ထိပ်ကပ်နာ ဝေဒနာကို ဘယ်လိုသက်သာအောင် ဘယ်လို ကုသမလဲ?

ရာသီဥတုအကူးအပြောင်းမှာ အဖြစ်များတဲ့ ကျန်းမာရေးပြဿနာတစ်ခုကတော့ ထိပ်ကပ်နာပဲ ဖြစ်ပါတယ်။ လူအများစုက ထိပ်ကပ်နာကို အအေးမိနှာစေးတာနဲ့ မှားယွင်းတတ်ကြပေမဲ့ တကယ်တော့ ထိပ်ကပ်နာဟာ နှာခေါင်းဘေးက လေအိတ်လေးတွေ ရောင်ရမ်းပိုးဝင်တာကြောင့် ဖြစ်တာပါ။ ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ထိပ်ကပ်နာက အလိုလိုပျောက်ကင်းနိုင်ပေမဲ့ ဘက်တီးရီးယားကြောင့် ဖြစ်လာရင်တော့ စနစ်တကျ ကုသဖို့ လိုအပ်ပါတယ်။ ဒီဆောင်းပါးမှာတော့ ထိပ်ကပ်နာဝေဒနာကို အိမ်မှာတင် ဘယ်လိုသက်သာအောင် လုပ်နိုင်မလဲနဲ့ ဘယ်လိုအချိန်မှာ ဆရာဝန်နဲ့ အမြန်ဆုံးပြသဖို့ လိုအပ်သလဲဆိုတာတွေကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။

🏠 အိမ်တွင်းပြုစုကုသနည်းများ (Home Remedies) 🏠

ထိပ်ကပ်နာဟာ ဗိုင်းရပ်စ်ကြောင့် ဖြစ်တာများတဲ့အတွက် အခြေခံအားဖြင့် အောက်ပါ နည်းလမ်းတွေနဲ့တင် သက်သာပျောက်ကင်းနိုင်ပါတယ် –

👃 နှာခေါင်းကို ဆားရည်ဖြင့် ဆေးကြောပါ (Nasal Saline Irrigation): နေ့စဉ် နှာခေါင်းအတွင်းပိုင်းကို ဆားရည်ကြည် (Saline spray or rinse) ဖြင့် ဆေးကြောပေးပါ။ ဒီလိုမျိုး ဆေးကြောမယ်ဆိုရင် ပိတ်ဆို့နေသော ချွဲများကို ဖယ်ရှားပေးပြီး နှာခေါင်းလမ်းကြောင်းကို သန့်စင်စေပါတယ်။

😮‍💨 ရေနွေးငွေ့ရှူပေးပါ (Steam Inhalation): နှာခေါင်းတွင်း တစ်ရှူးလေးတွေ မခြောက်သွေ့အောင် စိုထိုင်းဆကို ထိန်းသင့်ပါတယ်။ ရေနွေးငွေ့ကို တစ်နေ့ ၃ ကြိမ်ခန့် ရှူပေးခြင်းက နှာခေါင်းအတွင်း ရောင်ရမ်းမှုကို လျော့ကျစေပြီး အသက်ရှူရ ပိုမိုကောင်းမွန်စေပါတယ်။ ဒါမှမဟုတ် Humidifier (လေထုစိုထိုင်းဆ ထိန်းစက်) ကို အသုံးပြုပေးနိုင်ပါတယ်။

🩹 ရေနွေးဝတ် ကပ်ပေးပါ (Warm Compress): မျက်လုံး၊ နှာခေါင်းနှင့် ပါးရိုးတစ်ဝိုက်ကို ရေနွေးဝတ်ဖြင့် ကပ်ပေးခြင်းက ဖိအားကြောင့် ဖြစ်ပေါ်သော နာကျင်မှုကို သိသိသာသာ သက်သာစေပါတယ်။

🤧 ဓါတ်မတည့်ခြင်း (Allergy): ဖုန်မှုန့်၊ တိရစ္ဆာန်အမွေးအမျှင်နဲ့ ဆေးလိပ်ငွေ့တွေက နှာခေါင်းလမ်းကြောင်းကို ပိုပြီးရောင်ရမ်းစေနိုင်လို့ အတတ်နိုင်ဆုံး ရှောင်ကြဉ်ရပါမယ်။ နှာချေတာ၊ နှာယားတာနဲ့ နှာရည်ယိုတာတွေကို သက်သာစေဖို့ Cetirizine ( စီထရီဇင်း ) လိုမျိုး antihistamine ကို အသုံးပြုလို့ရပါတယ်။

💧 ရေများများ သောက်ပါ : ရေဓာတ် ပြည့်ဝနေရင် ချွဲတွေကို ကျဲစေပြီး အလွယ်တကူ ထွက်လာစေပါတယ်။ (ကော်ဖီနှင့် အရက်ကို ရှောင်ကြဉ်ပါ)။

⬆️ ခေါင်းကို မြှင့်အိပ်ခြင်း : အိပ်တဲ့အခါ ခေါင်းကို ခပ်မြင့်မြင့်လေး ထားအိပ်ပေးခြင်းဖြင့် နှာပိတ်ခြင်းကို သက်သာစေနိုင်ပါတယ်။

👨‍⚕️ ဆရာဝန်၏ ညွှန်ကြားမှုဖြင့် ကုသနိုင်သော နည်းလမ်းများ 👨‍⚕️

👃 စတီးရွိုက် နှာခေါင်းဖျန်းဆေးများ (Nasal steroid sprays): နှာခေါင်းတွင်း ရောင်ရမ်းမှုကို လျှော့ချပေးပါတယ်။

💊 ပဋိဇီဝဆေး/ပိုးသတ်ဆေးများ (Antibiotics) : ထိပ်ကပ်နာဟာ ဗိုင်းရပ်စ်ကြောင့်မဟုတ်ဘဲ ဘက်တီးရီးယားပိုးကြောင့် ဖြစ်တာဆိုရင် antibiotics ကို ဆရာဝန်၏ ညွှန်ကြားမှု နှင့် အညီ သုံးစွဲသင့်ပါတယ်။ နှာခေါင်းလေအိတ်တွေထဲမှာ ပိုးပွားနေတာကို ရပ်တန့်စေပြီး ရောင်ရမ်းမှုကို ကျဆင်းစေပါတယ်။ ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ အဝါရောင်၊ အစိမ်းရောင် ချွဲနောက်နောက်တွေကို သက်သာစေပါတယ်။

🏥 ခွဲစိတ်ကုသခြင်း : နှာခေါင်းရိုး စောင်းနေတာကို ပြင်တာ၊ နှာခေါင်းတွင်း အသားပို (Polyps) ဖယ်ရှားတာ၊ သို့မဟုတ် နှာခေါင်းတွင်း ပိတ်ဆို့နေတဲ့ မှိုလုံးတွေကို ဖယ်ရှားပြီး လမ်းကြောင်းဖွင့်ပေးတာတွေ ပါဝင်ပါတယ်။

🎈 Balloon sinuplasty : ပူဖောင်းငယ်လေးကို အသုံးပြုပြီး ပိတ်နေတဲ့ နှာခေါင်းလမ်းကြောင်းကို ချဲ့ပေးတဲ့ နည်းလမ်းတစ်ခုပါ။

⚠️ ဘယ်အချိန်မှာ ဆရာဝန်နဲ့ ပြသသင့်သလဲ? (When to See a Doctor) ⚠️

အိမ်တွင်းကုသမှုတွေနဲ့ မသက်သာဘဲ အောက်ပါအခြေအနေတွေ ကြုံလာရရင်တော့ ဆရာဝန်ရဲ့ ညွှန်ကြားမှုနဲ့ ကုသရပါမယ်။

  • ၁၀ ရက်ထက် ကျော်လွန်ခြင်း: လက္ခဏာတွေက ၁၀ ရက်ကျော်သွားပြီ ဖြစ်သော်လည်း မသက်သာဘဲ ပိုဆိုးလာလျှင်။
  • 🌡️အဖျားကြီးခြင်း: ကိုယ်အပူချိန် ၁၀၂ ဒီဂရီဖာရင်ဟိုက် (၃၈.၉ ဒီဂရီစင်တီဂရိတ်) နှင့်အထက် ဖျားလာလျှင်။
  • 🔁ရောဂါလက္ခဏာ ပြန်ပေါ်လာခြင်း: အအေးမိသလိုမျိုး သက်သာသွားပြီးမှ နောက်ပိုင်းတွင် ပိုမိုပြင်းထန်သော လက္ခဏာများ (ဥပမာ- ပြင်းထန်စွာ ခေါင်းကိုက်ခြင်း၊ ဖျားခြင်း) နှင့်အတူ ပြန်လည်ဖြစ်ပွားလာလျှင် (ဒါဟာ ဘက်တီးရီးယားပိုး ထပ်မံဝင်ရောက်ခြင်း ဖြစ်နိုင်ပါတယ်)။
  • 📅နာတာရှည် (Chronic) အခြေအနေများ: လက္ခဏာများက ၁၂ ပတ် (၃ လ) ထက် ကျော်လွန်နေလျှင် သို့မဟုတ် တစ်နှစ်အတွင်း အကြိမ်ကြိမ် ပြန်ဖြစ်နေလျှင် (ဒါဆိုရင်တော့ နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုဆရာဝန်နှင့် ပြသရန် လိုအပ်ပါပြီ)။
  • 🚨စိုးရိမ်ရသော လက္ခဏာများ: မျက်လုံးတစ်ဝိုက် နီမြန်းရောင်ရမ်းလာခြင်း၊ အမြင်အာရုံ ဝေဝါးခြင်း၊ လည်ပင်းတောင့်တင်းခြင်း သို့မဟုတ် စိတ်ရှုပ်ထွေးခြင်း။ ဒီလို အခြေအနေမျိုးတွေဟာ ရှားပါးပေမဲ့ ဖြစ်လာခဲ့ရင်တော့ အရေးပေါ် ကုသမှု ခံယူရပါမယ်။