
ကျွန်မတို့တွေ နေ့စဉ်ဓူဝ ကြားနေရတဲ့အသံ အမျိုးမျိုး က ဘယ်လို ဖြစ်ပေါ်လာလဲ သိပါသလား ?
ကျွန်မတို့ နေ့စဉ်ကြားနေရတဲ့ အသံတွေဟာ အသံ ထွက်ပေါ်လာတဲ့ နေရာ (Source Of The Sound) ကစပြီး မိမိတို့ နားရွက် ထဲမှတစ်ဆင့် ဦးနှောက်မှ “အသံ”ဆိုပြီး တိကျစွာ ဘာသာပြန်ပေးတဲ့ အထိ ခရီးလမ်းကြောင်း အရှည်ကြီးကို အဆင့်ဆင့် ဖြတ်သန်း လာရတာပါ။
ဥပမာ အနေ နဲ့တူရိယာ တစ်ခု တီးမှုတ် လိုက်တဲ့အခါ လူတွေက တူရိယာသံ ဆိုပြီး ကြားရခြင်း အဆင့်ဆင့်ကို သာဓက ပေးပြပါမယ်။
၁။ တူရိယာ မှ နားသို့
တူရိယာတစ်ခု ကို တီးမှုတ်လိုက်တဲ့အခါ အသံဖြစ်ပေါ်လာစေမဲ့ အသံလှိုင်း (Sound Wave) တွေကို လေထဲကို ထုတ်လွှင့်ပေးလိုက်ပါတယ်။ ဒီ အသံလှိုင်းက လေထဲက အမှုန်လေးတွေ (Particles) ကို အဆင့်ဆင့် တုန်ခါစေပြီး အဲ့ အသံလှိုင်းတွေကို Mechanical Wave အဖြစ် နားအဝသို့ ပို့ဆောင်ပေးပါတယ်။
၂။ နားအတွင်းရှိ အပိုင်း ၃ပိုင်း တစ်လျှောက် အသံလှိုင်းဖြတ်သန်းပုံ
ဒီ အသံလှိုင်း Mechanical Wave တွေကို အပြင်နား (Outer Ear) က ဖမ်းယူပြီး သေးငယ်တဲ့ နားလမ်းကြောင်း (Ear Canal) တစ်လျှောက် ဖြတ်သန်းစေပါတယ်။ ဒီအသံလှိုင်းဟာ ဒဂါးစေ့ တစ်ဝက်လောက် အရွယ်အစား သာရှိတဲ့ နားစည် (Ear Drum) ကို တုန်ခါစေပြီး အသံလှိုင်းကို အလယ်နား (Middle Ear) ကို ပို့ဆောင်ပေးပါတယ်။ ဒီ တုန်ခါမှုကတစ်ဆင့် အလယ်နား မှာ ရှိတဲ့ Ossicles လို့ခေါ်တဲ့ အသံတစ်ခု ကြားရဖို့ အရေးကြီးတဲ့ အရိုးငယ်လေး (၃) ခု ဖြစ်တဲ့ တူ၊ ပေ၊ ထိန်ကွင်း (Malleus, Incus, Stapes) ကို တုန်ခါစေပါတယ်။ ဒီ အရိုးလေး သုံးခု တုန်ခါမှုကအသံလှိုင်းကို ပိုကြီးတဲ့ တုန်ခါမှု (Vibration) အဖြစ်သို့ပြောင်းပေးပြီး အတွင်းနား (Inner Ear) မှာရှိတဲ့ ခရုပတ်ပုံ အင်္ဂါ (Cochlea) ကို ပို့ဆောင်ပေးပါတယ်။ ဒီ Cochlea ဟာ အရည်တွေနဲ့ပြည့်နေတဲ့ နားတွင်း အင်္ဂါတစ်ခုဖြစ်ပြီး အပြင်က အဆင့်ဆင့် ရောက်ရှိလာတဲ့ တုန်ခါမှုက အရည်တွေကို တစ်ဆင့်တုန်ခါစေပြီး လှိုင်းလုံး Ripples တွေအဖြစ် နောက်ထပ် လှိုင်းတွေဖြစ်ပေါ်စေပါတယ်။ ဒီလှိုင်းတွေက ခရုပတ် ထဲက Hair Cell လို့ခေါ်တဲ့ ဆံချည်မျှင်ဆဲလ် အမျိုးအစားပေါ်မှာရှိတဲ့ အမျှင်ပုံ ဆဲလ်လေးအစုအဝေးတွေ ကို တစ်ဆင့်တုန်ခါစေပါတယ်။ ဒီတုန်ခါမှုက Ion တွေကနေတစ်ဆင့် ဆံချည်မျှင်ဆဲလ် အောက်ခြေမှာရှိတဲ့ Neurotransmitter တွေကနေ လျှပ်စစ်ဓာတ် Electrical Signal အနေနဲ့အကြားအာရုံ နဲ့ဆိုင်တဲ့ အာရုံကြော လေးတွေ ဆီကို သတင်းပေးပို့ပေးပါတယ်။ ဒီနေရာမှာ မတူညီတဲ့ ဆံချည်မျှင်ဆဲလ်လေးတွေ က မတူညီတဲ့ အသံလှိုင်း ကြိမ်နှုန်း (Frequency) တွေကို ဖမ်းယူ ပေးတာမို့လို့ တစ်ချို့အသံတွေကို မကြားရဘူး ဆိုတာဟာ မကြားရတော့တဲ့ Frequency တစ်ချို့ကို ဖမ်းယူပေးတဲ့ Hair Cellလေးတွေပျက်စီးသွာလို့ ဖြစ်နိုင်တယ် ဆိုတာ သတိပြုရမှာပါ။
၃။ နားမှ ဦးနှောက်သို့
အကြားအာရုံ ကနေ တစ်ဆင့် ဖမ်းယူ ရရှိလိုက်တဲ့ သတင်း အချက်အလက်တွေ ကို အာရုံကြောတွေကနေတစ်ဆင့် ဦးနှောက်ကို ပို့ဆောင်ပေးပါတယ်။ ဦးနှောက်ရဲ့ သက်ဆိုင်တဲ့ နေရာ ကနေ ဒီသတင်း အချက်အလက်တွေကို အသံတစ်ခု ကြားရတယ် ဆိုတဲ့ အသိ ရစေတဲ့ အခါ ကျွန်မတို့က ဒီအသံဟာ သာယာ နာပျော်ဖွယ်လား၊ ဆူညံသံလား ဆုံးဖြတ်နိုင်ကြတာပါ။
လူတွေဟာ နားမကြားတာ ဆိုရင် အရေးမကြီးဘူး လို့ထင်ကြပါတယ်။ တကယ်တော့ နားမကြားတော့တာကတစ်ဆင့် အခြား ပိုဆိုးတဲ့ အကျိုး သက်ရောက်မှု တွေပါ ဖြစ်လာနိုင်တာပါ။ ဒါကြောင့် နားကျန်းမာရေးကို အခြား ခန္ဓာကိုယ်အစိတ်အပိုင်း ကျန်းမာရေးတွေလိုပဲ ဂရုစိုက်ဖို့ လိုအပ်ပါတယ်။