
အိပ်ဟောက်ရှူပိတ်ရောဂါသည် လူကြီးတွင်သာမက ကလေးများတွင်လည်း ဖြစ်နိုင်သောရောဂါ တစ်ခုဖြစ်သည်။ အိပ်ပျော်နေစဉ် အသက်ရှူရန် ခက်ခဲခြင်းမှာ အသက်ရှူလမ်းကြောင်း အပေါ်ဘက်ပိုင်းတွင် ရှူသွင်းရန် အဟန့်အတား ဖြစ်နေခြင်းကြောင့် ဖြစ်သည်။ ကမ္ဘာလုံးဆိုင်ရာ ဆေးပညာလေ့လာ၊ ဆန်းစစ်ချက်များအရ ကလေးငယ်များတွင် Obstructive Sleep Apnea (OSA) ဖြစ်ပွားမှုနှုန်းသည် ၁% မှ ၄% ဝန်းကျင် ဖြစ်ပွားလျက်ရှိနေသည်။
ဘာကြောင့်ကလေးငယ်များတွင် အိပ်ဟောက်ရှူပိတ်ရောဂါ ဖြစ်နိုင်တာလဲ❓
အဓိကအဖြစ်များဆုံး အကြောင်းရင်းများမှာ
(၁) လည်မျိုနောက်၌ tonsil ဟုခေါ်သော အကြိတ်ရောင်ခြင်း၊ ကြီးခြင်း၊ ပိတ်ခြင်း၊
(၂) နှာခေါင်း နောက်ဘက်ရှိ adenoid ဟုခေါ်သော အကြိတ်ရောင်ခြင်း၊ ကြီးခြင်း၊ ပိတ်ခြင်း၊
(၃) နှာခေါင်း အတွင်းဘက်ရှိ turbinates ဟုခေါ်သော အရိုးကွေးလေးများ ရောင်ခြင်း၊ ကြီးခြင်း၊ ပိတ်ခြင်း စသည့် အချက်များကြောင့် ဖြစ်သည်။
သို့သော် တခြားဖြစ်နိုင်သော အကြောင်းအရင်းများလည်း ရှိသေးသည်။
(၁) အဝလွန်ခြင်း
(၂) ဓာတ်မတည့်မှု (Allergy) များရှိခြင်း၊
(၃) Down Syndrome ကဲ့သို့ မျိုးရိုးဗီဇဆိုင်ရာ အခြေအနေများ၊
(၄) မေးရိုးတည်ဆောက်ပုံသေးခြင်း၊ မူမမှန်ခြင်း စသည် အကြောင်းအရာများကြောင့်လည်း ဖြစ်နိုင်ခြေရှိပါတယ်။
ကလေးငယ်များတွင် ဘယ်လိုလက္ခဏာတွေ တွေ့ရမလဲ❓
(၁) အိပ်နေချိန်အတွင်း ကျယ်လောင်စွာဟောက်ခြင်း၊ အသက်ရှူရန် ခက်ခဲနေသည့် ပုံစံဖြစ်ခြင်း ၊ ခေတ္တအသက်ရှူရပ်သွားခြင်း၊ သီးခြင်း၊
(၂) အိပ်နေစဉ် ဂနာမငြိမ်ဖြစ်နေခြင်း၊ ချွေးပြန်နေခြင်း၊
(၃) နှာခေါင်းဖြင့် အသက်မရှူသွင်းဘဲ ပါးစပ်ဖြင့်ရှူနေခြင်း၊
(၄) သာမန်အိပ်စက်ပုံအနေအထားဖြင့် မအိပ်ဘဲ ထိုင်လျက် သို့မဟုတ် မူမမှန်သော ပုံစံဖြင့်အိပ်စက်ခြင်း ၊
(၅) မနက်နိုးလာလျှင် မလန်းမဆန်းဖြစ်နေခြင်း၊
(၆) အစားစာချင်စိတ်မရှိခြင်း၊ အစားမျိုချရန် ခက်ခဲခြင်း၊
ကလေးငယ်များတွင် အထက်ပါ လက္ခဏာများ တွေ့ရှိနေပြီဆိုရင် နား၊ နှာခေါင်း၊ လည်ချောင်း အထူးကု သို့မဟုတ် ကလေးအထူးကု ဆရာဝန်များနှင့် အမြန်ဆုံး တိုင်ပင်ဆွေးနွေး၍ အိပ်စက်မှု စစ်ဆေးခြင်း (Sleep Study / Polysomnography) ပြုလုပ်ရန် လိုအပ်ပါသည်။
မကုသပဲ ပေါ့ဆမိလျှင် ဘာဆိုးကျိုးတွေရနိုင်မလဲ❓
သာမန်ကလေးငယ်များ နှင့်မတူဘဲ သင်၏ကလေးငယ်မှာ
- ပညာသင်ရန်ခက်ခဲခြင်း၊
- အာရုံစူးစိုက်နိုင်စွမ်းရည် ကျဆင်းခြင်း၊
- အပြုအမူပိုင်းဆိုင်ရာသင်ယူမှု အားနည်းခြင်း စသဖြင့် ဖွံ့ဖြိုးမှု ပိုင်းမှာ အားနည်းနိုင်ပါတယ်။
ဒါကြောင့် မဖြစ်ခင်က ကြိုတင်ကာကွယ်ပြီး ဖြစ်လာခဲ့လျှင်လည်း စောစီးစွာ ကုသမှုခံယူရန် အကြံပြုအပ်ပါသည်။
