နားအတွင်းမှ လေထွက်ခြင်း

ကျွန်တော်တို့ ပင်ပန်းနွမ်းနယ်တဲ့ အချိန်တွေမှာ နားအတွင်းမှ လေထွက်တဲ့ ခံစားမှုမျိုး ကို လူတိုင်း ခံစားဖူးကြမယ် ထင်ပါတယ်။ နားအတွင်းမှ လေထွက်ခြင်း က တစ်ခါတစ်ရံ ဖြစ်တာမျိုး ဆိုရင်တော့ စိတ်ပူစရာ မလိုပါဘူး။ ကျွန်တော်တို့ နားအတွင်းရှိ လေဖိအား Pressure ကို ချိန်ညှိပေးတဲ့ ဇီဝကမ္မ ဖြစ်စဥ်တစ်ခုဖြစ်ပါတယ်။ ခဏတာ နားအတွင်းမှ လေထွက်ခြင်းက ပြဿနာ မဟုတ်ပေမယ့် အချိန် အတန်ကြာ လေထွက်တဲ့ ခံစားချက်မျိုး ဖြစ်နေပြီး အကြားအာရုံ လျော့နည်းတဲ့ အထိပါဖြစ်လာရင်တော့ မပေါ့ဆ သင့်ပါဘူး။

နားအတွင်းမှ လေထွက်နိုင်တဲ့ အကြောင်းအရင်းတွေ တော့ အများကြီး ရှိပါတယ်။

Eustachian Tube ဆိုတာ လည်ချောင်းနောက်ဘက်နှင့် နားအတွင်းဆက်စပ်ထားတဲ့ လမ်းကြောင်းဖြစ်ပါတယ်။ Eustachian tube အပွင့်၊ အပိတ် ကောင်းကောင်းမလုပ်နိုင်လျှင် နားအတွင်းတွင် လေထွက်နေသလို၊ လေတွေပိတ်စို့နေသလိုမျိုး ဖြစ်ကာ နားအတွင်း မသက်မသာ ဖြစ်တဲ့ ခံစားမှုမျိုးရနိုင်ပါတယ်။

နားအတွင်း အညစ်အကြေးများ စုနေလျှင် လေထွက်တဲ့ ခံစားချက်မျိုးရနိုင်ပါတယ်။

လေဖိအားအပြောင်းအလဲ မြန်တဲ့အချိန်တွေ (ဥပမာ တောင်ပေါ်တတ်တဲ့ အခါမျိုး)မှာလည်း နားအတွင်းလေထွက်တတ်ပါတယ်။

အလယ်နား ပိုးဝင်ခြင်းမှလည်း လေထွက်တဲ့ခံစားချက်မျိုးရနိုင်ပါတယ်။

နားစည်တွင် အပေါက်ဖြစ်ခြင်း သို့မဟုတ် နားစည်ပြဲ ခြင်းကြောင့် လေထွက်တဲ့ ခံစားမှုရနိုင်ပါတယ်။

ဦးခေါင်းခွံရိုးတစ်ခုဖြစ်တဲ့ နားထင်ရိုး(Temporal bone) ကျိုးခြင်း‌ကြောင့်လည်း နားလေထွက်သလို ခံစားမှုမျိုး ရနိုင်ပါတယ်။

အာရုံကြောဆိုင်ရာပြဿနာများကြောင့် လေထွက်တဲ့ခံစားချက်မျိုးရနိုင်ပါတယ်။

ဦးခေါင်းခွံရိုးနှင့်မေးရိုးဆက်ထားသောအဆစ်(TMJ) ရောင်းရမ်းခြင်းကြောင့်လည်း နားလေထွက်သလို ဖြစ်နိုင်ပါတယ်။

အရေးကြီးတဲ့ ရောဂါပြဿနာတွေမှာ နားလေထွက်တဲ့လက္ခဏာ ပြနေနိုင်တာကြောင့် လေထွက်ရုံဆိုပြီး မပေါ့ဆဘဲ သက်ဆိုင်ရာ အထူးကုဆရာဝန်နှင့် ကုသမှု ခံယူသင့်ပါတယ်။