
Sarcopenia ဆိုတာ ဘာလဲ?
Sarcopenia (ကြွက်သားယိုယွင်းခြင်း) ဆိုသည်မှာ အကြောင်းအမျိုးမျိုးကြောင့်—
- အရိုးနှင့်ချိတ်ဆက်ထားသော ကြွက်သားပမာဏ (Skeletal muscle mass) လျော့နည်းလာခြင်း
- ကြွက်သားအား (Muscle strength) ကျဆင်းလာခြင်း
- ခန္ဓာကိုယ်လှုပ်ရှားနိုင်စွမ်း (Physical performance) ကျဆင်းလာခြင်း တို့ကို ဆိုလိုပါသည်။
အများအားဖြင့် အသက်အရွယ်ကြီးလာခြင်း (aging) ကြောင့် ဖြစ်တတ်သော်လည်း နာတာရှည်ရောဂါများ၊ အာဟာရချို့တဲ့ခြင်း၊ လှုပ်ရှားမှုနည်းခြင်း နှင့် prolonged hospitalization တို့ကြောင့်လည်း လူငယ်များတွင် ဖြစ်ပွားနိုင်ပါသည်။
Sarcopenia ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်
“Sarcopenia” ဟူသော စကားလုံးသည် ဂရိဘာသာစကားမှ ဆင်းသက်လာပြီး—
- Sarx = အသား သို့မဟုတ် ကြွက်သား
- Penia = ချို့တဲ့ခြင်း၊ ဆုံးရှုံးခြင်း ဟုအဓိပ္ပာယ်ရသောကြောင့် တိုက်ရိုက်ဘာသာပြန်ဆိုပါက “ကြွက်သားဆုံးရှုံးခြင်း” ဟုလည်း ခေါ်ဆိုနိုင်ပါသည်။
Sarcopenia က ဘာကြောင့် အရေးကြီးတာလဲ?
Sarcopenia သည် ကြွက်သားသေးငယ်လာခြင်းတစ်ခုတည်းသာ မဟုတ်ပါ။ ၎င်းကြောင့်—
- ချော်လဲနိုင်ခြင်း (Falls)
- အရိုးကျိုးနိုင်ခြင်း (Fractures)
- မသန်စွမ်းဖြစ်နိုင်ခြင်း (Disability)
- လွတ်လပ်မှုဆုံးရှုံးခြင်း (Loss of independence)
- ဆေးရုံတက်ရောက်ရနိုင်ခြင်း (Hospitalization)
- ခွဲစိတ်ကုသမှုခံယူထားသူများဖြစ်ပါက ရလဒ်မကောင်းနိုင်ခြင်း (Poor surgical outcomes) တို့ ဖြစ်နိုင်ပါသည်။
Sarcopenia အမျိုးအစားများ
1. Primary (Age-related) Sarcopenia
အသက်ကြီးလာခြင်း တစ်ခုတည်းကြောင့် ဖြစ်ပွားခြင်းဖြစ်ပြီး အခြားထင်ရှားသော အကြောင်းရင်း မရှိပါ။
ပုံမှန် အသက်ကြီးလာခြင်းနှင့် Sarcopenia ကွာခြားချက်
| ပုံမှန် အသက်ကြီးခြင်း | Sarcopenia |
|---|---|
| ကြွက်သားအနည်းငယ် လျော့လာသည် | ကြွက်သားများစွာ လျော့နည်းသည် |
| ကြွက်သားအား အနည်းငယ်ကျသည် | ကြွက်သားအား သိသိသာသာကျသည် |
| နေ့စဉ်လှုပ်ရှားမှုများ လုပ်နိုင်ဆဲ | နေ့စဉ်လုပ်ငန်းများ လုပ်ရန်ခက်ခဲသည် |
| ချော်လဲနိုင်ခြေ နည်းသည် | ချော်လဲနိုင်ခြေ မြင့်သည် |
အသက်ကြီးသူတိုင်း Sarcopenia ဖြစ်မည် မဟုတ်ပါ။
2. Secondary Sarcopenia
အခြားအကြောင်းရင်းတစ်ခုကြောင့် ဖြစ်ပွားခြင်းဖြစ်သည်။
(က) ရောဂါကြောင့် ဖြစ်သော Sarcopenia
- ကင်ဆာ
- နာတာရှည် ကျောက်ကပ်ရောဂါ
- နှလုံးအားနည်းရောဂါ
- နာတာရှည် အသည်းရောဂါ
- COPD
- Rheumatoid arthritis
(ခ) လှုပ်ရှားမှုနည်းခြင်းကြောင့် ဖြစ်သော Sarcopenia
- အိပ်ရာပေါ်တွင်ကြာရှည်စွာနေရခြင်း
- ကိုယ်လက်အင်္ဂါ မလှုပ်ရှားနိုင်ခြင်း
- လေ့ကျင့်ခန်းမလုပ်ခြင်း
- အာကာသထဲတွင် ကြာရှည်စွာနေခြင်း
(ဂ) အာဟာရချို့တဲ့ခြင်းကြောင့် ဖြစ်သော Sarcopenia
- ပရိုတင်းဓာတ် မလုံလောက်ခြင်း
- အစာငတ်ခံရခြင်း
- Vitamin D ချို့တဲ့ခြင်း
- စားချင်စိတ် လျော့နည်းခြင်း စသည့် ကြောင်းအရာများကြောင့် ဖြစ်ပွားတတ်ပါသည်။
Sarcopenia ဖြစ်ပွားချိန်တွင် ကြွက်သားအတွင်း ဘာတွေဖြစ်ပျက်နိုင်သလဲ?
1. ကြွက်သားမျှင်များ သေးငယ်လာခြင်း
အထူးသဖြင့် Type II (Fast-twitch) muscle fibers များ ပိုမိုလျော့နည်းသွားနိုင်သည်။ ၎င်းတို့သည်—
- အားပြင်းသော လှုပ်ရှားမှု
- လျင်မြန်စွာ တုံ့ပြန်နိုင်မှု
- ချော်လဲခြင်းကို ကာကွယ်နိုင်မှု တို့အတွက် အရေးကြီးပါသည်။
2. Motor neurons များ လျော့နည်းလာခြင်း
အသက်ကြီးလာသည်နှင့်အမျှ—
- Motor neurons များ သေဆုံးလာသည်။
- ကြွက်သားများသို့ အာရုံကြောထောက်ပံ့မှု လျော့နည်းလာသည်။
- ထို့ကြောင့် ကြွက်သားအား ကျဆင်းလာသည်။
3. ဟော်မုန်းပြောင်းလဲမှု
အသက်ကြီးလာသည်နှင့်အမျှ—
- Testosterone
- Estrogen
- Growth hormone
- IGF-1 တို့ လျော့နည်းလာပြီး ကြွက်သားအသစ် တည်ဆောက်နိုင်စွမ်း ကျဆင်းလာသည်။
4. နာတာရှည် ရောင်ရမ်းမှု
အသက်ကြီးသူများတွင် low-grade inflammation များ မကြာခဏ ဖြစ်တတ်ပြီး—
- IL-6
- TNF-α ကဲ့သို့သော inflammatory cytokines များ မြင့်တက်လာကာ ကြွက်သားပျက်စီးမှုကို ပိုမိုဖြစ်စေသည်။
5. Protein တည်ဆောက်နိုင်စွမ်း လျော့နည်းခြင်း
အသက်ကြီးလာသည်နှင့်အမျှ ခန္ဓာကိုယ်သည် စားသုံးသော ပရိုတင်းကို ယခင်ကဲ့သို့ ထိရောက်စွာ အသုံးမချနိုင်တော့ဘဲ Anabolic resistance ဖြစ်လာသဖြင့် ကြွက်သားပြုပြင်ခြင်းနှင့် တည်ဆောက်ခြင်း လျော့နည်းလာသည်။
6. Mitochondria လုပ်ဆောင်မှု ကျဆင်းခြင်း
ကြွက်သားဆဲလ်များတွင် စွမ်းအင်ထုတ်လုပ်မှု လျော့နည်းလာပြီး Oxidative stress မြင့်တက်လာသဖြင့် ကြွက်သားပျက်စီးမှုကို ပိုမိုမြန်ဆန်စေသည်။
ဖြစ်နိုင်ခြေမြင့်စေသော အကြောင်းရင်းများ
- အသက် ၆၅ နှစ်အထက်
- လေ့ကျင့်ခန်းမလုပ်ခြင်း
- အာဟာရချို့တဲ့ခြင်း
- ပရိုတင်းဓာတ် နည်းခြင်း
- အဝလွန်ခြင်း (Sarcopenic obesity)
- ဆေးလိပ်သောက်ခြင်း
- အရက်အလွန်အကျွံ သောက်ခြင်း
- ဆီးချိုရောဂါ
- ကင်ဆာ
- COPD
- နာတာရှည် ကျောက်ကပ်ရောဂါ
- နှလုံးအားနည်းရောဂါ
လက္ခဏာများ
Sarcopenia လူနာများတွင်—
- လက်ဆုပ်အား နည်းလာခြင်း (Weak grip)
- လမ်းလျှောက်ရာတွင်နှေးလာခြင်း
- လှေကားတက်ရန် ခက်ခဲခြင်း
- ထိုင်ခုံမှ မတ်တပ်ရပ်ရန် ခက်ခဲခြင်း
- မောပန်းလွယ်ခြင်း
- မကြာခဏ ချော်လဲခြင်း
- Balance မကောင်းခြင်း
- ကိုယ်ခံအားနှင့် လှုပ်ရှားနိုင်စွမ်း ကျဆင်းလာခြင်း တို့ကို တွေ့ရနိုင်သည်။
Sarcopenia ကို ဘယ်လို ရောဂါအတည်ပြုသလဲ?
အများဆုံး အသုံးပြုသော European Working Group on Sarcopenia in Older People (EWGSOP2) လမ်းညွှန်အရ—
အဆင့် (၁) – ကြွက်သားအား စစ်ဆေးခြင်း
- Handgrip strength
- Chair stand test
ကြွက်သားအား နည်းနေပါက Probable Sarcopenia ဟု သတ်မှတ်သည်။
အဆင့် (၂) – ကြွက်သားပမာဏ တိုင်းတာခြင်း
အသုံးများသော နည်းလမ်းများ—
- DXA Scan
- Bioelectrical Impedance Analysis (BIA)
- CT Scan
- MRI
ကြွက်သားပမာဏလည်း လျော့နည်းနေပါက Confirmed Sarcopenia ဟု သတ်မှတ်သည်။
အဆင့် (၃) – ကိုယ်လက်လှုပ်ရှားနိုင်စွမ်း စစ်ဆေးခြင်း
- Gait speed
- Short Physical Performance Battery (SPPB)
- Timed Up and Go (TUG)
- 400-meter walk test
ဤစမ်းသပ်မှုများတွင်လည်း စွမ်းဆောင်ရည် ကျဆင်းနေပါက Severe Sarcopenia ဟု သတ်မှတ်သည်။
Sarcopenia အဆင့်များ
| အဆင့် | သတ်မှတ်ချက် |
| Probable | ကြွက်သားအား နည်းခြင်း |
| Confirmed | ကြွက်သားအား + ကြွက်သားပမာဏ နှစ်မျိုးလုံး လျော့နည်းခြင်း |
| Severe | ကြွက်သားအား + ကြွက်သားပမာဏ + ကိုယ်လက်လှုပ်ရှားနိုင်စွမ်း သုံးမျိုးလုံး ကျဆင်းခြင်း |
ကုသမှု
ယခုအချိန်အထိ Sarcopenia ကို ကုသရန် အတည်ပြုထားသော ဆေးဝါး မရှိသေးပါ။ လေ့လာစမ်းသပ်နေသော ဆေးများရှိသော်လည်း လက်ရှိတွင် Resistance exercise နှင့် အာဟာရပြည့်ဝစွာ စားသုံးခြင်း သည် အကောင်းဆုံးကုသနည်းဖြစ်သည်။
1. Resistance Exercise
ဥပမာ—
- အလေးမလေ့ကျင့်ခန်း
- Resistance band
- Squat
- Leg press
တစ်ပတ်လျှင် ၂–၃ ကြိမ် ပြုလုပ်ပါက ကြွက်သားအားနှင့် ကြွက်သားပမာဏကို တိုးတက်စေပါသည်။
2. ပရိုတင်းဓာတ် လုံလောက်စွာ စားသုံးခြင်း
အထူးသဖြင့် အသက်ကြီးသူများတွင် ပရိုတင်း လုံလောက်စွာ စားသုံးခြင်းနှင့် Resistance exercise ကို တွဲဖက်လုပ်ဆောင်ခြင်းက ပိုမိုထိရောက်ပါသည်။
3. Vitamin D
Vitamin D ချို့တဲ့နေပါက ဖြည့်စွက်ပေးသင့်ပါသည်။
4. အခြေခံအကြောင်းရင်းများကို ကုသခြင်း
- အာဟာရချို့တဲ့ခြင်း
- နာတာရှည်ရောဂါများ
- လှုပ်ရှားမှုနည်းခြင်း
- အိပ်ရာပေါ် တွင်ကြာရှည်စွာနေရခြင်း တို့ကို ကုသပြုပြင်ရပါမည်။
Sarcopenia နှင့် Cachexia ကွာခြားချက်
| Sarcopenia | Cachexia |
| အသက်ကြီးခြင်းနှင့် ဆက်စပ်သည် | နာတာရှည်ရောဂါများကြောင့် ဖြစ်သည် |
| အဓိကအားဖြင့် ကြွက်သားဆုံးရှုံးသည် | ကြွက်သားနှင့် ကိုယ်အလေးချိန် နှစ်မျိုးလုံး လျော့နည်းသည် |
| အဆီပမာဏ မလျော့နိုင်ပါ | အဆီပမာ လျော့နည်းတတ်သည် |
| လေ့ကျင့်ခန်းနှင့် အာဟာရဖြင့် တိုးတက်နိုင်သည် | ကုသရန် ပိုမိုခက်ခဲပြီး primary cause ကို ကုသရန် အရေးကြီးသည် |
Maintain Muscle, Maintain Independence.
