Peak Flow Meter

Peak Flow Meter ဆိုတာ ဘာလဲ ?

Peak Flow Meter ဆိုတာ အဆုတ်ထဲက ခပ်ပြင်းပြင်း ရှူထုတ်လိုက်တဲ့ လေက ဘယ်လောက် မြန်မြန်ထွက်လည်း ဆိုတာ (Peak Expiratory Flow – PEF/ Peak Expiratory Flow Rate – PEFR) ကို တိုင်းတာပေးတဲ့ ကိုင်တွယ်ရ လွယ်ကူတဲ့ ဆေးပစ္စည်း တစ်မျိုး ဖြစ်ပါတယ်။

အသက်ရှူလမ်းကြောင်းကိုပိတ်ဆို့စေတဲ့ရောဂါဖြစ်တဲ့ ပန်းနာရင်ကြပ်ရောဂါ (Asthma) ကဲ့သို့ ရောဂါ အပြင် အခြား နာတာရှည်အဆုတ်ယောင်ရောဂါ (Chronic Obstructive Pulmonary Disease)၊ ‌လေပြွန်ရောင်ရမ်းသောရောဂါ (Chronic Bronchitis) အစရှိတဲ့ အသက်ရှူလမ်းကြောင်း နှင့် အဆုတ်နဲ့ ဆိုင်သောရောဂါတွေမှာ လူနာရဲ့ ရောဂါအခြေအနေ နဲ့ တိုးတက်မှု ကို စောင့်ကြည့်ဖို့ အသုံးပြုပါတယ်။

ဘယ်အရွယ် ကစပြီး သုံးလို့ရလဲ?

အသက် ၅ နှစ် မှစပြီး လူကြီးတွေ အထိ အသုံးပြုနိုင်အောင် ရိုးရှင်းလွယ်ကူပါတယ်။ တချို့ Brand တွေမှာ လူကြီးသုံး နဲ့ ကလေးသုံး ဆိုပြီး ခွဲထားလို့ အသုံးပြုဖို့ ဆိုရင် သတိထားပြီး မေးမြန်း ဝယ်ယူဖို့ လိုအပ်ပါတယ်။

အဖြေကို ဘယ်လို သိနိုင်မလဲ?

မိမိဘာသာ စမ်းသပ်ရမယ့် အချိန် စမ်းသပ်ပြီးရင် Peak Flow Meter ပေါ်မှာပဲ ‌အဖြေကို လွယ်ကူစွာ ဖတ်နိုင်ပါတယ်။ လူနာက ပုံမှန် Normal ဖြစ်လေလေ Peak Expiratory Flow မှာပြတဲ့ နံပါတ်က မြင့်လေလေ ဖြစ်ပါတယ်။ အသက်ရှူလမ်းကြောင်း ကျဉ်းလေလေ ပြတဲ့ နံပါတ် နိမ့်လေလေ ဖြစ်ပါတယ်။

နေ့စဉ် တိုင်းတာထားတဲ့ ရလဒ်ကို မှတ်တမ်း Record စာအုပ်မှာ မှတ်တမ်းတင်ထားကာ ဆရာဝန်နဲ့ ဆွေးနွေးခြင်းဖြင့် ရောဂါဆိုးရွားမှုအခြေအနေ၊ ဆေးကုသမှု ထိရောက်မှု ရှိမရှိ နဲ့ အသက်ရှု လမ်းကြောင်း မှာရှိတဲ့ ပုံမှန် မဟုတ်တဲ့ အခြေအနေတွေကို စမ်းစစ်ရာမှာ များစွာ အထောက်အကူ ဖြစ်စေပါတယ်။

နေ့စဉ် အသုံးပြုခြင်းက ဘာကောင်းကျိုးတွေ ရနိုင်လဲ?

  1. ပန်းနာရင်ကျပ် ရောဂါသည်များ ရောဂါအခြေအနေကို စောင့်ကြည့်နိုင်ခြင်း၊
  2. ကုသမှု ထိရောက်မှု ရှိမရှိ စောင့်ကြည့်နိုင်ခြင်း၊
  3. ရောဂါ ဆိုးရွား မသွားခင် အချိန်မီသိရှိနိုင်သောကြောင့် ကြိုတင်ကာကွယ်နိုင်ခြင်း၊
  4. ရောဂါ ဆိုးရွား သွားသည့်တိုင် ကုသရမည့်အခြေအနေကို တိကျစွာ သိရှိနိုင်ခြင်း၊
  5. ဆရာဝန်နှင့်ပြရန် ရက်ချိန်း မတိုင်သေးသော်လည်း ရောဂါအခြေအနေ ပြန်ဆိုးလာရင် ပြန်ပြရန် လိုမလို မိမိဘာသာ လွယ်ကူစွာ သိရှိနိုင်ခြင်း စတဲ့ အကျိုးကျေးဇူးတွေကို ရရှိနိုင်ပါတယ်။

အသုံးပြုပုံအဆင့်ဆင့်

  1. Peak Flow Meter မှာပါတဲ့အနီရောင်အမှတ် ကို သုညအထိ ဆွဲချထားပါ။
  2. အဆုတ်ထဲမှ လေကိုကုန်အောင် အရင်မှုတ်ထုတ်ပြီး လေကို တဝကြီး ပြန်ရှူသွင်းပါ။
  3. ပါးစပ် တေ့ရမည့်နေရာ (Mouthpiece) တွင် သွားဖြင့် အသာအယာကိုက်ပြီး နှုတ်ခမ်းဖြင့် လုံအောင်အုပ်ပါ။
  4. Peak Flow Meter အတွင်းသို့ ပြင်းနိုင်သမျှ ပြင်းပြင်း၊ မြန်နိုင်သမျှ မြန်မြန် မှုတ်ထုတ်ပါ။
  5. အမှတ် ရောက်သွားသည့် နေရာ ကို စာရွက် အကြမ်း တစ်ခုတွင် ချရေးထားပါ။
  6. အထက်ပါအတိုင်း သုံးကြိမ်တိတိ လုပ်ဆောင်ပါ။ သုံးခေါက်တွင် အများဆုံးအမှတ် ကို ယူပြီး Record Book တွင် မှတ်သားပါ။

Peak Flow Meter တွင်ပါဝင်သော Colour Zone များ အဓိပ္ပာယ်

Zoneအမှတ်အဓိပ္ပာယ်
Green Zoneပုံမှန် Peak Flow Reading ၏ 80-100%Green Zone မှာကျရောက်သော Peak Flow Reading သည် Asthma ကို ကောင်းမွန်စွာထိန်းထားနိုင်သည်ဟုဆိုလိုပါသည်။
Yellow Zoneပုံမှန် Peak Flow Reading ၏ 50-79%Yellow Zone မှာကျရောက်သော Peak Flow Reading သည် အသက်ရှူလမ်းကြောင်းကျဉ်းနေသည်။ ဆေးကုသမှုကို ပြန်လည် စစ်ဆေးပြုပြင်ရန် လိုအပ်သည် ဟုဆိုလိုပါသည်။
Red Zoneပုံမှန် Peak Flow Reading ၏ 50% အောက်Red Zone မှာ ကျရောက်သော Peak Flow Reading သည် Medical Emergency အခြေအနေဖြစ်သည်။ အသက်ရှုလမ်းကြောင်း အလွန်ကျဉ်းနေနိုင်သော အခြေအနေဖြစ်သည်။ ဆေးရုံသို့သွားခြင်း သို့မဟုတ် ဆရာဝန်နှင့်ပြသခြင်း ချက်ချင်း ပြုလုပ်ရန် လိုအပ်သည် ဟုဆိုလိုပါသည်။

Zone ခွဲခြားနည်း

Peak Flow Meter တွေမှာ မိမိဘာသာ သတ်မှတ်လို့ရတဲ့ အစိမ်း၊ အဝါနဲ့ အနီ အမှတ်လေးတွေ ပါပါတယ်။ အထက်ပါဖော်ပြထားတဲ့ ဇယားအတိုင်းပဲ မိမိ Result ကမည်သည့် Zone ထဲတွင် ကျရောက်နေလည်းကြည့်ပြီး လိုအပ်သောကုသမှု များကို ဖြည့်ပြီးလုပ်ဆောင်ရပါမယ်။

အရင်ဆုံး မိမိရဲ့ အကောင်းဆုံး အမှတ် (Personal Best Score) ကို သိရပါမယ်။ လူတွေရဲ့ အသက်၊ Lung Capacity နဲ့ အဆုတ် ကျန်းမာရေးပေါ််မူတည်ပြီး Personal Best Score ကွဲပြားတာကို သိရှိရပါမယ်။ Personal Best Score ကို သိရဖို့ ၂ပတ်မှ ၃ပတ်အတွင်းတိုင်းထားတဲ့ နေ့စဥ် Result ထဲက အမြင့်ဆုံး အမှတ်ကိုယူပါ။

အစိမ်းရောင်အမှတ် Green Mark က အမြင့်ဆုံး အမှတ် ကို ရွေ့ထားပါ။

အဝါရောင်အမှတ် Yellow Mark က 50-79% ဖြစ်သောကြောင့် မိမိ Personal Best Score ရဲ့ 79% ကိုတွက်ယူ ရွေ့ထားရပါမယ်။

အနီရောင်အမှတ် Red Mark က 50% ဖြစ်သောကြောင့် မိမိ Personal Best Score ရဲ့ 50% ကိုတွက်ယူ ရွေ့ထားရပါမယ်။

Peak Flow Meter အသုံးပြုခြင်း၏ Risk များ

Peak Flow Meter Measurement အတွက် အသက်ကိုတစ်ဝကြီးရှုသွင်းပြီး တစ်ဝကြီးရှုထုတ်ရန်လိုအပ်သောကြောင့် အသက်ရှုမဝခြင်းနှင့် မူးဝေခြင်းများ ဖြစ်ပွားနိုင်ပါသည်။

အခန့်မသင့်လျှင် ချောင်းဆိုးခြင်းနှင့် Wheezing ဖြစ်ခြင်းကို လှုံ့ဆော်နိုင်ပါသည်။

တိကျမှုကို အနှောင့်အယှက် ပေးနိုင်သော အချက်များ

  1. လေ မမှုတ်ထုတ်မီ အသက်ကို ဝလင်အောင် မရှုသွင်းခြင်း
  2. လေ မှုတ်ထုတ်စဥ် မိမိ အမှန်တကယ် မှုတ်ထုတ်နိုင်တာထက် လျော့နည်း၍ မှုတ်ထုတ်ခြင်း
  3. မှုတ်ထုတ်နေစဥ် ချောင်းဆိုးခြင်း
  4. Peak Flow Meter ၏ Mouthpiece ကို ပါးစပ်ဖြင့် လုံအောင်မကိုက်ခြင်း
  5. Peak Flow Meter ညစ်ပတ်နေခြင်း
  6. Mouthpiece ကို လျှာဖြင့် ပိတ်ထားမိခြင်း
  7. လေပြွန် ကို ပွင့်စေသောဆေးများ (Bronchodilators) သောက်သုံးထားမိခြင်း

PFM Record Book

PeakFlowMeter-Diary-၁Download
PeakFlowMeter-Diary၂Download
PeakFlowMeter-Diary၃Download
PeakFlowMeter-Diary-IFU-1Download