နားကြားကိရိယာ ဓာတ်ခဲ အကြောင်း သိကောင်းစရာ

နားကြားကိရိယာများတွင် အားပြန်သွင်းလို့ ရသည့် Rechargeable အမျိုးအစား နှင့် ဓာတ်ခဲ ထည့်သုံးရတဲ့ အမျိုးအစား ဟူ၍ ၂မျိုး ခွဲခြားနိုင်ပါသည်။ ဒီပိုစ့်မှာတော့ လူသုံးများတဲ့ နားကြားကိရိယာ ဓာတ်ခဲ အကြောင်းပဲ အဓိကထား ပြောပြပေးသွားပါမယ်။

နားကြားကိရိယာ ဝယ်ယူလိုက်ပြီ ဆိုတာနဲ့ သူနဲ့ ကိုက်တဲ့ ဓာတ်ခဲ အရွယ်အစား ကို မှတ်ထားဖို့ လိုအပ်ပါတယ်။ Size 10, 312, 13, 675 က အရွယ် အသေး ကနေ အကြီး အထိ အစဉ်လိုက်ပါ။

နားကြားကိရိယာ ဓာတ်ခဲတွေက အရောင် ကပ်ခွါလေးတွေ နဲ့ပါ။ Size 10 ဆို အဝါရောင် Size 312 ဆို အညိုရောင်၊ Size 13 ဆို လိမ္မော်ရောင်၊ Size 675 ဆို အပြာရောင် နဲ့ပါ။ တံဆိပ် မတူပေမယ့်လည်း စံသတ်မှတ်ချက်အရ အရောင် နဲ့ အရွယ်အစား နံပါတ်တူ ရင် တူပါတယ်။ အရွယ်အစား နံပါတ် မမှတ်မိရင် အရောင် နဲ့ ဓာတ်ခဲ ပြောဝယ်လို့လည်း ရနိုင်ပါတယ်။

နားကြားကိရိယာ ဓာတ်ခဲတွေ က Zinc Air အမျိုးအစားတွေပါ။ အသုံးပြုခါနီးမှ အပေါ်က Seal Sticker ကို ခွါပြီးသုံးရတာကို တော့သတိပြုပေးရပါမယ်။

Zinc-Air Battery တွေဆိုတာဘာလဲ။ ဓာတ်ခဲမျက်နှာပြင်မှာပါတဲ့ လေပေါက်လေးတွေ (Air Holes) က ဘယ်လို အလုပ်လုပ်တာလဲ။

ဒီနည်းပညာက Battery ရဲ့ Stability နဲ့ Duration ကိုကြာကြာခံစေနိုင်တာအပြင် ဓာတ်ခဲ size ပေါ်မူတည်ပြီး ထုတ်လွှတ်ချင်တဲ့ Current (mA) ကို ထိန်းချုပ်လို့ရသွားပါတယ်။ ဒါကြောင့် ဓာတ်ခဲ ရဲ့ Brand နဲ့ Size ပေါ်မူတည်ပြီး Air Hole လေးတွေရဲ့ အရေအတွက်မတူတာကိုတွေ့ရတာပါ။ Air Hole များလေလေ၊ Air Activation များလေလေ၊ ပိုကြီးတဲ့ Current(mA) ကိုထုတ်ပေးနိုင်လေ ဖြစ်ပါတယ်။

Zinc-Air ဓာတ်ရိုးခဲတွေဟာ ရိုးရိုးနာရီဓာတ်ခဲ ထက် အားပိုများပါတယ်။ အရွယ်အစားတူ နာရီဓာတ်ခဲ ကို နားကြားကိရိယာ မှာ တပ်သုံးရင် ၁ရက်လောက်ပဲ အသုံးပြုလို့ရပါတယ်။ ဒီ Zinc Air နားကြားကိရိယာ အမျိုးအစား ကတော့ အရွယ်အစားအလိုက် ရက်တော်တော်များများ ခံပါတယ်။ သတိပြုမိရမှာက ကပ်ခွါ ခွါလိုက်ပြီးတာနဲ့ သုံးသုံး မသုံးသုံး အားကုန်တယ် ဆိုတာပါပဲ

နားကြားကိရိယာဓာတ်ခဲအားများကို အလေအလွင့်မရှိပဲ ကြာရှည်စွာအသုံးပြုနည်းများ


၁။ နားကြားကိရိယာကို အသုံးလိုမှသာတပ်ဆင်ပါ။
၂။ အသုံးမပြုတဲ့အချိန် ( ရေချိုးချိန် နဲ့ အိပ်ရာဝင်ချိန်)တွေမှာ ဘက်ထရီအိမ်လေးကို ဖွင့်ထားပေးပါ။ ဒီနည်းလမ်းက မလိုအပ်ဘဲ ဘက်ထရီကုန်တာနည်းစေသလို နားကြားကိရိယာထဲမှာ အစိုပြန်တာကိုလည်းသက်သာစေပါတယ်။
၃။ ဓာတ်ခဲတွေကို အခန်းအပူချိန်မှာပဲထားပါ။
၄။ ဓာတ်ခဲတွေကို အခြားသတ္တုတွေနဲ့ မထိတွေ့အောင် သတိထားပါ။ ( ဥပမာ- သော့၊ မျက်မှန်ကိုင်း)။ အသုံးမပြုချိန် ချွတ်ထားတဲ့အခါ သတ္တုဘူးတွေမှာ မထည့်ဘဲ ကော်ဘူးထဲတွင်သာ ထည့်ပြီး အစိုမပြန်တဲ့အထုတ်လေးတွေ ထည့်ထားပေးပါ။

Tip: အားပိုမိုခံဖို့အတွက်တော့ ကပ်ခွါ ခွါပြီးတာနဲ့ ချက်ချင်း အသုံးမပြုသေးဘဲ ၁မိနစ်ခန့် စောင့်ပြီးမှ စတင် အသုံးပြုပါက ပိုကြာရှည်ခံပါတယ်။

နားကြားကိရိယာ Size နှင့် အများသုံး Code များ

ဓာတ်ခဲ အပိုဝယ်ယူတဲ့အခါ Battery Size တွေပြောရင် တစ်ချို့တွေက နားမလည်တဲ့အခါ Code တွေပြောပြီးဝယ်လို့ရနိုင်ပါတယ်။ Code တွေသိထားတဲ့အခါ လိုအပ်ရင် သတ်သတ်ရှာစရာမလိုဘဲ ပြောပြီးဝယ်နိုင်ပါတယ်။ အကောင်းဆုံးကတော့ ဓာတ်ခဲ အပိုဝယ် ယူတဲ့အခါ ကိုယ့်နားကြားကိရိယာနဲ့ သင့်တော်မတော် စမ်းသပ်ကြည့်ရန် နားကြားကိရိယာကို ကိုယ်နဲ့တစ်ပါတည်းဆောင်သွားခြင်းနဲ့ ဓာတ်ခဲကတ် အဟောင်းကို ယူသွားခြင်းက ပိုမိုအဆင်ပြေစေမှာပါ။

Battery SizeCode
10PR 70
312PR 41
13PR 48
675PR 44

နားကြားကိရိယာဓာတ်ခဲတွေက အရွယ်အစား၊ ပုံစံနဲ့ ပါဝါအားတွေက ကွဲပြားလေ့ရှိပါတယ်။ များသောအားဖြင့်တော့ နားကြားကိရိယာပါဝါအမြင့်တွေက ပါဝါများပြီး အရွယ်အစားပိုကြီးတဲ့ဓာတ်ခဲ လိုအပ်ပါတယ်။

နားကြားကိရိယာ Size များ

စျေးကွက်ထဲမှာ အလွယ်တကူရရှိနိုင်မဲ့ နားကြားကိရိယာ အမျိုးအစား 4 မျိုးရှိပါတယ်။ အရွယ်အသေးဆုံးကနေအကြီးဆုံး စဉ်ပြရရင် 10, 312, 13 နဲ့ 675 တို့ပဲဖြစ်ပါတယ်။ သူတို့ရဲ့ size တွေကတော့
၁။ size 10- အကျယ်= 5.8 မီလီမီတာ၊ အမြင့်= 3.6 မီလီမီတာ
၂။ size 312- အကျယ်= 7.9 မီလီမီတာ၊ အမြင့်= 3.6 မီလီမီတာ
၃။ size 13- အကျယ်= 7.9 မီလီမီတာ၊ အမြင့်= 5.4 မီလီမီတာ
၄။ size 675- အကျယ်= 11.6 မီလီမီတာ၊ အမြင့်= 5.4 မီလီမီတာ တို့ဖြစ်ပါတယ်။

နားကြားကိရိယာဓာတ်ခဲများ၏သက်တမ်း

ယေဘုယျအားဖြင့်တော့ တစ်နေ့ ပုံမှန်16နာရီအသုံးပြမယ်ဆိုရင် နားကြားကိရိယာဓာတ်ခဲများရဲ့ကြာချိန်က 5 ရက်မှ 14 ရက်ထိကြာလေ့ရှိပါတယ်။ သက်တမ်းကြာချိန်က အသုံးပြုနေတဲ့ နားကြားကိရိယာနဲ့ ဓာတ်ခဲအမျိုးအစားပေါ်မူတည်ပြီး ကွဲပြားနိုင်ပါတယ်။
နားကြားကိရိယာဓာတ်ခဲများရဲ့ ပျမ်းမျှကြာချိန်တွေကတော့-
၁။ size 10- 3ရက်မှ7ရက်
၂။ size 312- 3ရက်မှ10ရက်
၃။ size 13- 6ရက်မှ14ရက်
၄။ size 675- 9ရက်မှ20ရက် တို့ပဲဖြစ်ပါတယ်။ တကယ်လို့ ကိုယ်သုံးတဲ့ ဓာတ်ခဲက ပျမ်းမျှသက်တမ်းလောက်မခံတော့ဘူးဆိုရင် နားကြားကိရိယာမှာ ပြသနာတစ်ခုခုရှိနေတာဖြစ်နိုင်ပါတယ်။