ ထိခိုက်ပျက်စီးလာပါတယ်။

နှလုံးခုန်စည်းချက် ကမောက်ကမဖြစ်ခြင်း – အသက် ၆၅ နှစ်အောက် OSA ရောဂါရှိသူတွေမှာ နှလုံးခုန်စည်းချက်မမှန်တဲ့ရောဂါ (Atrial Fibrillation) ဖြစ်နိုင်ချေ အလွန်မြင့်မားပါတယ်။

နှလုံးခုန် နှေးလိုက်မြန်လိုက်ဖြစ်ခြင်း – အသက်ရှူရပ်သွားချိန်မှာ နှလုံးခုန်နှေးသွားပြီး၊ ပြန်လန့်နိုးလာချိန်မှာ နှလုံးခုန် ရုတ်တရက် ပြန်မြန်လာတတ်ပါတယ်။ဒီလိုမြန်လိုက်နှေးလိုက်ဖြစ်တဲ့ Pattern ကို CVHR (Cyclic Variation of Heart Rate) ဆိုတဲ့ Pattern နဲ့တွေ့ရလေ့ရှိပြီး အိပ်နေစဥ် Holter ECG လို့ခေါ်တဲ့ ECG နဲ့ရိုက်ကြည့်တဲ့အခါတွေ့ရတတ်ပါတယ်။

အိပ်ပျော်နေစဥ် ရုတ်တရက် နှလုံးရပ်နိုင်ချေဟာ သာမန်နှလုံးရောဂါရှိသူတွေထက်၊ “နှလုံးရောဂါ + အိပ်ဟောက်ရှူပိတ်ရောဂါ (OSA)” နှစ်ခုလုံး တွဲရှိနေသူတွေမှာ ပိုပြီး အန္တရာယ်များပါတယ်။

ညအိပ်နေစဥ် နှလုံးခုန်မြန်ပြီး လန့်နိုးလာတိုင်း OSA ရောဂါရှိတယ်လို့ တပ်အပ်မပြောနိုင်ပေမယ့်၊ ဒါဟာ သင့်ခန္ဓာကိုယ်က ပြသနေတဲ့ အရေးကြီးတဲ့ အချက်ပေးခေါင်းလောင်းသံတစ်ခု ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဒီလိုလက္ခဏာတွေ ခံစားနေရပြီဆိုရင် နား၊ နှာခေါင်း၊ လည်ချောင်း ဆရာဝန် (သို့မဟုတ်) အထွေထွေသမားတော်၊ နှလုံးအထူးကု ဆရာဝန်ကြီးတွေနဲ့ အမြန်ဆုံး တိုင်ပင်ဆွေးနွေးသင့်ပါကြောင်း ကျန်းမာရေးအသိပညာ မျှဝေပေးလိုက်ပါတယ်။

REFERENCE:

JOURNAL Of THORACIC DISEASE | Cardiac rhythm disorders in obstructive sleep apnea
J-STAGE | Journal of Arrhythmia