နားလေးခြင်း အမျိုးအစား (၃) မျိုး

လှုပ်ရှားသွားလာနေတဲ့ နေ့စဉ်ဘဝတစ်လျှောက် သင် နဲ့ သင့်မိသားစု၊ မိတ်ဆွေ တစ်ယောက်ယောက်ထဲမှာ နားမကြားတဲ့သူရှိတာကို အရေအတွက် တစ်ခုလောက်ထိ တွေ့ဖူးမှာပါ။

နားမကြားရတဲ့အကြောင်းရင်း ဟာ တစ်ခုမက ဖြစ်နိုင်တဲ့အပြင် နားမကြားဘူး လို့ ဆိုတိုင်း လုံးဝကန်း သွားတာ မဟုတ်ဘဲ အတိုင်းအတာ တစ်ခုလောက်ထိပဲ နားလေးသွားတာ မျိုးလည်း ဖြစ်နိုင်ပါတယ်။

နားကို အပြင်နား (Outer Ear), အလယ်နား (Middle Ear) နဲ့ အတွင်းနား (Inner Ear) ဆိုပြီး သုံးပိုင်း ခွဲထားပြီး ပုံမှန် ဖြစ်မနေတဲ့ နားရဲ့အစိတ်အပိုင်းပေါ် မူတည်ပြီး နားလေးခြင်းကို 

  1. Sensorineural Hearing Loss (SNHL)
  2. Conductive Hearing Loss (CHL)
  3. Mixed Hearing Loss (SNHL+CHL)

ဆိုပြီးအကြမ်းအားဖြင့် သုံးမျိုး ခွဲခြားနိုင်ပါတယ်။

ကဲ … ဒါဆိုရင် သင်နဲ့ သင်ချစ်ရတဲ့ မိသားစု ဒါမှမဟုတ် မိတ်ဆွေတွေက နားမကြာရဘူးလို့ ပြောလာရင် ဘယ်အမျိုးအစားမှာ ကျရောက်တဲ့ နားမကြားခြင်း လည်း သိရအောင် ပုံလေးတွေနဲ့ တကွ ဆက်လက် ဖတ်ကြည့်ပါနော်။

1. Sensorineural Hearing Loss (SNHL)

SNHL အမျိုးအစားမှာ အတွင်းနား (Inner Ear) အထူးသဖြင့် Cochlea လို့ခေါ်တဲ့ နားအတွင်းက ခရုပတ်ပုံသဏ္ဍန် အစိတ်အပိုင်း နဲ့ အကြားအာရုံနဲ့ ဆိုင်တဲ့ အာရုံကြော (Acoustic Nerve / Auditory Nerve) က တစ်ခုခု မှားယွင်းနေတာပါ။

လူတွေ အဖြစ်များတဲ့ အသက်ကြီးလို့ နားလေးခြင်း နဲ့ အလွန် ကျယ်လောင်တဲ့ ဆူညံသံတွေ ကို အချိန် ကြာမြင့်စွာ နားထောင်ခြင်း ကြောင့် နားလေးသွားခြင်း ဟာ ဒီအမျိုးအစား မှာ ပါပါတယ်။

ရောဂါ (ဥပမာ ဦးနှောက်အမြှေးယောင်ခြင်း) နဲ့ ဆေးသောက်မှားပြီး နားလေးခြင်းဟာလည်း ဒီအမျိုးအစား မှာ ပါပါတယ်။

Sensorineural Hearing Loss (SNHL) ဟာ များသောအားဖြင့် အမြဲတမ်း နားလေးသွားတာ ဖြစ်ပြီး ပြန်လည် နားကြားတော့မှာ မဟုတ်ပါဘူး။ ကုသခြင်းနည်းလမ်းများ က နားကြားကိရိယာ (Hearing Aid) တပ်ဆင်ခြင်း နဲ့  ခွဲစိတ်နားကြားစက်တပ်ခြင်း (Cochlear Implant-CI) တို့ပဲ ဖြစ်ပါတယ်။

2. Conductive Hearing Loss (CHL)

CHL အမျိုးအစားမှာ တော့ နာမည်အတိုင်း ပဲ အသံ ကို နားအတွင်းကို ပို့ဆောင်ခြင်း (Conduct) လုပ်တဲ့နေရာ မှာ တစ်ခုခုမှားယွင်းနေတာပါ။ နားဖာချေး ပိတ်နေတာ ဖြစ်စေ၊ နားအတွင်းက လမ်းကြောင်း တစ်နေရာမှာ အရည်တွေ ပိတ်ဆို့နေတာဖြစ်စေ၊ နားစည်မှာ ပြဿနာ တစ်ခုခု ဖြစ်နေတာ ဖြစ်စေ၊ နားအတွင်းအရိုး ခိုင်နေတာ ဖြစ်စေ တစ်ခုခုကြောင့် နားလေးသွားရင် ဒီအမျိုးအစား အောက်မှာ ကျရောက်မှာပါ။ တစ်ချို့ကလေးတွေမှာ မွေးရာပါ နားပုံစံ မမှန်ခြင်း ဟာလည်း အသံကို နားအတွင်း ပို့ဆောင်ရာမှာ အခက်အခဲ ဖြစ်စေတဲ့အတွက် ဒီလို နားလေးခြင်းမျိုး ကို ဖြစ်ပေါ်စေပါတယ်။

ကုသခြင်း နည်းလမ်းများ ကတော့ ပိတ်ဆို့နေတဲ့အရာ ကို ဖယ်ထုတ်ခြင်း နဲ့ ပုံသဏ္ဍန် မမှန်တာတွေ ကို ခွဲစိတ်ကုသခြင်း တို့ဖြစ်ပါတယ်။ လိုအပ်ပါက နားကြားကိရိယာ တပ်ဆင်ခြင်း၊ ခွဲစိတ်နားကြားကိရိယာ တပ်ဆင်ခြင်း နဲ့ အရိုးနှင့် ချိတ်ဆက်ရသော နားကြားကိရိယာ (Bone Anchored Hearing Aid-BAHA) တပ်ဆင်ခြင်း တို့ လုပ်ဆောင်ရနိုင်ပါတယ်။

3. Mixed Hearing Loss

Mixed HL အမျိုးအစားကတော့ အပေါ်က နှစ်ခု SNHL + CHL ရော နေတာပါ။ ဒါကြောင့် ဒီလို နားမကြားခြင်းမျိုးက ပိုဆိုးတတ်ပါတယ်။