CPAP Mask နဲ့ Breathing Tube (Tubing) မှာရေသီးခြင်း

CPAP တပ်ဆင်သူတွေ အပြောများတဲ့ နောက်ထပ် Complaint တစ်ခုကTubing နဲ့ Mask တွေမှာ ရေသီးခြင်း၊ ရေများအိုင်လာခြင်းပါ။ ဒီလိုဖြစ်ရတဲ့ အကြောင်းရင်း ၊ ဘယ်လို ဖြေရှင်းနိုင်မလဲဆိုတာ ဆက်လက် ဖတ်ရှု့ကြည့်ပါဦးနော်။

Tubing မှာ ရေတွေ ဘာလို့ သီးတာလဲ?

CPAP အသုံးပြုတဲ့သူတွေမှာ အိပ်စက်ချိန် သက်တောင့်သက်သာ ဖြစ်အောင် ရှူသွင်းရတဲ့လေကို အပူပေးတဲ့ Humidification System ကို အသုံးပြုကြရပါတယ်။

Humidification ကို အသုံးပြုခြင်းအားဖြင့် ရှူသွင်းလိုက်တဲ့လေက ခြောက်ကပ် မနေတော့ဘဲ ပါးစပ်ခြောက်ခြင်း (Dry Mouth) နဲ့ အေးစက်နေတဲ့လေကို တိုက်ရိုက် ရှူသွင်းတာဖြစ်လို့ အဆုတ်ကို ထိခိုက်စေနိုင်တဲ့  ပြဿနာတွေကို ဖြေရှင်းပေးနိုင်ပါတယ်။

ဒါပေမဲ့ အဲ့လို ကောင်းကျိုးတွေ နဲ့အတူ ရေသီးခြင်း (Rainout) ဆိုတဲ့ ဆိုးကျိုးပါ တွဲပါလာတတ်ပါတယ်။

ရေသီးခြင်း ဆိုတာ ဘာလဲ?

အပူပေးပြီး ထွက်လာတဲ့ ရေနွေးငွေ့တွေဟာ Tubing ကိုဖြတ်သန်းစဉ်မှာ Tubing တစ်လျှောက် မတူညီတဲ့ အပူချိန်ကိုဖြတ်သန်းရပါတယ်။ Mask ဘက်ကို ရောက်လာတာနဲ့အမျှ အပူချိန်က စက်က စထွက်သလောက် မပူတော့တာကြောင့် Physics သဘောတရား (Condensation Process) အရ ရေငွေ့ဟာ ရေစက် အသွင် ကူးပြောင်းသွားပါတယ်။  ဒီရေစက်တွေရဲ့  စိုထိုင်းမှုက တပ်ဆင်သူမျက်နှာကို လာသက်ရောက်တဲ့အခါ ရေမွန်းသလိုဖြစ်ပြီး အိပ်စက်ရာက နိုးလာတတ်ပါတယ်။ ဒီပြဿနာဟာ Anxiety ရှိတဲ့သူတွေနဲ့ ပိတ်လှောင်မှုကို ကြောက်တဲ့သူတွေ (Claustrophobia ရှိသူတွေ) မှာ ပုံမှန်ထက် ပိုဆိုးနိုင်ပြီး စက်တပ်အိပ်ရမှာကို ကြောက်ရွံ့တဲ့အထိ ဖြစ်သွားနိုင်ပါတယ်။

ဘယ်လိုဖြေရှင်းနိုင်မလဲ?

အရင်ဆုံး Rainout ဘာလို့ဖြစ်လဲ ဆိုတာ အရင်ရှာဖွေသင့်ပါတယ်။ ဒါမှ ကိုယ်နဲ့ ကိုက်ညီတဲ့ ဖြေရှင်းနည်းကို သိနိုင်မှာပါ။

ဖြစ်နိုင်တဲ့ အကြောင်းအရာနဲ့ ဖြေရှင်းနည်းများ

✅အများဆုံးဖြစ်လေ့ရှိတဲ့အကြောင်းအရာကတော့ ရာသီဥတုနဲ့ အခန်းအပူချိန် ကြောင့်ဖြစ်ပါတယ်။

နွေရာသီမှ မိုးရာသီ အကူးအပြောင်းမှာ ရာသီဥတုက ပူရာကနေ အေးသွားတာဖြစ်လို့  ဒီလိုအချိန်တွေမှာ CPAP တပ်ဆင်သူတွေအနေနဲ့ ရေသီးခြင်းပြဿနာကို ခံစားရနိုင်ပါတယ်။ တစ်ညလုံး Air-con ဖွင့်အိပ်တတ်သူတွေ အနေနဲ့လည်း အခန်းအပူချိန်က အေးနေပြီး Tubing အတွင်းက ပူနေတဲ့အတွက် Physics ရူပဗေဒ သဘောတရားအရ Tubing အတွင်းမှာ ရေသီးခြင်းတွေ ဖြစ်လာတာပါ။

⏹ဖြေရှင်းနည်း

အဓိက ကတော့ Tubing အတွင်းအပြင် အပူချိန်ကို ညှိပေးရမှာပါ။ 

၁။ Humidifier Level ကိုလျှော့ချခြင်း – Tubing အတွင်းမှာ အရမ်းပူနေပြီး အခန်းအပြင်က အေးနေတာမျိုး မဖြစ်အောင် ထွက်လာမဲ့ ရေငွေ့ရဲ့ အပူချိန်ကို လျှော့ချပေးလို့ ရပါတယ်။ ကိုယ်က Air-Con ဖွင့်မှ အိပ်တတ်သူဆိုရင်တော့ Humidifier Level ကို 1 or 0 လောက်ထိထားပြီး စမ်းသပ် အိပ်ကြည့်သင့်ပါတယ်။

၂။ အခန်း အပူချိန် ကို ပြောင်းလဲကြည့်ခြင်း – တကယ်လို့ ကိုယ်က ရေငွေ့နွေးနွေး ကိုမှ ကြိုက်သူ ဆိုရင်တော့ အခန်းအပူချိန်ကို ပြောင်းလဲဖို့ ကြိုးစား ကြည့်သင့်ပါတယ်။ Air-Con ပိတ်အိပ်တာ ၊ အခန်းအပူချိန်ကို မြှင့်ပြီးအိပ်တာ စသဖြင့် Tubing အတွင်းအပြင် အပူချိန်ကို အရမ်းမကွာအောင် ထိန်းထားခြင်းကို စမ်းသပ် လုပ်ဆောင် ကြည့်သင့်ပါတယ်။

၃။ Tubing ကို Snuggle Hose မျိုးဖြင့် Insulation လုပ်ထားခြင်း – Ready Made Snuggle Hose ( အသင့်သုံးပိုက်စွပ် ) များသုံးပေးပါ။ အကယ်ယ့်မှာ မရှိခဲ့ရင်  အဝတ်ထူထူ တစ်ခုနဲ့ ပတ်ထားပြီး Tubing အတွင်း အပူချိန်ကို ထိန်းထား ကြည့်လို့ရပါတယ်။

၄။ Heated Tube အသုံးပြုခြင်း – Humidifier တင်မကဘဲ Tubing တစ်လျှောက် အပူပေးတဲ့ system စနစ် ပါတဲ့ Heated Tube အသုံးပြုခြင်းကလည်း အဆင်ပြေတဲ့ ရွေးချယ်မှု တစ်ခုပါ။ ဒီ Option ကိုရွေးချယ်မယ်ဆိုရင်တော့ Heated Tube နဲ့ သုံဖြစ်မယ့် CPAP model ဖြစ်ဖို့တော့ လိုပါတယ်။

၅။ CPAP model မြင့်လာတာနဲ့အမျှ Climate Control, Rainout System Control စသဖြင့် Function တွေ အစုံပါလာတတ်ပါတယ်။ ဒါကြောင့် ကိုယ့်စက် Model အလိုက် ရေသီးခြင်းနဲ့ ပတ်သတ်ပြီး အဆင်ပြေနိုင်မယ့် function ပါမပါ Supplier ရောင်းချသူ နဲ့ Technician နည်းပညာရှင် တွေကို မေးမြန်းကြည့်နိုင်ပါတယ်။

၆။ တကယ်လို့ ရေသီးခဲ့ရင်လည်း ရေတွေ Mask ကနေတဆင့် နှာခေါင်း၊ ပါးစပ်ထဲ တန်းပြီး တိုက်ရိုက်မရောက်အောင် CPAP စက်ကို အိပ်မည့်နေရာနဲ့  Level တစ်တန်းတည်းဖြစ်အောင် ထားသင့်ပါတယ်။

ရေသီးခြင်း ဖြစ်စေနိုင်တဲ့ သတိထားရမယ့် အချက်များ

၁။ အရေးအကြီးဆုံးအချက်က ကိုယ်တပ်ဆင်တဲ့ Mask က ကိုယ်နဲ့ ကွက်တိကျပြီး Headgear Adjustment တွေကလည်း ကိုယ်နဲ့ ချောင်ချိနေတာမျိုး မဖြစ်ရပါဘူး။

၂။ Heated Tube သုံးခဲ့ရင်လည်း Tube အပူချိန်နဲ့ Humidifier Level ကို သေချာ ချိန်ညှိပေးရပါမယ်။ အရမ်းပူလွန်း သွားရင်လည်း ပြင်ပအခန်း အပူချိန်နဲ့ အရမ်းကွာဟနေရင် လူနာအတွက် သက်တောင့်သက်သာ မဖြစ်တာတွေ ဖြစ်နိုင်ပါတယ်။