
အိပ်ဟောက်ရှူပိတ်ရောဂါ (Obstructive Sleep Apnea – OSA) ရှိလာပြီဆိုရင် အကောင်းဆုံးနှင့် အထိရောက်ဆုံး ကုသမှုကတော့ CPAP စက်တပ်အိပ်ခြင်း ဖြစ်ပါတယ်။
စက်တပ်အိပ်ရုံတင်မကဘဲ မိမိရဲ့ လူနေမှုပုံစံကို ပြောင်းလဲပေးတာ ကလည်း ကုသမှုကို တစ်ဖက်တစ်လမ်းကနေ အထောက်အကူပြုပါတယ်။ အချို့သောအဝလွန်သူတွေမှာ စက်တပ်အိပ်ရပေမဲ့ ကိုယ်အလေးချိန် ထိရောက်စွာ ချလိုက်နိုင်သည့်အတွက် CPAP စက် လုံးဝတပ်စရာမလိုတော့ဘဲ ပြန်လည်ကောင်းမွန်သွားသည်အထိ သက်သာလာတတ်ပါတယ်။
ဒါကြောင့် ဒီနေ့ Post မှာတော့ အိပ်ဟောက်ရှူပိတ်ရောဂါရှိသူတွေအတွက် လူနေမှုဘဝပုံစံတွေနဲ့ပတ်သက်ပြီး အကြံဉာဏ်တစ်ချို့ပေးချင်ပါတယ်။
1. ဝိတ်ထိန်းပါ

ဝိတ်ချခြင်း (အထူးသဖြင့် လည်ပင်းတစ်ဝိုက်ရှိ အဆီများကို ကျသွားစေခြင်း) က လေပြွန်ကျဉ်းမှုကို လျော့နည်းစေပြီး အိပ်ဟောက်ရှုပိတ် ရောဂါလက္ခဏာများကို သက်သာသွားစေမှာပါ။ ဒါကြောင့် လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းနဲ့ အစားအသောက်ထိန်းခြင်းကို သေချာစွာကြပ်မတ်ပြီး ကိုယ်ခန္ဓာအလေးချိန်ကို ထိန်းသိမ်းထားသင့်ပါတယ်။
လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းက ဝိတ်ထိန်းတဲ့နေရာမှာ အထောက်အကူပြုတဲ့အပြင် နှလုံးကြွက်သားကိုလည်းအားကောင်းစေတဲ့အတွက် လုပ်သင့်တဲ့ အလေ့အကျင့်ကောင်းထဲမှာပါပါတယ်။
အထူးသဖြင့် မအိပ်စက်မီ အစားအသောက်များ အလွန်အကျွံစားသောက်ခြင်းက အိပ်စက်ခြင်းကို ထိခိုက်စေနိုင်တဲ့အပြင် ကြာလာရင်ဝိတ်ပါတက်နိုင်တဲ့အတွက် အထူးဆင်ခြင်ရပါမယ်။
2. ဘေးတစ်စောင်း အိပ်ပါ

အိပ်စက်သည့်အခါ ပက်လက်အနေအထားထက် ဘေးတစ်စောင်းအိပ်စက်ခြင်း က သိပ်ဆိုးဝါးတဲ့ အိပ်ဟောက်ရှုပိတ်ရောဂါလက္ခဏာတွေကို သက်သာစေမှာပါ။ ဘေးတစ်စောင်း အနေအထားဖြစ်ဖို့ ခေါင်းအုံးတွေခုပြီး အိပ်လို့ရပါတယ်။
3. အရက်၊ မူးယစ်ဆေးဝါး နှင့် အိပ်ဆေး/စိတ်ငြိမ်ဆေးများ ရှောင်ပါ

ဒီအရာတွေကလည်း လည်ပင်းတစ်ဝိုက်ရှိ ကြွက်သားများကို ပိုမိုလျော့ရဲ သွားစေပြီး အသက်ရှူလမ်းကြောင်းကို ပိုမိုပိတ်ဆို့စေကာ အသက်ရှူရပ်ခြင်းကို ပိုမိုဆိုးရွားစေနိုင်သောကြောင့် (အထူးသဖြင့် အိပ်ခါနီးအချိန်တွင်) လုံးဝရှောင်ကြဉ်ရပါမည်။
4. ဆေးလိပ် ဖြတ်ပါ

ဆေးလိပ်က အသက်ရှူလမ်းကြောင်းတစ်လျှောက်နဲ့ လေပြွန်တွေကို ရောင်ရမ်းစေတဲ့အတွက် အိပ်ဟောက်ရှူပိတ်ရောဂါကိုပိုဆိုးစေတာပါ။ ဆေးလိပ်ဖြတ်ခြင်းက အိပ်ဟောက်ရှုပိတ်ရောဂါအပြင် ကောင်းမွန်သောအိပ်စက်ခြင်း ရရှိဖို့ကိုလည်း များစွာအထောက်အကူပြုပေးမှာပါ။
5. အိပ်စက်ချိန် သီးသန့်ထားပါ

အလုပ်ပိတ်ရက်ပါမကျန် နေ့စဉ်အချိန်မှန်အိပ်၊ အချိန်မှန်ထခြင်းက သင့်ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မစက်ဝန်း (Internal Clock) ကို မှန်ကန်စေပြီး အိပ်စက်ခြင်း အရည်အသွေး (Sleep Quality) ကို သိသိသာသာ တိုးတက်ကောင်းမွန်လာစေပါတယ်။
6. အိပ်စက်သည့်အခါ ဦးခေါင်းကို အနည်းငယ် မြင့်အောင် ထားကြည့်ပါ

အိပ်စက်ချိန် ဦးခေါင်းကို အနည်းငယ်မြှင့်ထားခြင်းက လျှာနဲ့အာခေါင်ကို လည်ပင်းမှာ ပိတ်ဆို့စေခြင်း မှကာကွယ်ပေးတာကြောင့် အိပ်စက်စဥ်ဟောက်ခြင်းမှ ကာကွယ်ပေးသည့်အပြင် အရမ်းမဆိုးတဲ့ အိပ်ဟောက်ရှုပိတ် ရောဂါလက္ခဏာတွေကိုပါ ကာကွယ်ပေးမှာပါ။
7. CPAP စက်များတပ်ဆင်သည့်အခါ နေ့စဥ် ပုံမှန် တပ်ဆင်နိုင်ရန် ကြိုးစားပါ

စက်တပ်အိပ်ရတဲ့အခါမှာ အဆင်မပြေမှုအချို့ ရှိနိုင်ပေမဲ့ ညစဉ်ပုံမှန် စွဲစွဲမြဲမြဲ တပ်အိပ်နိုင်အောင် ကြိုးစားသင့်ပါတယ်။ ဒါမှသာ သင့်ခန္ဓာကိုယ်က အောက်ဆီဂျင် ပြည့်ဝစွာရရှိပြီး ထိရောက်တဲ့ ကုသမှုကို ရရှိမှာဖြစ်ပါတယ်။ (စက်နှင့် Mask ကိုလည်း ပိုးမွှားကင်းစင်စေရန် ပုံမှန်သန့်ရှင်းရေး လုပ်ပေးရပါမယ်။)
8. ဓာတ်မတည့်ခြင်းနှင့် နှာခေါင်းပိတ်ခြင်း များရှိပါကအတတ်နိုင်ဆုံးထိန်းချုပ်ပါ

နှာခေါင်းပိတ်ခြင်း၊ ထိပ်ကပ်နာ သို့မဟုတ် ဓာတ်မတည့်ခြင်း (Allergy) ဖြစ်တဲ့အခါ ထွက်လာသည့် နှပ်ကဲ့သို့သော အကျိအချွဲများကြောင့် အသက်ရှူလမ်းကြောင်း ပိုကျဉ်းသွားတတ်ပါတယ်။
အဲ့လိုအခါမျိုးမှာ OSA ရှိသူများ အနေနဲ့ ဘက်အိပ်စက်စဥ်မှာ အသက်ရှုလမ်းကြောင်းပိတ်ပြီး အသက်ရှူရပ်သွားတဲ့အထိဖြစ်နိုင်ပါတယ်။
11. ရေများများသောက်ပါ

နေ့ခင်းဘက်တွင် ရေများများသောက်ပေးခြင်းက နှာခေါင်းနှင့် လည်ပင်းရှိ အကျိအချွဲများ (Mucus) ကို ပျစ်ခဲမသွားစေဘဲ အသက်ရှူလမ်းကြောင်းကို ရှင်းလင်းစေကာ ဟောက်သံကို လျော့ကျစေပါတယ်။ သို့သော် ညဘက် ဆီးခဏခဏထမသွားစေရန် အိပ်ခါနီး (၂) နာရီအလိုတွင် ရေအလွန်အကျွံ သောက်ခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။
12. စိတ်ဖိစီးမှု လျှော့ချပါ

စိတ်ဖိစီးမှုက အိပ်စက်ခြင်းကို အနှောင့်အယှက်ဖြစ်စေပြီး OSA လက္ခဏာများကို ပိုမိုဆိုးရွားလာစေနိုင်ပါတယ်။ တရားထိုင်ခြင်း၊ ယောဂကျင့်ခြင်းနှင့် အသက်ရှူခြင်းဆိုင်ရာ လေ့ကျင့်ခန်းများကို ပြုလုပ်ပေးပြီး စိတ်ကို ပြေလျော့အောင် ထားသင့်ပါတယ်။
13. မိမိ၏ရောဂါအခြေအနေကိုသေချာစွာသိရှိရန် ဆရာဝန် နှင့် Healthcare Provider များကို မှန်မှန်တွေ့ပါ

မိမိပြသနေသော ဆရာဝန်နှင့် ရက်ချိန်းမှန်မှန်ပြသပြီး ရောဂါအခြေအနေကို အနီးကပ် စောင့်ရှောက်မှု ခံယူရပါမယ်။
