
ကဖင်း ဆိုတာနဲ့ ကျွန်တော်တို့ လူတော်တော်များများက coffee ကိုပဲ ပြေးမြင်မိကြတယ်။ အမှန်တကယ်လည်း coffee ရဲ့ အဓိက ပါ၀င်ပစ္စည်း တစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် အားဖြည့်အချိုရည် ၊ အချိုရည် ၊ လက်ဖက်ရည် ၊ ရေနွေးကြမ်း ၊ ချောကလက် တွေနဲ့ ဆေးဝါးတွေမှာက အစ ထည့်သွင်းရလောက်တဲ့အထိ လူကို လန်းဆန်းတက်ကြွစေတဲ့ အာနိသင်အစွမ်းကြောင့် တော်တော်များများ ကြိုက်နှစ်သက်ကြပါတယ်။ သို့သော် အလွန်အကျွံ သုံးစွဲမိလျှင် ဘေးထွက်ဆိုးကျိုးဖြစ်စေတာကိုလည်း လျစ်လျှူရှု မထားသင့်ပေ။ အထူးသဖြင့် ညဘက်တွေမှာ သောက်သုံးခဲ့မယ်ဆိုရင် အိပ်ချိန်ကို ကမောက်ကမ ဖြစ်စေပါတယ်။
😴ဒါဆိုရင် caffeine က အိပ်ချိန် ကို ဘယ်လိုထိခိုက်စေတာလဲ😴
ကျွန်တော်တို့ ဦးနှောက်ထဲမှာ adenosine ဆိုတဲ့ ဓာတ်တစ်မျိုးက ညဘက်တွေမှာ အိပ်ချင်အောင်လုပ်ပေးတဲ့ ဓာတ်တမျိူးဖြစ်တယ်။ ကဖင်း က adenosine ရဲ့ အလုပ်တာဝန်ကို နှောင့်ယှက်တဲ့အခါ အိပ်ချင်စိတ်တွေ ပျောက်ဆုံးစေတယ်။ ဒါ့ကြောင့် သင်၏အိပ်ချိန်တွေ လျော့နည်းလာတာ၊ အိပ်သာအိပ်တယ် အိပ်ရေးမဝဖြစ်တာ၊ မနက်နိုးလာရင် မလန်းမဆန်းဖြစ်တာ စတဲ့ လက္ခဏာတွေ က သင် ကဖင်း သုံးစွဲခြင်းကို လျှော့ချသင့်ကြောင်း ခန္ဓာကိုယ်က သင့်ကို အချက်ပြနေတာပဲဖြစ်ပါတယ်။
🕐caffeine ကသင့်ကို အချိန်ဘယ်လောက်ကြာတဲ့အထိ နိုးနေစေနိုင်လဲ🕐
အကြမ်းအားဖြင့် ကဖင်း သုံးစွဲပြီး မိနစ်၃၀ မှ ၅နာရီကြာတဲ့အထိ ကဖင်း ရဲ့အာနိသင် ကြာမြင့်နိုင်တယ်။ လူတစ်ဦးနှင့် တစ်ဦးပေါ်မူတည်ပြီး ကွဲပြားမှုရှိပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဆိုလျှင် သာမန်လူထက်၂ဆ အချိန်ပိုကြာမြင့်နိုင်တယ်။ ဒါ့ကြောင့် ကဖင်း ကို မရှောင်နိုင်ရင်တောင် မနက်ပိုင်းတွင်သာ သောက်သုံးဖို့ အကြံပြုချင်ပါတယ်။
🌲ဒါဆို caffeine ဘယ်လောက်ပမာဏ ဆိုလျှင် အိပ်ရေးကို မထိခိုက်စေဘူးလဲ🌲
FDA ၏ သတ်မှတ်ချက်အရ တစ်နေ့လျှင် အများဆုံး ၄၀၀ မီလီဂရမ် (coffee ဆိုလျှင် ၂ခွက် ) သာ သောက်သုံးသင့်တယ် လို့ဖော်ပြထားတယ်။ အိပ်ချိန်မတိုင်ခင် ၈ နာရီခြားပြီး သောက်ခြင်း က သင့်ကိုကောင်းမွန်တဲ့ အိပ်ရေးကို ပေးစွမ်းနိုင်တယ် ။ ဥပမာ ည၁၀နာရီ အိပ်ဖို့ပြင်ဆင်ထားလျှင် နေ့လည် ၂နာရီနောက်ပိုင်းကစ၍ ကဖင်း ပါတာကို ရှောင်သင့်ပါတယ်။
လန်းနေစေဖို့ ကဖင်း ကလွဲပြီး ကျန်တာဘာတွေလုပ်နိုင်မလဲ
- မနက် နေအလင်းရောင်ကို ခံစားခြင်း။
- ကောင်းမွန်သော အိပ်စက်ခြင်း အလေ့အကျင့်ကို ပြုလုပ်ခြင်း။
- လေ့ကျင့်ခန်းလုပ်ခြင်း။
- ခဏတစ်ဖြုတ် ၁၀မိနစ်၊ မိနစ် ၂၀ လောက်မှေးလိုက်ခြင်း စသောအရာတွေကို လုပ်ဆောင်ပါက သင့်ကို နေ့ဘက်တွင် လန်းဆန်းပြီး ညဘက်တွင် ကောင်းမွန်စွာအိပ်စက်ခြင်း ကို ပေးစွမ်းနိုင်ပါတယ်။
