နားကိုက်ခြင်း (Otalgia)

နားကိုက်ခြင်း အကြောင်း

မိမိကိုယ်တိုင်ဖြစ်စေ၊ မိသားစုဝင်တစ်ဦးဦးဖြစ်စေ နားကိုက်ခဲမှု ဝေဒနာကို ခံစားရဖူးကြလိမ့်မယ်လို့ ထင်ပါတယ်။ ဆေးပညာအရ နားကိုက်ခြင်းကို Otalgia ဟု ခေါ်ဆိုပါတယ်။ ဒီနာကျင်မှုက ထုံကျင်ခြင်း၊ စူးရှရှ ခံစားရခြင်း၊ mild / severe စသည်ဖြင့် အမျိုးမျိုး ဖြစ်နိုင်ပါတယ်။ တချို့လူတွေမှာ နာလိုက်ပျောက်လိုက် ဖြစ်တတ်တဲ့ နားကိုက်ခြင်း ဝေဒနာ ခံစားရတတ်ပါတယ်။

နားကိုက်ခြင်းကို ဖြစ်ပွားစေသည့် ဇစ်မြစ်အပေါ် မူတည်ပြီး အဓိကအားဖြင့် အမျိုးအစား (၂) မျိုး ခွဲခြားနိုင်ပါတယ်။ ပထမတစ်မျိုးမှာ နား၏ အတွင်းပိုင်း၊ အလယ်ပိုင်း သို့မဟုတ် အပြင်ပိုင်း အစိတ်အပိုင်းတစ်ခုခုတွင် ပြဿနာဖြစ်ခြင်းကြောင့် နားကိုက်ခဲရသည့် Primary otalgia ဖြစ်ပြီး၊ ဒုတိယတစ်မျိုးမှာမူ နားပြင်ပရှိ အခြားသောခန္ဓာကိုယ်အစိတ်အပိုင်းများမှ တစ်ဆင့် ပျံ့နှံ့လာသော Secondary or referred otalgia ဖြစ်ပါတယ်။

နားကိုက်ခြင်းကို ဖြစ်စေသော အကြောင်းရင်းများ

Primary Causes

  • ပိုးဝင်ခြင်း : အဖြစ်အများဆုံးအချက်ဖြစ်ပြီး ဗိုင်းရပ်စ် သို့မဟုတ် ဘက်တီးရီးယားပိုးများကြောင့် နားအလယ်ပိုင်း သို့မဟုတ် နားအပြင်လမ်းကြောင်း ရောင်ရမ်းခြင်း ဖြစ်ပါတယ်။
  • ထိခိုက်ဒဏ်ရာရခြင်း : နားကြပ်တံ (Cotton Swab) အသုံးပြုရာမှ ထိခိုက်မိခြင်း၊ ရေငုပ်ခြင်း သို့မဟုတ် လေယာဉ်စီးခြင်းတို့တွင် ဖြစ်ပေါ်တတ်သော လေဖိအားဒဏ်ကြောင့် နားစည်ထိခိုက်ခြင်း (Barotrauma) နှင့် နားဖာချေး ပိတ်ဆို့ခြင်းတို့ ဖြစ်ပါတယ်။
  • အဖုအကျိတ်နှင့် ရောင်ရမ်းခြင်း : နားတွင်း သို့မဟုတ် အနီးတဝိုက်တွင် ကင်ဆာမဟုတ်သော/ကင်ဆာဖြစ်သော အကျိတ်များ ဖြစ်ပေါ်ခြင်း သို့မဟုတ် အရိုးနုများ ရောင်ရမ်းခြင်း။

Secondary Causes

  • Local Referral : သွားပိုးစားခြင်း၊ သွားဖုံးပြည်တည်ခြင်း သို့မဟုတ် အံသွားပေါက်ခြင်း၊ မေးရိုးအဆစ် ရောင်ရမ်းခြင်း (TMJ Dysfunction) နှင့် လည်ချောင်းနာခြင်း (သို့မဟုတ်) အာသီးရောင်ခြင်း။
  • Regional Referral : နှလုံးရောဂါ (သို့မဟုတ်) ရင်ဘတ်အောင့်ခြင်း၊ အစာအိမ်အချဉ်ပေါက်ခြင်း (Acid Reflux / GERD) နှင့် အဆုတ်ဆိုင်ရာ ရောဂါဝေဒနာများ။

Red Flags Symptoms

အများအားဖြင့် နားကိုက်ခြင်းက အန္တရာယ်မရှိပါဘူး။ ဒါပေမဲ့ မကြာခဏ နားကိုက်ခြင်း သို့မဟုတ် ရက်ကြာရှည်စွာ နားကိုက်နေပြီဆိုရင်တော့ အခြားပြင်းထန်တဲ့ ရောဂါအခြေအနေတစ်ခုခုကြောင့် ဖြစ်နိုင်ပါတယ်။

  • ၃ ရက်ထက်ပို၍ ပြင်းထန်စွာကိုက်ခဲခြင်း။
  • ကိုက်ခဲမှု ရုတ်တရက် ရပ်တန့်သွားခြင်း။ နားစည်ပေါက်ထွက်သွားသည့် လက္ခဏာ ဖြစ်နိုင်သောကြောင့် အလွန်သတိထားရပါမည်။
  • နားကိုက်ခြင်းနှင့်အတူ အဖျားကြီးခြင်း၊ ခေါင်းမူးခြင်း၊ မျက်နှာတစ်ခြမ်း အားနည်းသွားခြင်း သို့မဟုတ် အကြားအာရုံ ရုတ်တရက်ကျသွားခြင်း။
  • နားထဲမှ သွေး၊ ပြည် သို့မဟုတ် အဝါရောင်အရည်များ ယိုစီးကျလာခြင်း။

ဒီလိုအခြေအနေတွေမှာတော့ အိမ်တွင်းကုသမှုများဖြင့်သာ အချိန်ဆွဲမနေဘဲ နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုဆရာဝန် (ENT Specialist) သို့မဟုတ် မိသားစုဆရာဝန် (GP/Family Physician) များဖြင့် စနစ်တကျ ပြသပြီး အချိန်မီ ကုသမှုခံယူသင့်ပါတယ်။

အိမ်တွင် ကိုယ်တိုင်ကုသနိုင်သော နည်းလမ်းများ

နားကိုက်ခဲမှု ခံစားရပါက မည်သည့်အခြေအနေတွင် မိမိကိုယ်တိုင် လုပ်ဆောင်နိုင်ပြီး၊ မည်သည့်အခြေအနေတွင် ကျွမ်းကျင်ဆရာဝန်နှင့် မလွဲမသွေ တိုင်ပင်ဆွေးနွေးရမည်ကို တိကျစွာ ခွဲခြားရန် အလွန်အရေးကြီးပါတယ်။ အကယ်၍ နားကိုက်ခြင်းက ပြင်းထန်မှုမရှိဘဲ ရိုးရိုးနှာစေးချောင်းဆိုးခြင်း၊ ရာသီဥတုအပြောင်းအလဲ သို့မဟုတ် လေယာဉ်စီးခြင်းတို့ကြောင့် ဖြစ်ပေါ်သော ယာယီဖိအားကြောင့်ဖြစ်ပါက အောက်ပါအတိုင်း ကိုယ်တိုင်လုပ်ဆောင်နိုင်ပါတယ် –

  • ရေနွေးအိတ် သို့မဟုတ် ရေခဲအိတ် ကပ်ပေးပါ။
    ရေခဲကပ်ခြင်းက နာကျင်မှုနှင့် ရောင်ရမ်းမှုကို လျှော့ချပေးနိုင်ပြီး ရေနွေးကပ်ခြင်းက ကြွက်သားများကို ပြေလျော့စေကာ သွေးလည်ပတ်မှုကို ကောင်းမွန်စေပါတယ်။
  • ခေါင်းကို မြှင့်ထားပါ။
    လှဲအိပ်လိုက်ပါက နားတွင်းဖိအား ပိုမိုများပြားလာတတ်သဖြင့် ခေါင်းအုံးကို မြှင့်အိပ်ခြင်း သို့မဟုတ် ခပ်မတ်မတ် အနေအထားဖြင့် အိပ်စက်ခြင်းက နားတွင်းအရည်များ စီးဆင်းမှုကို ကောင်းမွန်စေပြီး ကိုက်ခဲမှုကို လျော့ကျစေပါတယ်။
  • အကိုက်ခဲပျောက်ဆေးသောက်ခြင်း။
    ပါရာစီတမော (Paracetamol/Acetaminophen/Ibuprofen) ကဲ့သို့သော ဆရာဝန်ညွှန်ကြားချက်မလိုဘဲ အလွယ်တကူဝယ်ယူရရှိနိုင်သည့် (OTC) ဆေးဝါးများ ကလည်း နာကျင်မှုကို သက်သက်စေပါတယ်။
  • ရေနွေးငွေ့ရှူခြင်း။
    နှာခေါင်းပိတ်ခြင်း၊ ထိပ်ကပ်နာနှင့် အအေးမိခြင်းကြောင့် ဖြစ်သော နားကိုက်ခြင်းအတွက် ရေနွေးငွေ့ရှူပေးခြင်းဖြင့် နှာခေါင်းလမ်းကြောင်းကို ပွင့်စေပြီး နားတွင်းဖိအားကို လျော့ကျစေပါတယ်။
  • ဝါးခြင်း သို့မဟုတ် သန်းခြင်း။
    လေယာဉ်စီးစဉ် သို့မဟုတ် တောင်တက်နေစဉ် နားပိတ်ပြီး ကိုက်ခဲပါက ပီကေဝါးခြင်း၊ သန်းခြင်း သို့မဟုတ် တံတွေးမျိုချခြင်းတို့ဖြင့် နားတွင်းလေပြွန် (Eustachian Tube) ကို ပွင့်စေပြီး လေဖိအားကို မျှတစေနိုင်ပါတယ်။

REFERENCES

Cleveland Clinic | Ear Pain (Earache, Otalgia)
National Library of Medicine | Otalgia

နားလည်တတ်ကျွမ်းသော ဆရာဝန်များနှင့် အချိန်မီ တိုင်ပင်ဆွေးနွေးခြင်းက သင့်အကြားအာရုံနှင့် သင့်အသက်အန္တရာယ်ကို ကာကွယ်ပေးနိုင်ပါသည်။