နားကြားကိရိယာတွေဘာကြောင့်ပျက်တာလဲ?

Screenshot

နားကြားကိရိယာတွေက ကိုယ်နဲ့မကွာ အမြဲဆောင်ထားရတဲ့ သေးငယ်တဲ့ လျှပ်စစ်ပစ္စည်းတွေ ဖြစ်တာကြောင့်တစ်ခါတစ်ရံ သတိမထားမိလိုက်တာကြောင့် အသံမကြားရတော့တာမျိုး၊ ဓာတ်ခဲအံထုတ်မရတော့တာမျိုး နဲ့ Speaker က အလုပ်မလုပ်တော့တာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ဒီနေ့မှာတော့ ဘယ်လိုအချက်တွေက နားကြားကိရိယာကို ပျက်စီးစေတတ်လည်းဆိုတာ ပြောပြပါမယ်။

(၁) အစိုဓာတ်များခြင်း

မိုးရာသီလိုမျိုး စိုထိုင်းမှုတွေများတဲ့ ရာသီမှာ နားကြားကိရိယာထဲကို အစိုဓာတ်တွေ ပိုမိုဝင်ရောက်နိုင်လို့ သေချာလေးဂရုစိုက်ပေးရပါမယ်။ ရေချိုးခြင်း၊ ရေကူးခြင်း၊ ချွေးထွက်များတဲ့လုပ်ဆောင်မှုတွေလုပ်ခြင်း အစရှိသည်တို့မှာ နားကြားကိရိယာလေးတွေကို ခဏတာ ဖြုတ်ထားပေးရပါမယ်။ ဒါမှသာ အစိုဓါတ်တွေက နားကြားကိရိယာထဲ မဝင်ဘဲ အထဲကလျှပ်စစ်ပစ္စည်း သေးသေးလေးတွေ ပျက်စီးခြင်းမှ ကာကွယ်နိုင်မှာပါ။

(၂) သန့်ရှင်းရေးကောင်းမွန်စွာမပြုလုပ်ခြင်း 

နားကြားကိရိယာတွေကို ရေရှည်အသုံးပြုနိုင်ဖို့အတွက် နားနဲ့  နားကြားကိရိယာသန့်ရှင်းရေးကိုလည်း မဖြစ်မနေလုပ်ပေးရပါမယ်။ နားကထွက်တဲ့နားဖာချေး တွေကလည်း နားကြားကိရိယာထဲကိုဝင်ပြီး ပျက်စီးနိုင်ပါတယ်။ ဒါ့အပြင် သန့်ရှင်းရေးလုပ်တဲ့အခါမှာ ကြမ်းတမ်းသောအရာများနှင့် ပွတ်တိုက်ခြင်း၊ ချွန်ထက်သောပစ္စည်းများနဲ့ ထိုးမိခြင်း နှင့် လျှပ်စစ်ပစ္စည်းကိုပျက်စီးစေတတ်တဲ့ အရက်ပြန်ကဲ့သို့ အရည်များ သုံးမိခြင်းတို့ကလည်း နားကြားကိရိယာကို ပျက်စီးစေပါတယ်။

(၃) ပြုတ်ကျခြင်း၊ ထိခိုက်မိခြင်း

မတော်တဆ ပြုတ်ကျခြင်းနှင့်  ထိခိုက်မိခြင်း တို့ကလည်း နားကြားကိရိယာတွေကို အတော်အတန် ပျက်စီးစေနိုင်ပါတယ်။ နားကြားကိရိယာတွေရဲ့  အတွင်းစက်ပစ္စည်းတွေက အလွန်အမင်း နူးညံ့သောကြောင့် ထိုကဲ့သို့သော မတော်တဆလေးတွေကလည်း စက်ချောင်တာတွေ၊ ကျိုးပဲ့တာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။ ကလေးတွေမှာအဖြစ်များတဲ့ ပြဿနာဖြစ်တာကြောင့် ကလေးတွေမှာဆိုရင်တော့ နားကြားကိရိယာကို ချိတ်ထားပြီး တစ်ဖက်မှာ clip နဲ့ အင်္ကျီကိုချိတ်ထားလို့ရတဲ့ ကြိုးလေးတွေ (Otoclip) သုံးပေးလို့ရပါတယ်။

(၄) ဘက်ထရီ၊ ဓာတ်ခဲ အထားအသိုနှင့် အားသွင်းခြင်း

နားကြားကိရိယာတွေက တစ်ခါသုံးဓာတ်ခဲဖြစ်စေ၊ အားသွင်းခြင်းဖြင့်ဖြစ်စေ အသုံးပြုကြရပါတယ် ။ ဓာတ်ခဲဖြင့်သုံးသောအခါတွင်လည်း ဓာတ်ခဲကို အပေါ်အောက်နေရာ မှားထည့်ခြင်း၊ ဓာတ်ခဲအံကို အတင်း ဆွဲဖွင့်ခြင်း၊ ဆွဲပိတ်ခြင်း၊ နားကြားကိရိယာကို ဖြုတ်ထားချိန်မှာ အစိုဓာတ်များထွက်သွားစေရန် ဓာတ်ခဲအံကို မဖွင့်ထားခြင်း တို့ကလည်းထိခိုက်စေပါတယ် ။ အားသွင်းတဲ့အခါမှာလည်း သတ်မှတ်ထားတဲ့ လမ်းညွန်ချက်တွေ မလိုက်နာဘဲ အံလွဲပြီး အရှေ့အနောက် မှားထည့်တာ၊ အားလုံးဝကုန်သွားတဲ့အထိ သုံးခြင်းတို့ကလည်း နားကြားကိရိယာရဲ့ ရေရှည်သက်တမ်းကိုထိခိုက်စေနိုင်ပါတယ်။

(၅) သိမ်းဆည်းနည်း မှားယွင်းခြင်း

နားကြားကိရိယာလေးတွေကို ကိုယ်အသုံးမပြုတဲ့အချိန်မှာ မှားယွင်းစွာ သိမ်းဆည်းမိတဲ့ အတွက်ကြောင့်လည်း ဆိုင်မှာ ပြန်ပြင်ရတာတွေ၊ ပြန်လည်အသုံးပြုချိန်မှာ မကြားရတော့တာလေးတွေ ဖြစ်စေပါတယ်။ သိမ်းဆည်းတဲ့အခါမှာလည်း အစိုဓာတ်များတဲ့နေရာတွေ (ဥပမာ – ရေချိုးခန်း၊ အိမ်သာ၊ မီးဖိုချောင်)၊ နေရောင်ခြည်အောက် တည့်တည့်ထားမိခြင်း (ဥပမာ – ပြတင်းပေါက်ဘေးခုံ)၊ အလွန်ပူသောနေရာ (ဥပမာ- ကားအတွင်း၊ ရေခဲသေတ္တာအပေါ်) တွင်ကြာရှည်စွာထားခြင်းကလည်း နားကြားကိရိယာသက်တမ်းကို ထိခိုက်နိုင်ပါတယ်။

ဒါကြောင့် မိမိနားကြားကိရိယာကို မပျက်မစီးဘဲ ရေရှည်အသုံးပြုနိုင်အောင်သေချာလေး ဂရုစိုက်ပြီး ထိန်းသိမ်းပေးကြဖို့ တိုက်တွန်းလိုက်ပါတယ်ရှင့်။