CPAP ဆိုတာ ဘာလဲ?

CPAP (Continuous Positive Airway Pressure) ဆိုတာ အိပ်နေစဉ် အသက်ရှူလမ်းကြောင်း ပိတ်ဆို့သွားခြင်းကို ကာကွယ်ဖို့၊ လေကို အဆက်မပြတ် Pressure တစ်ခုနဲ့ ပို့ပေးတဲ့ respiratory support device ဖြစ်ပါတယ်။

CPAP စက်က အခန်းတွင်းရှိ လေကို စုပ်ယူပြီး၊ သတ်မှတ်ထားတဲ့ pressure နဲ့ ဖိအားပေးကာ tubing မှတစ်ဆင့် mask ထဲသို့ ပို့ပေးပါတယ်။ အဲဒီ pressure ရှိတဲ့လေက အသက်ရှူလမ်းကြောင်းအတွင်းကို ရောက်ရှိပြီး လေပြွန်ပိတ်ကျသွားခြင်းကို ကာကွယ်ပေးပါတယ်။
CPAP ရဲ့ အဓိကအလုပ်က လေကို အတင်းအသက်ရှူသွင်းပေးတာမဟုတ်ဘဲ Airway ကို ဖွင့်ထားပေးတာ ဖြစ်ပါတယ်။

CPAP ကို အဓိကအားဖြင့် အိပ်စက်နေစဉ် အသက်ရှူလမ်းကြောင်း ပိတ်ဆို့ခြင်းကြောင့် အသက်ရှူရပ်တန့်မှုများ ဖြစ်ပေါ်တဲ့ Obstructive Sleep Apnea (OSA) ကို ကုသဖို့ အသုံးပြုပါတယ်။

PAP devices တွေကို Pressure ပေးပုံနဲ့ အသုံးပြုတဲ့ mode ပေါ်မူတည်ပြီး အဓိကအားဖြင့် အမျိုးအစား(၃)ခု ခွဲနိုင်ပါတယ်။

1. CPAP (Continuous Positive Airway Pressure)
လေဖိအားတစ်ခုတည်းကို သတ်မှတ်ထားပြီး အိပ်နေစဉ် အသက်ရှူလမ်းကြောင်း ပွင့်နေစေရန် ဆက်တိုက်ပေးတဲ့စက် ဖြစ်ပါတယ်။

2.APAP (Auto-adjusting Positive Airway Pressure / Auto CPAP)
လေဖိအားကို သတ်မှတ်ထားတဲ့ အနိမ့်ဆုံးနှင့် အမြင့်ဆုံး Pressure Range အတွင်း လူနာရဲ့ အသက်ရှူမှုပုံစံနှင့် လိုအပ်ချက်အလိုက် အလိုအလျောက် ချိန်ညှိပေးတဲ့စက် ဖြစ်ပါတယ်။

3.BiPAP (Bilevel Positive Airway Pressure)
အသက်ရှူသွင်းချိန်နှင့် အသက်ရှူထုတ်ချိန်တွင် လေဖိအား ၂ မျိုး ခွဲခြားပေးတဲ့စက် ဖြစ်ပါတယ်။

CPAP ကို အသုံးပြုခြင်းကို အောက်ပါ အကျိုးကျေးဇူးများ ရရှိနိုင်ပါတယ်။

✔️ အသက်ရှူရပ်တန့်မှုများ လျော့နည်းစေခြင်း
✔️ ဟောက်ခြင်းကို သက်သာစေခြင်း
✔️ အိပ်စက်မှုအရည်အသွေး ကောင်းမွန်စေခြင်း
✔️ နေ့ခင်းဘက် အိပ်ငိုက်ခြင်းနှင့် ပင်ပန်းနွမ်းနယ်မှု လျော့နည်းစေခြင်း
✔️ အာရုံစူးစိုက်မှုနှင့် နေ့စဉ်လုပ်ဆောင်နိုင်စွမ်း တိုးတက်စေခြင်း
✔️ နှလုံးသွေးကြောကျန်းမာရေးကို အထောက်အကူပြုခြင်း