လေ့ကျင့်ခန်း နှင့် အိပ်ဟောက်ရှူပိတ် ရောဂါ

အိပ်ဟောက်ရှူပိတ်ရောဂါ နှင့် ပတ်သက်ပြီး အမေး အများဆုံး မေးခွန်းကတော့ လေ့ကျင့်ခန်း လုပ်ပြီး ဝိတ်ချခြင်း က ရောဂါ ကုသရာမှာ ထိ‌ရောက်မှု ရှိပါသလား ဆိုတဲ့ မေးခွန်း ပါပဲ။

ကိုယ်အလေးချိန်များတဲ့သူတွေမှာ လည်ပင်းတစ်ဝိုက် အဆီစုတာ များတဲ့အတွက်ကြောင့် အသက်ရှူလမ်းကြောင်း ပိတ်ပြီး OSA ‌ရောဂါ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန်လျှော့ချခြင်းက အဝလွန်ရောဂါ အပြင် အိပ်‌‌‌‌ဟောက်ရှူပိတ်ရောဂါကို ကုသရာမှာ ထိရောက်တဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ ဒါ့အပြင် မိမိကိုယ်အလေးချိန်ရဲ့ ၁၀ ရာခိုင်နှုန်း လျှော့ချခြင်းက လည်ပင်းနားက အဆီတွေလည်း ကျသွားတာကြောင့် အသက်ရှူလမ်းကြောင်းပိတ်တာ သက်သာစေပြီး လူနာရဲ့ AHI ပမာဏကို ၂၆ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ပါတယ်။

ကိုယ်အလေးချိန် လျှော့ချရန် အကောင်းဆုံး နည်းလမ်း ကတော့ ကိုယ်လက်လှုပ်ရှား အားကစား ပြုလုပ်ခြင်း ဖြစ်ပါ‌တယ်။ အောက်ပါအချက်တွေက လေ့ကျင့်ခန်းစတင်လုပ်ရန် နှင့် ပုံမှန်လုပ်နိုင်ရန် အသုံးဝင်ပါတယ်။

(၁) သင့်တော်မည့် ကိုယ်အလေးချိန်ကို ရောက်ရန် သတ်မှတ်ပါ။

အချိန်တိုအတွင်း ဝိတ်အများကြီးကျဖို့က အရေးမကြီးပါဘူး။ ဖြည်းဖြည်းနှင့် ပုံမှန် လေ့ကျင့်ခန်း ပြုလုပ်ခြင်းက ကျန်းမာရေး နှင့် ညီညွတ်သော ဝိတ်ချနည်း ဖြစ်ပါတယ်။ ဥပမာ – တစ်ပတ်ကို တစ်‌ပေါင် ကျရမယ် ဆိုပြီး သတ်မှတ်ကြည့်ပါ။

(၂) လွယ်ကူသော လေ့ကျင့်ခန်းများ နှင့် စတင်ပါ။

လေ့ကျင့်ခန်းလုပ်စ မရှိတဲ့သူများ အနေနှင့် ပြင်းထန်သော လေ့ကျင့်ခန်းများ ကို စလုပ်ခြင်းက ခန္ဓာကိုယ်ကို ထိခိုက်စေတာကြောင့် ‌ပေါ့ပါးသော လေ့ကျင့်ခန်းများနှင့် စတင်ကြည့်ပါ။ ဥပမာ – လမ်းလျှောက်ခြင်း၊ အကြောလျှော့ခြင်း တို့ကို တစ်နေ့ ၁၀ မိနစ်ခန့် ပြုလုပ်ကြည့်ပါ။

(၃) ပျော်ပျော်ပါးပါး နှင့် သက်တောင့်သက်သာဖြစ်ပါစေ။

လေ့ကျင့်ခန်းလုပ်ခြင်းကို နေ့စဥ်လုပ်ငန်းဆောင်တာ တစ်ခုအဖြစ် သတ်မှတ်ဖို့က အ‌ရေးကြီးပါတယ်။ လေ့ကျင့်ခန်းလုပ်ရန်သပ်သပ်ကြီး အချိန်ပေးရမယ် လို့ စဥ်းစားတဲ့အခါ စိတ်ဖိစီးပြီး မှန်မှန်လုပ်ဖို့ ပျက်ကွက်တတ်ပါတယ်။ ပြေးစက်ပေါ် တက်နေမှ လေ့ကျင့်ခန်းလုပ်တာ မဟုတ်ပါဘူး။ မိမိနှစ်သက်ရာ ကို ပြုလုပ်နိုင်ပါတယ်။ (ဥပမာ- မိသားစုနှင့် အတူ ကိုယ်လက်လှုပ်ရှားပြုလုပ်တာ၊ အိမ်မွေးတိရိစ္ဆာန်လေးတွေနဲ့ လမ်းလျှောက်ထွက်တာကလည်း လေ့ကျင့်ခန်း ဖြစ်ပါတယ်။)

(၄) မိမိဘဝ နေထိုင်မှု ပုံစံ ကို ပြောင်းလဲကြည့်ပါ။

သေးငယ်သော ပြောင်းလဲမှုတွေကလည်း မိမိခန္ဓာကိုယ်ကို ပိုမိုကျန်းမာစေပါတယ်။ (ဥပမာ-ဓာတ်လှေကားအသုံးပြုမည့်အစား လှေကားအသုံးပြုခြင်း၊ ကားဖြင့်သွားမည့်အစား စက်ဘီးစီးခြင်း၊ လမ်းလျှောက်ခြင်း ကို ပြုလုပ်ပါ။)

(၅) မိမိ ပတ်ဝန်းကျင် က လူတွေကိုလည်း လက်တွဲ ခေါ် ကြည့်ပါ။

လေ့ကျင့်ခန်းပြုလုပ်ရာမှာ တစ်ဦးတည်းထက် မိသားစုဝင် သို့မဟုတ် သူငယ်ချင်းမိတ်ဆွေများနှင့် အတူတူ လုပ်မယ်ဆိုရင် ရုပ်ပိုင်းဆိုင်ရာ‌ရော၊ စိတ်ပိုင်းဆိုင်ရာပါ ပိုမိုတက်ကြွစွာ လုပ်ဆောင်နိုင်တာကြောင့် ထိရောက်စွာ ကိုယ်အလေးချိန် လျှော့ချနိုင်မှာ ဖြစ်ပါတယ်။