လူအများစုက “ဟောက်တယ်” ဆိုတာကို အိပ်ပျော်လွန်းလို့၊ ပင်ပန်းလို့ ဖြစ်တာပဲလို့ လွယ်လွယ်နားလည်တတ်ကြပါတယ်။ ဒါပေမယ့် တကယ်တမ်းမှာတော့ အမြဲတမ်း ပြင်းပြင်းထန်ထန်ဟောက်နေခြင်း ဟာ ခန္ဓာကိုယ်က ပေးနေတဲ့ သတိပေးချက်တစ်ခု ဖြစ်နေနိုင်ပါတယ်။
ကျန်းမာရေးပညာရှင်များ၏ အဆိုအရ၊ အဲ့ဒီလိုဟောက်ခြင်းက Obstructive Sleep Apnea (OSA) လို့ခေါ်တဲ့ ရောဂါနဲ့ ဆက်နွယ် နေနိုင်ပါတယ်။ ဒီရောဂါဟာ အိပ်နေချိန်မှာ အသက်ရှူလမ်းကြောင်းတွေ ခဏခဏ ပိတ်ဆို့ပြီး အသက်ရှူရပ်သွားတာမျိုး ဖြစ်စေတတ်တဲ့ အိပ်စက်မှုဆိုင်ရာ ပြဿနာတစ်ခုပါ။OSA ကို သတိမထားဘဲ မကုသပဲထားမယ်ဆိုရင် ခန္ဓာကိုယ်ရဲ့ အရေးကြီးတဲ့ အင်္ဂါအစိတ်အပိုင်းများကို တဖြည်းဖြည်း ထိခိုက်စေနိုင်ပါတယ်။နောက်ဆက်တွဲ ရောဂါလက္ခဏာတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

နေ့လည်ဘက်တွက်အိပ်ငိုက်ခြင်း နှင့် အာရုံစူးစိုက်ရန်ခက်ခဲခြင်း
ညဘက်မှာ ကောင်းမွန်လုံလောက်တဲ့အိပ်စက်ခြင်းကိုမရရှိတဲ့သူတွေဟာ နေ့လည်ဘက် လုပ်ငန်းခွင်နဲ့ စာသင်ကြားခြင်းတွေမှာ နိုးလာလျှင် ခေါင်းကိုက်ခြင်း ၊ အာရုံစူးစိုက်ရခက်ခဲခြင်း၊ မကြာခဏအိပ်ငိုက်ခြင်း နဲ့ အချိန်တိုအတွင်းမှာ မိမိဘာသာ မသိလိုက်ဘဲ အိပ်ပျော်သွားခြင်း တွေဖြစ်တတ်ပါတယ်။ ဒီလိုပြဿနာက စားပွဲခုံမှာထိုင်နေတဲ့သူတွေအတွက်အရေးမကြီးပေမဲ့ ကားမောင်းရမဲ့သူတွေ နဲ့ စက်ယန္တရားကိုင်တွယ်သူတွေ အတွက်တော့ အသက်အန္တရာယ် စိုးရိမ်ရတဲ့အတွက် ပိုမိုဂရုစိုက်ရပါမယ်။
အိပ်ရေးမဝမှုကြောင့် အာရုံစိုက်ရ ခက်ခဲရုံတင်မကဘဲ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်တဲ့နေရာမှာ မှားယွင်းတာ (Problems with making decisions) ၊ ရှုပ်ထွေးတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်စွမ်း (Complex problem solving) ၊မှတ်ဉာဏ်ပြဿနာ နဲ့ ကိုယ့်ရဲ့ အမူအကျင့်ကို ထိန်းချုပ်နိုင်စွမ်း (Controlling behavior) လျော့နည်းလာတာမျိုးတွေ ဖြစ်တတ်ပါတယ်။
နှလုံးနှင့် သွေးကြောဆိုင်ရာ ပြဿနာများ (Cardiovascular Impacts)
OSA ရောဂါဟာ အသက်ရှူရုတ်တရက် ရပ်သွားတဲ့ရောဂါဖြစ်လို့ အသက်ရှူရပ်သွားတိုင်း သွေးတွင်း Oxygen ပမာဏ ရုတ်တရက် ကျဆင်းသွားပြီး သွေးဖိအားကို မြင့်တက်စေပါတယ်။ ဒါကို ပြန်တုံ့ပြန်တဲ့အနေနဲ့ နှလုံးက Oxygen များများပိုဝင်အောင် ဇောနဲ့မြန်မြန် ညှစ်တဲ့အခါ Tachycardia လို့ခေါ်တဲ့ နှလုံးခုန်မြန်ခြင်းနဲ့ သွေးတိုးခြင်း (Hypertension) တွေဖြစ်လာပါတယ်။
ဒါ့အပြင် Atrial fibrillation လို့ခေါ် တဲ့ နှလုံးအခန်း ခုန်နှုန်းမမှန်ခြင်း ၊ လေဖြတ်ခြင်း ( Stoke ) နဲ့ နှလုံးရုတ်တရက် ရပ်ပြီးသေဆုံးခြင်း ( Sudden Cardiac Death ) စတဲ့ ရောဂါလက္ခဏာများ ဖြစ်နိုင်ချေလည်း များပါတယ်။
ဇီဝကမ္မ ဖြစ်စဉ်ဆိုင်ရာ ပြဿနာများ (Metabolic Complications)
NHLBI ရဲ့ အဆိုအရ OSA ဟာ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေကို ကမောက်ကမ ဖြစ်စေပါတယ်။
- Type 2 Diabetes Mellitus : OSA ရှိသူတွေဟာ အင်ဆူလင် (insulin) ကို ခန္ဓာကိုယ်က ကောင်းကောင်း အသုံးမချနိုင်တော့တဲ့ (Insulin Resistance) ဖြစ်စဉ်ကို ကြုံတွေ့ရပြီး ဆီးချိုရောဂါ ဖြစ်နိုင်ခြေ ပိုများပါတယ်။
- Metabolic Syndrome : သွေးတိုးခြင်း၊ ကိုလက်စထရောတက်ခြင်း နဲ့ ခါးအတိုင်းအတာ ကြီးမားလာခြင်းတို့ စုပေါင်းဖြစ်ပေါ်လာပြီး နှလုံးရောဂါဖြစ်ဖို့ လမ်းစခင်းပေးသလို ဖြစ်နေနိုင်ပါတယ်။
သောက်ဆေးနဲ့ Surgery ဆိုင်ရာ နောက်ဆက်တွဲရောဂါများ
အိပ်ဆေးကဲ့သို့ အာရုံကြောကို Relax လုပ်ပေးတဲ့ဆေးတွေသောက်နေရတဲ့သူတွေအနေနဲ့ OSA ဖြစ်လာတဲ့အခါ ဒီဆေးတွေသောက်တဲ့အရှိန်နဲ အသက်ရှူလမ်းကြောင်းရှိ ကြွက်သားများကိုလည်း ပိုမိုလျော့ရဲစေတဲ့အတွက် OSA ကို ပိုမိုဆိုးရွားစေပါတယ်။
OSA ရှိသူတွေဟာ ခွဲစိတ်မှု ပြုလုပ်တဲ့အခါ မေ့ဆေး (General Anesthesia) ဒါမှမဟုတ် အကိုက်အခဲပျောက်ဆေး အချို့ကြောင့် အသက်ရှူလမ်းကြောင်း ပိုမိုပိတ်ဆို့ပြီး အသက်အန္တရာယ် ရှိနိုင်ပါတယ်။ ဒါကြောင့် ခွဲစိတ်မှုမလုပ်ခင် မိမိမှာ OSA ရှိကြောင်း ဆရာဝန်ကို ကြိုတင်ပြောပြဖို့ အလွန်အရေးကြီးပါတယ်။
စိတ်ပိုင်းဆိုင်ရာနှင့် လူမှုရေးပြဿနာများ
အိပ်ရေးပျက်တဲ့အခါ စိတ်တိုလွယ်ခြင်း(irritability)၊ စိတ်ဓာတ်ကျခြင်း (Depression) နဲ့ စိုးရိမ်စိတ်လွန်ကဲခြင်း (Anxiety) တို့ ဖြစ်လာနိုင်ပါတယ်။
OSA ရဲ့ အသိသာဆုံး လက္ခဏာဖြစ်တဲ့ အိပ်စက်စဉ်ဟောက်ခြင်းဟာ မိမိနှင့်အတူအိပ်စက်တဲ့ မိမိအိမ်ထောင်ဘက် သို့မဟုတ် မိသားစုမောင်နှမတွေအပြင် အခန်းဖော်ကိုပါ အနှောက်အယှက်ဖြစ်စေလို့ နှစ်ဦးလုံး ကောင်းမွန်တဲ့အိပ်စက်ခြင်းကို မရရှိနိုင်တော့ပါဘူး။
မျက်လုံးဆိုင်ရာ ပြဿနာများ
OSA ရောဂါဟာ ရေတိမ်(Glaucoma) မျက်လုံးဆိုင်ရာ ရောဂါများနဲ့ဆက်စပ်မှုရှိနေပါတယ်။ရေတိမ် ကဲ့သို့ ရောဂါမျိုးဟာ “စောစီးစွာ စစ်ဆေးကုသရင် အမြင်အာရုံဆုံးရှုံးမှုကို ကာကွယ်နိုင်ပါတယ်” ။ များသောအားဖြင့် OSA နဲ့ဆက်နွယ်နေတဲ့ မျက်လုံးရောဂါများက ကုသလို့ရပါတယ်။
အသည်းကျန်းမာရေး (Liver Problems)
မထင်မှတ်ထားတဲ့ ဆိုးကျိုးတစ်ခုကတော့ အသည်းပါ။ OSA ရှိသူတွေမှာ အသည်းအင်ဇိုင်း စစ်ဆေးချက်တွေ ပုံမှန်မဟုတ်တာကို တွေ့ရတတ်ပြီး Nonalcoholic fatty liver disease (အရက်ကြောင့်မဟုတ်ဘဲ အသည်းအဆီဖုံးခြင်း) နဲ့ Liver Cirrhosis(အသည်းခြောက်ခြင်း သို့ အသည်းမှာအမာရွက်ဖြစ်ခြင်း) ဖြစ်နိုင်ပါတယ်။
