
ကျနော်တို့ အားလုံး အိပ်မက်မက်အမျိုးမျိုး မက်ဖူးကြမှာပါ။ ကောင်းတဲ့အိပ်မက်တွေ ရှိသလို တချို့ အိပ်မက်တွေကျတော့လည်း မေ့လို့ မရလောက်တဲ့အထိ စွဲနေအောင် မှတ်မိနေတဲ့ အိပ်မက်ဆိုးတွေ လည်း ရှိကြမှာပါ။
အိပ်မက်မက်ခြင်းနှင့် အိပ်စက်ခြင်းအကြောင်းကို ဒီဆောင်းပါးမှာ ပြန်ဖတ်ရှုနိုင်ပါတယ်။
အိပ်မက်ဆိုးတွေ မက်တယ်ဆိုတာ တစ်ခါတစ်လေပဲဆို ပြဿနာ မရှိပေမဲ့ အကြိမ် အရေအတွက် များလာရင်တော့ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး ကိုပါ ထိခိုက်စေတာကြောင့် မပေါ့ဆသင့်ပါ။ အိပ်မက်ဆိုး မက်တယ် ဆိုတာ အသက်အရွယ် မရွေး ဖြစ်နိုင်ပါတယ်။ ကျနော်တို့ အိပ်မက်ဆိုးကနေ လန့်နိုးလာရင် ကြောက်စိတ်ကြောင့် တော်တော်နဲ့ ပြန်အိပ်လို့ မရတော့တာမျိုး ကြုံဖူးကြမှာပါ။ ဒီလိုဖြစ်တာ တစ်ညတည်းမဟုတ်ဘဲ ညတိုင်းလိုလို ဖြစ်နေပြီဆိုရင်တော့ လူက ကောင်းမွန်တဲ့ အိပ်စက်ခြင်း ကို မရရှိနိုင်တာကြောင့် နေ့ဘက်တွေမှာ လန်းလန်းဆန်းဆန်း ရှိမှာမဟုတ်ပါဘူး။
ဘာကြောင့် အိပ်မက်ဆိုးတွေ မက်ကြလဲ?
အိပ်မက်ဆိုး မက်စေတဲ့ အကြောင်းအရင်းတွေ ကတော့ အများကြီး ရှိပါတယ်။
- အလွန် ပင်ပန်းနွမ်းနယ်နေခြင်း၊
- အိပ်ချိန် မလုံလောက်ခြင်း၊
- ကျန်းမာရေး မကောင်းခြင်း၊
- အခြားသော အိပ်စက်ခြင်း နှင့် သက်ဆိုင်သည့် ရောဂါများ (Sleep Disorders) ရှိခြင်း၊
- စိတ်ပူပင်သောက ရောက်စရာရှိခြင်း၊ စိတ်ဖိစီးမှု များနေခြင်း၊
- ထိတ်လန့်စရာ မြင်ကွင်း သို့မဟုတ် ဖြစ်ရပ်နှင့် ကြုံတွေ့ခဲ့ခြင်း၊
- အချို့ သော ဆေးဝါးများ၏ ဘေးထွက်ဆိုးကျိုးများ က အိပ်မက်ဆိုးများ မက်ခြင်းကို ဖြစ်စေပါတယ်။
အိပ်မက်ဆိုး မက်တာ ကြာလာရင် ဘာလုပ်သင့်လဲ?
ဘာကြောင့် အိပ်မက်ဆိုးမက်လဲ ဆိုတဲ့ အကြောင်းကို ရှာပြီး လိုအပ်ပါက ကုသမှုခံယူရပါမယ်။ စိတ်ဖိစီးမှု များတာကြောင့်ဆိုရင် စိတ်ဖိစီးမှုကို လျော့ကျစေမဲ့ ကောင်းမွန်တဲ့ အလေ့အကျင့်တွေဖြစ်တဲ့ တရားထိုင်ခြင်း၊ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတွေကို နေ့စဥ် ပြုလုပ်ပေးရပါမယ်။ တစ်နေ့တာအတွက် အချိန်ဇယား သေချာဆွဲပြီး အိပ်ချိန်ကို သေချာ လုံလောက်အောင် ထားပေးပါ။
တူညီတဲ့ အိပ်မက်ဆိုးတစ်ခု ကို ထပ်ခါထပ်ခါ မက်နေတာမျိုး ဒါမှမဟုတ် ညဘက် အိပ်ရေးမဝတာကြောင့် နေ့ဘက်တွေမှာ အမြဲအိပ်ငိုက်နေတတ်ခြင်း၊ အာရုံစူးစိုက်မှုနှင့် မှတ်ဉာဏ် ချို့ယွင်းခြင်း၊ ပင်ပန်းနွမ်းနယ်လွယ်ခြင်း၊ စိတ်တိုလွယ်ခြင်း စသ ဖြင့် နေ့စဥ်ဘဝ လုပ်ငန်းဆောင်တာများပါ ထိခိုက်မှု ရှိလာပြီဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြီး လိုအပ်ပါက ကုသမှုခံယူရပါမယ်။