အသည်းကျန်းမာဖို့ လိုက်နာရမယ့် စား‌သောက်နေထိုင်မှုပုံစံ (Lifestyle)

“ကျန်းမာတဲ့ ‘အသည်း’ ကို ပိုင်ဆိုင်ဖို့ ဘယ်လို စောင့်ရှောက်ကြမလဲ” 🤔

အသည်းဟာ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးရုံတင်မကဘဲ အစာခြေစနစ်၊ အာဟာရသိုလှောင်မှုနဲ့ စွမ်းအင်ထုတ်လုပ်မှုတွေအတွက် နေ့ ၊ညမနား အလုပ်လုပ်ပေးနေတဲ့ အင်္ဂါအစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ အသံတိတ်အလုပ်လုပ်ပေးနေတဲ့ သင့်အသည်းကို ကျန်းမာပြီး အသက်ရှည်စေဖို့ ဆေးသောက်စရာမလိုဘဲ လုပ်ဆောင်နိုင်မယ့် Lifestyle (နေထိုင်စားသောက်မှုပုံစံ) တွေကို မျှဝေပေးချင်ပါတယ်။

၁။ အသည်းကြိုက်တဲ့ အစားအသောက်တွေကို ရွေးချယ်ပါ🥦

အသည်းကျန်းမာဖို့ဆိုရင် သင်စားတဲ့အစားအ‌စာဟာ အရေးကြီးဆုံးပါ။

  • စားပေးရမည့်အရာများ : အမျှင်ဓာတ်ကြွယ်ဝတဲ့ အသီးအရွက်များ (ဥပမာ- ပန်းဂေါ်ဖီစိမ်း၊ ကန်စွန်းရွက်)၊ အခွံမာသီးများ၊ ပဲအမျိုးမျိုး၊ Omega3 ပါဝင်တဲ့ ငါးများနှင့် အဆီထုတ်ထားသော နို့ထွက်ပစ္စည်းများဟာ အသည်းထဲက အဆီတွေကို လျှော့ချပေးပါတယ်။
  • ကော်ဖီရဲ့ လျှို့ဝှက်ချက် : အချိုနဲ့ ခရမ်(cream) မပါတဲ့ ကော်ဖီကြမ်း (Black Coffee) ကို တစ်ရက် (၁) ခွက်ကနေ (၂) ခွက်အထိ ပုံမှန်သောက်ပေးခြင်းဟာ အသည်းအင်ဇိုင်း (enzyme) တွေကို ညီမျှစေပြီး အသည်းခြောက်ခြင်းနဲ့ အသည်းကင်ဆာဖြစ်နိုင်ခြေကို သိသိသာသာ လျှော့ချပေးနိုင်ကြောင်း ဆေးပညာအရ သက်သေပြထားပါတယ်။

၂။ အသည်းကို “အဆိပ်ကျွေးခြင်း” မှ ရှောင်ကြဉ်ပါ 🚫

  • အချိုရည်နှင့် မုန့်အချိုများ: အချိုရည်တွေမှာပါတဲ့ Fructose (သကြားဓာတ်) က အသည်းထဲမှာ အဆီအဖြစ် တိုက်ရိုက်ပြောင်းလဲ စုပုံလွယ်တာမို့ အသည်းအဆီဖုံးခြင်းရဲ့ အဓိကတရားခံပဲ ဖြစ်ပါတယ်။
  • Trans Fat (ဆီကြော်များ): ဆီကြော်တွေ နဲ့ Fast Food တွေဟာ အသည်းဆဲလ်တွေကို ရောင်ရမ်းစေပါတယ်။
  • အရက်၊ ဘီယာ: အသည်းဆဲလ်တွေကို တိုက်ရိုက် သတ်ပစ်တာမို့ သင့်အသည်းကို သနားရင် အတတ်နိုင်ဆုံး ဝေးဝေးရှောင်ပါ။

၃။ အသည်းထဲက အဆီတွေကို ချွေးအဖြစ် ပြောင်းလဲပစ်ပါ🏃‍♂️

  • လေ့ကျင့်ခန်းလုပ်တာဟာ ဝိတ်ကျဖို့တင်မကဘဲ အသည်းထဲမှာ ပိတ်မိနေတဲ့ အဆီဓာတ်တွေကို စွမ်းအင်အဖြစ် ပြောင်းလဲလောင်ကျွမ်းစေဖို့ အကောင်းဆုံးနည်းလမ်းပါ။
  • လုပ်ဆောင်ရန် : တစ်ပတ်ကို မိနစ် ၁၅၀ (တစ်ရက်ကို မိနစ် ၃၀ ခန့် နဲ့ တစ်ပတ် ၅ ရက်) လမ်းသွက်သွက်လျှောက်တာ၊ စက်ဘီးစီးတာ သို့မဟုတ် ယောဂကစားတာမျိုး စတဲ့ ကိုယ်လက်လှုပ်ရှားမှုများကို ပြုလုပ်ပါ။

၄။ စည်းကမ်းမဲ့ ဆေးသောက်ခြင်းကို ရပ်တန့်ပါ 💊

  • အသည်းဟာ ခန္ဓာကိုယ်ထဲ ဝင်လာသမျှ ဆေးဝါးအားလုံးကို ဒိုင်ခံခြေဖျက်ပေးရတဲ့ နေရာဖြစ်တာ‌‌မို့ ဆရာဝန်ညွှန်ကြားချက်မပါဘဲ သောက်တဲ့ အကိုက်အခဲပျောက်ဆေးတွေ (ဥပမာ – ပါရာစီတမော အလွန်အကျွံသောက်ခြင်း)၊ အရည်အသွေးမမီတဲ့ အားဆေး၊ ဝိတ်ကျဆေးတွေနဲ့ တိုင်းရင်းဆေးမြစ်တွေဟာ အသည်းကို အသံတိတ် ပျက်စီးစေတတ်ပါတယ်။

၅။ ရောဂါပိုးကို ကာကွယ်ပါ၊ ပုံမှန်စစ်ဆေးပါ💉

  • အသည်းခြောက်ခြင်းနဲ့ ကင်ဆာရဲ့ တရားခံဖြစ်တဲ့ အသည်းရောင်အသားဝါ B ပိုး နဲ့ C ပိုး ရှိ/မရှိ အရင်ဆုံး သွေးစစ်ပါ။
  • ပိုးမရှိသေးရင် B ပိုးကာကွယ်ဆေး (၃) ကြိမ် ပြည့်အောင် ထိုးထားပါ။ ဒါဟာ အသည်းအတွက် အကောင်းဆုံး သံချပ်ကာအင်္ကျီ ဝတ်ပေးလိုက်တာနဲ့ အတူတူပါပဲ။