ကျွန်တော်တို့ ကျန်းမာနေဖို့အတွက် ဝနေဖို့ မလိုအပ်ပါဘူး။ ခန္ဓာကိုယ်အချိုးအစား မှန်ကန်ဖို့ Physically Fit ဖြစ်နေဖို့ပဲ လိုတာပါ။ ဒီတော့ ခန္ဓာကိုယ် အချိုးအစား မှန် မမှန်ဆိုတာကို ကျနော်တို့ ဘယ်လို ဆုံးဖြတ်ကြမလဲ???
ပေါင်ချိန်စက်ပေါ်က ကိန်းဂဏန်းတွေက သင်ကျန်းမာတယ် မကျန်းမာဘူး ဆိုတာကို ဆုံးဖြတ်ပေး နိုင်ရဲ့လား??

ဒီမေးခွန်း အတွက်ကတော့ ကိုယ်အလေးချိန် တစ်ခုတည်းသိရုံနဲ့ ဘယ်သူပိုကျန်းမာတယ် ဆိုတာကို ပြောလို့မရပါဘူး။ လူတစ်ယောက်နဲ့တစ်ယောက် ခန္ဓာကိုယ်အချိုးအစား၊ အရပ်အမြင့် ကွာခြားချက် တွေကိုသိမှသာ ဆုံးဖြတ်လို့ ရနိုင်ပါတယ်။
Physically Fit ဖြစ်မဖြစ်ကို ဘယ်အရာတွေနဲ့ တိုင်းတာမလဲ??
Physically Fit ဖြစ်မဖြစ် ခန္ဓာကိုယ် အချိုးအစား တိုင်းတာနည်းတွေ အများကြီးရှိတဲ့ အထဲက အသုံးအများဆုံး၊ အလွယ်ကူဆုံး နဲ့ ထိရောက်တဲ့ တိုင်းတာနည်း ၂ မျိုးကတော့ –
- Body Mass Index (BMI)
- Waist Circumference Measurement တို့ဖြစ်ပါတယ်။
Body Mass Index (BMI) ဆိုတာဘာလဲ??
Body Mass Index (BMI) ဆိုတာ မိမိအရပ်နဲ့ ကိုယ်အလေးချိန် သိရုံဖြင့် မိမိရဲ့ ကျန်းမာရေးကို အလွယ်တကူ စစ်ဆေးလို့ရနိုင်မဲ့ ညွှန်းကိန်း တစ်ခု ဖြစ်ပါတယ်။ လူတစ်ယောက်ဟာ သူ့အရပ်အမြင့်နဲ့ အလိုက် ရှိသင့်ရှိထိုက်တဲ့ ခန္ဓာကိုယ် အလေးချိန်ပမာဏ အတွင်းမှာ ရှိမရှိ ကို BMI တိုင်းတာပြီး ဆုံးဖြတ်ကြတာပါ။ ယေဘုယျအားဖြင့် သတ်မှတ်ထားတဲ့ ပမာဏ အတွင်းမှာ ရှိနေရင် ကျန်းမာတယ် လို့ သတ်မှတ်ပြီး သတ်မှတ်ထားတဲ့ ပမာဏအောက် (သို့မဟုတ်) ပမာဏအထက် ကို ကျော်လွန်နေရင်တော့ ကျန်းမာရေး ပြဿနာ တစ်ခုခု ရှိနေပြီ ဆိုပြီး အလွယ်တကူ ဆုံးဖြတ်ကြပါတယ်။
BMI တိုင်းတာနည်း

BMI = ကိုယ်အလေးချိန် (kg) / အရပ်အမြင့် (m2)
| BMI တန်ဖိုး | ကိုယ်အလေးချိန် အမျိုးအစားများ |
|---|---|
| <18.5 | ပုံမှန်ကိုယ် အလေးချိန် မပြည့်မှီသူ (Underweight) |
| 18.5 – 24.9 | ပုံမှန်ကိုယ် အလေးချိန် (Healthy Weight) |
| 25 – 29.9 | ပုံမှန်ကိုယ် အလေးချိန် ထက်များနေသူ (Overweight) |
| 30 နှင့် အထက် | အဝလွန်နေသူ (Obese) |
Reference : http://shorturl.at/fP468
BMI က ခန္ဓာကိုယ် အဆီပမာဏ ကို တိုက်ရိုက်တိုင်းတာ မဟုတ်ပေမဲ့ ထွက်လာတဲ့ BMI ရလဒ် ပေါ်မူတည်ပြီး ခွဲလိုက်တဲ့ ကိုယ်အလေးချိန် အမျိုးအစားတွေ ကနေတစ်ဆင့် ကျန်းမာရေး အခြေအနေတွေကို အလွယ်တကူ ခန့်မှန်းနိုင်ပါတယ်။ BMI ရဲ့ အားသာချက်ကတော့ အလွယ်တကူ တွက်ချက်နိုင်ပြီး အားနည်းချက်ကတော့ ခန္ဓာကိုယ်ထဲမှာ အဆီတွေ ဘယ်နေရာမှာ စုနေလဲ ဆိုတာကို မသိနိုင်တာပါပဲ။
IOS App Link for BMI Calculation – https://apple.co/3TjfXkN
Android App Link for BMI Calculation – https://bit.ly/3pPQn9z
Waist Circumference (WC) ဆိုတာဘာလဲ??
ကျွန်တော်တို့ ခန္ဓာကိုယ်ထဲမှာ အဆီစုတဲ့ နေရာပေါ် မူတည်ပြီး ကျန်းမာရေးကို ဆိုးကျိုး သက်ရောက်မှုတွေ ဖြစ်စေပါတယ်။ ဝမ်းဗိုက်နေရာမှာ အဆီအလွန်များခြင်းက အဝလွန်ခြင်း နောက်ဆက်တွဲ ရောဂါများဖြစ်တဲ့ ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါ နှင့် အသည်းအဆီဖုံးရောဂါများ ဖြစ်စေနိုင်တာကြောင့် ခါးလုံးပတ်ကို ပေကြိုးဖြင့် တိုင်းတာခြင်း တစ်နည်းပြောရရင် Waist Circumference (WC) တိုင်းတာခြင်းဖြင့် ခါးနေရာတစ်ဝိုက်၊ ဝမ်းဗိုက်နေရာမှာ အဆီစု၊ မစု ကို သိနိုင်ပါတယ်။
WC တိုင်းတာနည်း

- မတ်တပ်ရပ် အနေအထားဖြင့် တင်ပါးဆုံရိုးနေရာ ပတ်ပတ်လည်ကို ပေကြိုးဖြင့် ရေပြင်ညီ အနေအထားဖြင့် တိုင်းပါ။
- ပေကြိုး ကို ခါးပတ်ပတ်လည် တင်းကျပ်နေအောင် ဖိတိုင်းတာမျိုး ရှောင်ပါ။
- အတိုင်းအတာကို အသက်ရှူသွင်းနေတုန်း မှာ မတိုင်းဘဲ အသက်ရှူထုတ် ပြီးတာနဲ့ ချက်ချင်း တိုင်းပေးဖို့လိုပါတယ်။
အမျိုးသား – 101.6 စင်တီမီတာ (သို့မဟုတ်) 40 လက်မ
အမျိုးသမီး – 88.9 စင်တီမီတာ (သို့မဟုတ်) 35 လက်မ
National Heart, Lung, and Blood Institute ရဲ့ Research များအရ အထက် ဖော်ပြထားတဲ့ ပမာဏ တွေ ထက်များနေတဲ့သူတွေဟာ နှလုံးရောဂါ နှင့် ဆီးချိုရောဂါ ပိုဖြစ်နိုင်ချေများပါတယ်။
“ကာကွယ်ခြင်းသည် ကုသခြင်းထက်ပိုကောင်းသည်” ဆိုတဲ့အတိုင်း အဝလွန်ရောဂါ ဟာ ကျန်းမာရေးအတွက် နောက်ဆက်တွဲ ဆိုးကျိုးများစွာ ဖြစ်စေနိုင်သောကြောင့် မဖြစ်ခင်က ကြိုတင်ကာကွယ်ထားခြင်း ကသာ အကောင်းဆုံး ဖြစ်ပါတယ်။
Better Health, Better Life
