
အသက်အရွယ် ကြီးရင့်လာခြင်းကြောင့် နားမကြားခြင်းကို လူအယောက် ၁၀၀ အနက် ၃၀ ယောက်မှာ တွေ့ရတတ်ပါတယ်။ အသက်အရွယ် ကြီးရင့်လာခြင်းကြောင့်ဖြစ်တဲ့ နားမကြားတာဟာ ရုတ်တရက်ဆိုသလို မသိသာပေမဲ့ ကာလကြာရှည်လာလို့ သတိပြုမိတဲ့အခါ နားကြားကိရိယာတပ်ဖို့ အလွန်နောက်ကျတဲ့ အခြေအနေတွေထိ ရောက်သွားနိုင်ပါတယ်။
သတိပြုရမှာတစ်ခုက အသက်ကြီးလာလို့ဖြစ်တဲ့ နားမကြားခြင်းအများစုက မိန်းကလေးအသံနဲ့ ကလေးအသံတွေကို မကြားနိုင်ဘဲ ယောက်ျားသံတွေကို ပိုကြားကြတာ များပါတယ်။
အသက်ကြီးလာလို့ဖြစ်တဲ့ နားမကြားခြင်းက တဖြည်းဖြည်းချင်းမှ ဖြစ်လာတဲ့ နားမကြားခြင်းဖြစ်လို့ တကယ်ဖြစ်လာမှ ကုသခြင်းထက် ကြိုတင်ကာကွယ်ခြင်းကလည်း အရေးကြီးတဲ့အရာတစ်ခုဖြစ်ပါတယ်။
အသက်ကြီးရင့်လာခြင်းကြောင့်ဖြစ်တဲ့နားမကြားခြင်းကို ဖြစ်စေတဲ့အကြောင်းရင်းတွေကဘာတွေလဲ?
အသက်အရွယ် ကြီးရင့်လာခြင်းကြောင့်ဖြစ်တဲ့ နားမကြားခြင်းဟာ အတွင်းနား၊ အလယ်နား၊ ဦးနှောက်ကို သတင်းအချက်အလက် ပို့ဆောင်တဲ့လမ်းတလျှောက် စတဲ့နေရာတွေမှာ ချို့ယွင်းမှုတွေရှိနေတာဖြစ်နိုင်ပါတယ်။
အသက်အရွယ် ကြီးရင့်ခြင်းကြောင့်ဖြစ်တဲ့ နားမကြားခြင်းကို ဖြစ်စေတဲ့ အဓိကအကြောင်းရင်းတွေကတော့-
- သီချင်းအကျယ်ကြီး နားထောင်ခြင်း နှင့် ဆူညံသံများသော ပတ်ဝန်းကျင်တွင် အချိန်ကြာမြင့်စွာ လုပ်ကိုင်ခဲ့ဖူးခြင်း
- အတွင်းနားထဲရှိ အသံကို ဦးနှောက်သို့ ပို့ဆောင်ရာမှာ အရေးပါတဲ့ Hair Cell လေးများပျက်ဆီးလာခြင်း
- မျိုးရိုးလိုက်ခြင်း
- အသက်အရွယ် ကြီးရင့်လာခြင်း
- နှလုံးရောဂါ နှင့် ဆီးချိုကဲ့သို့သော ရောဂါများရှိနေခြင်း
- Aspirin၊ ကင်ဆာဆေး နှင့် ပိုးသတ်ဆေးများမှ ဘေးထွက်ဆိုးကျိုးများရှိနေခြင်း
- ဝင်ငွေနည်းပါးမှုကြောင့် အာဟာရပြည့်မှီအောင် မစားသောက်နိုင်ခြင်း
- ရောဂါပိုးများဝင်ရောက်ခြင်း
- ဆေးလိပ်သောက်ခြင်း စတာတို့ပဲဖြစ်ပါတယ်။
အသက်အရွယ်ကြီးရင့်ခြင်းကြောင့်ဖြစ်တဲ့နားမကြားခြင်းရဲ့ ရောဂါလက္ခဏာတွေကဘာတွေလဲ?
လူတစ်ယောက်နဲ့ တစ်ယောက်ပေါ်မူတည်ပြီး နားမကြားခြင်းရဲ့ လက္ခဏာတွေက မတူညီပေမဲ့ ယေဘူယျအားဖြင့် အောက်ပါ လက္ခဏာတွေကို တွေ့ရတတ်ပါတယ်။
- အခြားသူပြောသော စကားလုံးတွေက ရောထွေးနေပြီး ပြတ်ပြတ်သားသား မကြားရခြင်း
- မိန်းမသံ နှင့် ကလေးသံကဲ့သို့ အမြင့်သံများ နားထောင်ရန်ခက်ခဲခြင်း
- ဆူညံသော ပတ်ဝန်းကျင်တွင် စကားသံများ နားထောင်ရန်ခက်ခဲခြင်း
- ယောက်ျားသံတွေကို မိန်းမသံတွေထက် ပိုမိုပြတ်သားစွာ ကြားရခြင်း
- နားတစ်ဖက် သို့မဟုတ် နှစ်ဖက်လုံးတွင် အသံတဝီဝီမြည်ခြင်း
အသက်အရွယ် ကြီးရင့်လာခြင်းကြောင့် နားမကြားခြင်းဟာ တဖြည်းဖြည်း ဖြစ်လာတဲ့ ဖြစ်စဥ်တစ်ခုဖြစ်ပေမဲ့ တစ်ကယ်လို့မိမိက ရုတ်တရက် နားမကြားတော့တာမျိုး ဆိုရင်တော့ ဆရာဝန်နဲ့ချက်ချင်းပြသပြီး တိုင်ပင်ဖို့ အရေးကြီးပါတယ်။
အသက်ကြီးလာလို့ဖြစ်တဲ့နားမကြားခြင်းကိုဘယ်လိုကုသမလဲ?
နားမကြားခြင်းကို ကုသရာမှာ အသက်၊ ရောဂါလက္ခဏာနဲ့ ကျန်းမာရေး အခြေအနေ ပေါ်မူတည်ပါသေးတယ်။ ပုံမှန်အားဖြင့် နားကြားကိရိယာတပ်ဆင်ခြင်း၊ ပါးစပ်ရဲ့လှုပ်ရှားပုံကို ကြည့်ပြီး ဘာပြောလဲ သိနိုင်အောင်ဖတ်ခြင်း၊ အပြင်နားမှာ နားဖာချေးများ စုပုံမနေရန် သတိထားခြင်း စတာတွေကိုလုပ်ဆောင်နိုင်ပါတယ်။
အသက်ကြီးခြင်းကြောင့်ဖြစ်တဲ့နားမကြားခြင်းကိုဘယ်လိုကာကွယ်ကြမလဲ?
အသက်ကြီးခြင်းကြောင့်ဖြစ်တဲ့ နားမကြားခြင်းကို ကာကွယ်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ အကြားအာရုံကို အစဥ်အမြဲ ကာကွယ်နေခြင်းပဲဖြစ်ပါတယ်။
- နားကြပ်အသုံးပြုတဲ့အခါ အသံကို အတတ်နိုင်ဆုံးတိုးပြီးနားထောင်ပါ။
- ဆူညံသံများနဲ့ အဝေးဆုံးမှာနေပါ။ အတတ်နိုင်ဆုံး ဆူညံသံများနဲ့ အထိအတွေ့မရှိအောင်နေပါ။
- ဆေးလိပ်မသောက်ပါနဲ့။
- နားတွင်းပိုးဝင်ခြင်းနဲ့အနာဖြစ်ခြင်းကို အတတ်နိုင်ဆုံးကာကွယ်ပါ။
- လိုအပ်ပါက နားအကာနှင့် နားကြပ် (Ear Plug) များတပ်ဆင်ပါ။
တကယ်လို့ အသက်အရွယ်ကြောင့် ရှောင်လွှဲလို့မရတဲ့ နားမကြားခြင်း ဖြစ်လာခဲ့ရင်တောင် မိသားစုဝင်တွေနဲ့ သူငယ်ချင်းတွေရဲ့ အားပေးမှုနဲ့ နားလည်မှုတွေက အရေးကြီးတာကြောင့် နားမကြားတဲ့သူကို စိတ်ရှည်ရှည်ဆက်ဆံပေးပြီး အသုံးမကျတော့တဲ့ သူတစ်ယောက်အနေနဲ့ ခွဲခြားမဆက်ဆံမိဖို့ အရေးကြီးပါတယ်။ နားကြားကိရိယာ တပ်ဆင်ခဲ့ရရင်တောင် ကူညီဖေးမပေးပြီး အမြဲတပ်ဖြစ်ဖို့ အားပေးကြဖို့ လိုအပ်ပါတယ်။
