CPAP စက်တွေကို Humidifier မပါဘဲရေမထည့်ဘဲအသုံးပြုလို့ရလား?

🌧ဒီနေ့မှာတော့ CPAP အသုံးပြုသူတွေကြားထဲ အမေးများတဲ့ Humidifier  မှာ ရေမထည့်ဘဲအသုံးပြုလို့ရလားဆိုတဲ့ မေးခွန်းကိုဖြေပေးသွားမှာပါ။

အဖြေကတော့ ရေမထည့်ဘဲ အသုံးပြုလည်းရတယ်ဆိုပေမဲ့ ရေထည့်ပြီးသုံးတာကအကောင်းဆုံးပါ။

 စက်တပ်အိပ်ရင် အသက်ရှူကြပ်တယ်ဆိုတဲ့ ပြဿနာကို ဖြေရှင်းဖို့ လူနာအတွက် အသက်ရှူရ အသက်သာဆုံး နည်းလမ်းကတော့ Humidifier ကိုအသုံးပြုခြင်းပါပဲ။ ဒါပေမဲ့ Humidifier မှာ ရေမထည့်ဘဲ တပ်အိပ်လည်း အဆင်ပြေတယ် ဆိုတဲ့သူတွေလည်း ရှိပါတယ်။

Humidifier ဆိုတာ ရေထည့်ထားပြီး စက်ဖွင့်လိုက်တဲ့အခါ Water Chamber ရဲ့ အောက်ခံအပူပြားကနေတစ်ဆင့် ရေကို နွေးလာစေပြီး အဆုတ်ထဲ တိုက်ရိုက်ရှူသွင်းမယ့် လေကို နွေးနွေးလေး ဖြစ်စေတာပါ။

ဒီလို လေအေးအစား လေနွေးကို ရှူသွင်းခြင်းက လည်ပင်းနဲ့ နှာခေါင်းလမ်းကြောင်းတစ်လျှောက် မအီမသာဖြစ်ခြင်း၊ နှာခေါင်းသွေးလျှံခြင်း၊ အာခေါင်ခြောက်ခြင်း၊ နှာခေါင်းပိတ်ခြင်း၊ ယားပြီး နှာချေခြင်းနဲ့ နှာခေါင်းလမ်းကြောင်း ပိုးဝင်ခြင်းတို့ကို သက်သာစေနိုင်ပါတယ်။

Types of CPAP Humidifier

CPAP အသုံးပြုသူတွေအနေနဲ့ မိမိအသက်ရှူလမ်းကြောင်းထဲ ဝင်လာတဲ့လေက အေးပြီး ခြောက်ကပ်မနေအောင် Humidifier တွေ သုံးရတာ ဖြစ်ပါတယ်။ သိထားသင့်တဲ့ Humidifier အမျိုးအစားတွေကိုတော့ ဗဟုသုတအနေနဲ့ အောက်ပါအတိုင်း မျှဝေပေးလိုက်ပါတယ်။

  • Integrated Humidifier: စက်မှာ အလွယ်တကူ ဖြုတ်တပ်လို့ရတဲ့ Water Chamber အနေနဲ့ ပါဝင်တဲ့ အမျိုးအစားပါ။ စက်မှာ တစ်ပါတည်း တွဲတပ်လို့ရပြီး ဖြုတ်ရလွယ်ကူတဲ့အတွက် သန့်ရှင်းရေးလုပ်ဖို့နဲ့ ခရီးသွားလာရေးအတွက် အင်မတန် အဆင်ပြေစေပါတယ်။
  • Built-In Humidifier: နာမည်အတိုင်းပဲ စက်မှာ အသေတပ်ပြီး အသုံးပြုရတဲ့ အမျိုးအစားပါ။ Water Chamber ကို သန့်ရှင်းရေးအတွက် ဖြုတ်လို့ရပေမဲ့ စက်နဲ့ Unit တစ်ခုတည်းအနေနဲ့ တွဲပါပြီးသား ဖြစ်ပါတယ်။
  • Stand-Alone Humidifier: Stand-alone ဆိုတဲ့အတိုင်းပဲ ဘယ် CPAP စက်နဲ့မဆို သီးသန့် တွဲသုံးလို့ရအောင် ပြုလုပ်ထားတဲ့ အမျိုးအစားပါ။
  • Heated Humidifier: Water Chamber အောက်ခြေမှာ အပူပြားပါပြီး လေအစိုဓာတ်ကို ရေငွေ့နွေးနွေးလေးအဖြစ် ထွက်ရှိစေတာ ဖြစ်ပါတယ်။
  • Waterless Humidifier: လူနာ အသက်ရှူထုတ်လိုက်တဲ့အခါ ပါလာတဲ့ အပူ (Heat) နဲ့ အစိုဓာတ် (Moisture) ကို Waterless Humidifier မှာပါတဲ့ Paper Ridges တွေက ဖမ်းယူထားပြီး၊ ပြန်ရှူသွင်းတဲ့အခါ အဲဒီ အစိုဓာတ်ကို ပြန်လည်ရှူသွင်းစေခြင်းဖြင့် လေကို ခြောက်သွေ့ခြင်းမရှိအောင် ထိန်းသိမ်းပေးတာ ဖြစ်ပါတယ်။

ဒါကြောင့် Humidifier မှာရေထည့်ပြီး CPAP စက်အသုံးပြုခြင်းက အကောင်းဆုံးဖြစ်ပြီးတကယ်လို့ ကိုယ်က ရေမထည့်ဘဲ သုံးမယ်ဆိုရင်လည်း Humidifier Level Setting ကို အနိမ့်ဆုံးမှာထားပေးဖို့၊ ရေမထည့်လည်း တချို့ Brand တွေမှာWater Chamber ကိုဖြတ်ပြီးမှလေက ပိုက်ထဲရောက်တာမျိုးဖြစ်လို့ Humidifier ကိုဖြုတ်မထားဖို့၊ ဒါမှမဟုတ်ရေမလိုတဲ့Waterless Humidifier (BMC Brandမှာဆိုရင်တော့ Humidifier ပါတွဲပါတဲ့ Mask အမျိုးအစားကို ဝယ်ယူလို့ရပါတယ်၊) ပြောင်းသုံးကြည့်ဖို့ အကြံပြုလိုက်ပါတယ်နော်။