ခန္ဓာကိုယ် အလေးချိန် တိုင်းတာခြင်း (Body Weight Assessment)

ကျနော်တို့ ကျန်းမာနေဖို့အတွက် ဝနေဖို့ မလိုအပ်ပါဘူး။ ခန္ဓာကိုယ်အချိုးအစားမှန်ကန်ဖို့ တစ်နည်းပြောရရင် physically fit ဖြစ်နေဖို့ပဲ လိုတာပါ။ ဒီတော့ ခန္ဓာကိုယ်အချိုးအစားမှန် မမှန်ဆိုတာကို ကျနော်တို့ ဘယ်လိုဆုံးဖြတ်ကြမလဲ???

ပေါင်ချိန်စက်ပေါ်က ကိန်းဂဏန်းတွေက သင်ကျန်းမာတယ် မကျန်းမာဘူးဆိုတာကိုဆုံးဖြတ်ပေးနိုင်ရဲ့လား??

ဒီမေးခွန်းအတွက်ကတေ ကိုယ်အလေးချိန်တစ်ခုတည်းသိရုံနဲ့ ဘယ်သူပိုကျန်းမာတယ်ဆိုတာကို ပြောလို့မရပါဘူး။ လူတစ်ယောက်နဲ့တစ်ယောက် ခန္ဓာကိုယ်အချိုးအစား၊ အရပ်အမြင့် ကွာခြားချက်တွေကိုသိမှသာ ဆုံးဖြတ်လို့ရနိုင်ပါတယ်။

Physically Fit ဖြစ်မဖြစ်ကို ဘယ်အရာတွေနဲ့ တိုင်းတာမလဲ??

Physically Fit ဖြစ်မဖြစ် ခန္ဓာကိုယ် အချိုးအစား တိုင်းတာနည်းတွေ အများကြီးရှိတဲ့အထဲက အသုံးအများဆုံး၊ အလွယ်ကူဆုံး နဲ့ ထိရောက်တဲ့ တိုင်းတာနည်း ၂ မျိုးကတော့ –

  • Body Mass Index (BMI)
  • Waist Circumference Measurement တို့ဖြစ်ပါတယ်။

Body Mass Index (BMI) ဆိုတာဘာလဲ??

Body Mass Index (BMI) ဆိုတာ မိမိအရပ်နဲ့ ကိုယ်အလေးချိန် သိရုံဖြင့် မိမိရဲ့ ကျန်းမာ‌‌ရေးကို အလွယ်တကူ စစ်ဆေးလို့ရနိုင်မဲ့ ညွှန်းကိန်း တစ်ခု ဖြစ်ပါတယ်။ လူတစ်ယောက်ဟာ သူ့အရပ်အမြင့်နဲ့ အလိုက် ရှိသင့်ရှိထိုက်တဲ့ ခန္ဓာကိုယ် အလေးချိန်ပမာဏ အတွင်းမှာ ရှိမရှိ ကို BMI တိုင်းတာပြီး ဆုံးဖြတ်ကြတာပါ။ ယေဘုယျအားဖြင့် သတ်မှတ်ထားတဲ့ ပမာဏ အတွင်းမှာ ရှိနေရင် ကျန်းမာတယ် လို့ သတ်မှတ်ပြီး သတ်မှတ်ထားတဲ့ ပမာဏအောက် (သို့မဟုတ်) ပမာဏအထက် ကို ကျော်လွန်နေရင်တော့ ကျန်းမာရေး ပြဿနာ တစ်ခုခု ရှိနေပြီ ဆိုပြီး အလွယ်တကူ ဆုံးဖြတ်ကြပါတယ်။

BMI တိုင်းတာနည်း

BMI = ကိုယ်အလေးချိန် (kg) / အရပ်အမြင့် (m2)

Weight CategoryWeight Category
<18.5ပုံမှန်ကိုယ် အလေးချိန် မပြည့်မှီသူ (Underweight)
18.5 – 24.9ပုံမှန်ကိုယ် အလေးချိန် (Healthy Weight)
25 – 29.9ပုံမှန်ကိုယ် အလေးချိန် ထက်များနေသူ (Overweight)
30 နှင့် အထက်အဝလွန်နေသူ (Obese)

BMI က ခန္ဓာကိုယ် အဆီပမာဏ ကို တိုက်ရိုက်တိုင်းတာ မဟုတ်ပေမဲ့ ထွက်လာတဲ့ BMI ရလဒ် ပေါ်မူတည်ပြီး ခွဲလိုက်တဲ့ ကိုယ်အလေးချိန် အမျိုးအစားတွေ ကနေတစ်ဆင့် ကျန်းမာရေး အခြေအနေတွေကို အလွယ်တကူ ခန့်မှန်းနိုင်ပါတယ်။ BMI ရဲ့ အားသာချက်ကတော့ အလွယ်တကူ တွက်ချက်နိုင်ပြီး အားနည်းချက်ကတော့ ခန္ဓာကိုယ်ထဲမှာ အဆီတွေ ဘယ်နေရာမှာ စု‌နေလဲ ဆိုတာကို မသိနိုင်တာပါပဲ။

Waist Circumference (WC) ဆိုတာဘာလဲ??

ကျနော်တို့ ခန္ဓာကိုယ်ထဲမှာ အဆီစုတဲ့နေရာပေါ်မူတည်ပြီး ကျန်းမာရေးကို ဆိုးကျိုးသက်ရောက်‌မှုတွေ ဖြစ်စေပါတယ်။ ဝမ်းဗိုက်နေရာမှာ အဆီအလွန်များခြင်းက အဝလွန်ခြင်းနောက်ဆက်တွဲရောဂါများဖြစ်တဲ့ ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါ နှင့် အသည်းအဆီဖုံးရော‌ဂါများ ဖြစ်စေနိုင်တာကြောင့် ခါးလုံးပတ်ကို ပေကြိုးဖြင့် တိုင်းတာခြင်း တစ်နည်းပြောရရင် Waist Circumference (WC) တိုင်းတာခြင်းဖြင့် ခါးနေရာတစ်ဝိုက်၊ ဝမ်းဗိုက်နေရာမှာ အဆီစု၊ မစု ကို သိနိုင်ပါတယ်။

WC တိုင်းတာနည်း

  • မတ်တပ်ရပ် အနေအထားဖြင့် တင်ပါးဆုံရိုးနေရာ ပတ်ပတ်လည်ကို ပေကြိုးဖြင့် ရေပြင်ညီအနေအထားဖြင့် တိုင်းပါ။ ‌
  • ‌ပေကြိုး ကို ခါးပတ်ပတ်လည် တင်းကျပ်နေအောင်ဖိတိုင်းတာမျိုး ရှောင်ပါ။
  • အတိုင်းအတာကို အသက်ရှူသွင်းနေတုန်း မှာ မတိုင်းဘဲ အသက်ရှူထုတ်ပြီးတာနဲ့ ချက်ချင်း တိုင်းပေးဖို့လိုပါတယ်။

အမျိုးသား – 101.6 စင်တီမီတာ (သို့မဟုတ်) 40 လက်မ
အမျိုးသမီး – 88.9 စင်တီမီတာ (သို့မဟုတ်) 35 လက်မ

National Heart, Lung, and Blood Institute ရဲ့ Research များအရ အထက် ဖော်ပြထားတဲ့ ပမာဏ တွေ ထက်များနေတဲ့သူတွေဟာ နှလုံးရောဂါ နှင့် ဆီးချိုရောဂါ ပိုဖြစ်နိုင်ချေများပါတယ်။

အဝလွန်ခြင်း (Obesity) နှင့် နောက်ဆက်တွဲရောဂါများ

အဝလွန်ခြင်း (Obesity) မဖြစ်အောင် ဘာတွေဂရုစိုက်ရမလဲ??

  • စိတ်ဖိစီးမှု ကို တတ်နိုင်သလောက် လျှော့ချပါ။
  • အိပ်ချိန်လုံလောက်စွာ ထားပါ။
  • ဆေးလိပ်သောက်ခြင်း၊ အရက်‌သောက်ခြင်း ကို ‌ရှောင်ပါ။
  • အသင့်စား အစားအစာများ၊ အချို၊ အဆီ၊အစိမ့် များလွန်းသော အစားအစာများကို ရှောင်ပါ။
  • ရေများများသောက်ပါ။
  • တစ်ရက်လျှင် အနည်းဆုံး မိနစ် ၃၀ ခန့် ကိုယ်လက်လှုပ်ရှား အားကစားလုပ်ပါ။
  • TV ကြည့်နေစဥ် အပျင်းပြေ Snack စားခြင်းအလေ့အကျင့်ကို တတ်နိုင်သမျှ ဖြတ်ပါ။

“ကာကွယ်ခြင်းသည် ကုသခြင်းထက်ပိုကောင်းသည်” ဆိုတဲ့အတိုင်း အဝလွန်ရောဂါ ဟာ ကျန်းမာရေးအတွက် နောက်ဆက်တွဲ ဆိုးကျိုးများစွာ ဖြစ်စေနိုင်သောကြောင့် မဖြစ်ခင်က ကြိုတင်ကာကွယ်ထားခြင်း ကသာ အကောင်းဆုံး ဖြစ်ပါတယ်။

Better Health, Better Life