
ထိပ်ကပ်နာ ရောဂါ ဆိုတာဘာလဲ ???
မျက်လုံးတစ်ဝိုက်၊ ပါးရိုးထဲနဲ့ နဖူးအရိုးတွေထဲမှာ sinuses လို့ခေါ်တဲ့ လေအိတ်လေးတွေ ရှိကြပါတယ်။ ပုံမှန်ဆိုရင် ဒီလေအိတ်လေးတွေထဲမှာ လေပဲရှိရမှာဖြစ်ပြီး၊ သူတို့က နှာခေါင်းထဲကို အစိုဓာတ်ပေးဖို့နဲ့ ဖုန်မှုန့်တွေကို စစ်ထုတ်ဖို့ အကျိအချွဲ (Mucus) အနည်းငယ် ထုတ်ပေးပါတယ်။ ထိပ်ကပ်နာ ဆိုတာ ဒီလေအိတ်လေးတွေ ရောင်ရမ်းတာပါ။
ဘာကြောင့် ဖြစ်တာလဲ ???
ထိပ်ကပ်နာရောဂါ ဖြစ်ရခြင်း အကြောင်းအရင်းတွေ ကတော့ ဓာတ်မတည့်ခြင်း (allergy) ၊ နှာခေါင်းထဲမှာ အသားပို (Nasal Polyps) ရှိနေခြင်း နှင့် အဖြစ်အများဆုံးကတော့ ပိုးဝင်ခြင်း ကြောင့် ဖြစ်ပါတယ်။ ပိုးဝင်တဲ့ အထဲမှာ ဗိုင်းရပ်စ် ပိုးဝင်ခြင်း နဲ့ ဘက်တီးရီးယား ပိုးဝင်ခြင်း ဆိုပြီး ၂ မျိုး ရှိပါတယ်။
98% က ဗိုင်းရပ်စ် ပိုးဝင်ခြင်း (Virus) ကြောင့်ဖြစ်ပြီး လက္ခဏာတွေက ရက်သတ္တပတ် အနည်းငယ် ကြာရင် ပျောက်သွားတတ်ပါတယ်။ 2% ကတော့ ဘက်တီးရီးယာ ပိုးဝင်ခြင်းကြောင့်ဖြစ်တတ်ပြီး ရောဂါလက္ခဏာတွေ ပိုပြင်းထန်ပြီး ပျောက်ဖို့ရန်လည်း လနဲ့ချီပြီး ကြာတာမျိုး ဖြစ်နိုင်ပါတယ်။
နှစ်ရှည်လများ နှာစေး၊ နှာပိတ်ဖြစ်ခြင်းက ထိပ်ကပ်နာရောဂါလား?
ရိုးရိုး အအေးမိတာ ဒါမှမဟုတ် Allergy ဆိုရင် ရက်ပိုင်း၊ သီတင်းပတ်ပိုင်းပဲ ကြာတတ်ပါတယ်။ နှစ်ရှည်လများ (၁၂ ပတ်ထက်ကျော်ပြီး) နှာစေး၊ နှာပိတ် ဖြစ်နေပြီဆိုရင်တော့ ဒါဟာ ရိုးရိုးအအေးမိတာ မဟုတ်တော့ဘဲ နာတာရှည် ထိပ်ကပ်နာ (Chronic Sinusitis) ဖြစ်ဖို့ ရာခိုင်နှုန်း တော်တော်များသွားပါပြီ။
ထိပ်ကပ်နာကို တော့ အမျိုးအစားအားဖြင့် အောက်ပါအတိုင်း ခွဲခြားနိုင်ပါတယ်။
- Acute Rhinosinusitis : (ရုတ်တရက် ဖြစ်တဲ့ ထိပ်ကပ်နာ) ရက်သတ္တပတ် ၄ ပတ်အောက်ဖြစ်ခြင်း
- Subacute Rhinosinusitis : ရက်သတ္တပတ် ၄ ပတ် မှ ၁၂ ပတ် အထိကို
- Chronic Rhinosinusitis (နာတာရှည်ထိပ်ကပ်နာ) : ရက်သတ္တပတ် ၁၂ ပတ်ကျော်လျှင်
- Recurrent Rhinosinusitis (ခဏခဏပြန်ဖြစ်တတ်သော ထိပ်ကပ်နာ) : တစ်နှစ်ပတ်လုံး ၄ကြိမ်နှင့် အထက်ဖြစ်ခြင်း ၊ တစ်ခါဖြစ်လျှင် ၇ ရက်လောက်ကြာတက်
ရောဂါလက္ခဏာများ
- နှာရည်တွေ ပျစ်ပြီး အရောင်နောက်နေမယ်။
- လည်ချောင်းထဲ သလိပ်တွေ စီးကျနေမယ် (Postnasal drip)။
- နှာခေါင်းပိတ်လို့ အသက်ရှူရခက်မယ်။
- မျက်လုံး၊ ပါး၊ နှာခေါင်း သို့မဟုတ် နဖူးတစ်ဝိုက် တင်းပြီး နာနေမယ်။
- နားထဲမှလေထွက်သလိုခံစားရခြင်း။
- နားအူခြင်း စတဲ့လက္ခဏာတွေ အဖြစ်များတတ်ပါတယ်။
အခြားသော လက္ခဏာတွေ အနေနဲ့
- နားကိုက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ သွားကိုက်ခြင်း
- ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ အသက်ရှူရင် အနံ့ဆိုးထွက်ခြင်း
- အမြဲတမ်း နုံးချိနေခြင်း စတာတွေလည်း ဖြစ်နိုင်ပါတယ်။
နာတာရှည်ထိပ်ကပ်နာရောဂါမှာတော့ နှာပိတ်တာကို သက်သာစေဖို့ ခန္ဓာကိုယ်ရဲ့ တုန့်ပြန်မှုတစ်ခုဖြစ်တဲ့ နှာခေါင်းမှ လေကို ပြန်မှုတ်တဲ့ အလေ့အကျင့် ရှိနေတတ်ပါတယ်။
ဘယ်လိုကုသရမလဲ?
ထိပ်ကပ်နာရောဂါက ဗိုင်းရပ်စ်ကြောင့် ရုတ်တရက်ခဏတာဖြစ်တာမျိုးဆို စိတ်ပူစရာ မရှိပေမဲ့ ဘက်တီးရီးယာကြောင့် နာတာရှည်ဖြစ်လာပြီဆိုရင် သက်ဆိုင်ရာ ဆရာဝန်နဲ့ ပြသပြီး ဆရာဝန်ညွှန်ကြားမှုနှင့်အညီ ပဋိဇီဝဆေးတွေ သောက်ဖို့လိုတယ်။
