လေမျိုချခြင်း

ဝမ်းဗိုက်ဖောခြင်း၊ လေတက်ခြင်း၊ ဗိုက်နာခြင်း၊‌ လေလည်ခြင်း အစရှိတဲ့လက္ခဏာများကို  CPAP အသုံးပြုသူတွေ အများစုက ကြုံဖူးကြမှာပါ။ ဒါတွေကတော့ လေမျိုချခြင်း ( aerophagia ) ရဲ့ လက္ခဏာတွေပါ။ ပုံမှန်စားသောက်ခြင်း ၊ စကားအမြန်ပြောခြင်း တို့မှလည်း လေမျိုချ တတ်ကြပါတယ်။

CPAP အသုံးပြုသူတွေမှာ ကြုံတွေ့ရတဲ့ လေမျိုချခြင်း ဆိုသည်မှာ CPAP ကထွက်တဲ့လေတွေက အဆုတ်ထဲ မရောက်ဘဲ အစာပြွန် မှတစ်ဆင့် အစာအိမ်ထဲသို့ ရောက်သွားခြင်း ကို ဆိုလိုတာပါ။

လေမျိုချခြင်းက CPAPစက် အသုံးပြုမှုရဲ့ ဘေးထွက်ဆိုးကျိုး တစ်မျိုးပါ။ ဒါကြောင့် Aerophagia လေမျိုချခြင်းဖြစ်စေသောအချက်များ နှင့် မဖြစ်အောင် ကြိုတင် ကာကွယ်နိုင်မည့် နည်းလမ်းတွေကို သိရှိထားဖို့ အရေးကြီးပါတယ်။

CPAP Pressure ( လေဖိအား ) များခြင်း နှင့် နည်းခြင်း

CPAP pressure( လေဖိအား ) လိုအပ်သည်ထက် ပိုပေးမိသောအခါ လေအပိုများသည် အစာပြွန်မှတစ်ဆင့် အစာအိမ်လမ်းကြောင်းထဲသို့ ရောက်သွားတတ် ကြပါတယ်။

CPAP pressure ( လေဖိအား ) လိုအပ်သည့်ပမာဏ မရောက်သောအခါတွင်  လေဖိအားမှာ ပိတ်နေသောအသက်ရှုလမ်းကြောင်းကို မဖွင့်နိုင်တော့ပါ။ ထိုအခါ အိပ်နေစဉ် လေရရှိရန် ပါးစပ်မှတစ်ဆင့် လေရှူရသောကြောင့် အစာပြွန်ထဲသို့လေများ ရောက်သွားတတ်ကြပါတယ်။

Mask အမျိုးအစားမှားယွင်းခြင်း

သင်ဟာ အိပ်ပျော်‌နေစဥ် ပါးစပ်ဖြင့် အသက်ရှုတတ်သူဖြစ်ပြီး နှာခေါင်းကိုပဲအုပ်တဲ့ mask (nasal mask) အသုံးပြုသူဖြစ်တယ်ဆိုရင် CPAP မှသွင်းပေးလိုက်သော လေများသည် ပွင့်နေသော ပါးစပ်ပေါက်မှ ပြန်ထွက်သွားတတ်ပါတယ်။ ထိုအခါ အသက်ရှုလမ်းကြောင်းကို မဖွင့်နိုင်တော့ဘဲ အထက်က လေဖိအားနည်းခြင်းမှာ ဖော်ပြထားသကဲ့သို့ ပါးစပ်ဖြင့်အသက်ရှူရသောကြောင့် လေမျိုချတတ်ကြတယ်။

လေအရှူ၊အထုတ် စည်းချက် မမှန်ခြင်း

CPAP မှ တသတ်မတ်တည်း ထုတ်ပေးသော လေဖိအားကို ရှူသွင်းရာတွင် အခက်အခဲမရှိသော်လည်း ရှူထုတ်ရာတွင် လေဖိအားကို ဆန့်ကျင်ပြီးမှ ရှူထုတ်ရသောအခါ စိုးရိမ်ပူပန်ခြင်း ၊ အသက်ရှူကျပ်ခြင်းများ ခံစားတတ်ကြပါတယ်။ ထိုအခါ လေအရှူ၊အထုတ် စည်းချက်ပျက်ကာ အသက်ရှူ မြန်လာတတ်ကြပါတယ်။လေမြန်မြန် ရှူလိုက်သောအခါ လေများသည် အဆုတ်ထဲသို့ မရောက်ဘဲ အစာပြွန်ထဲသို့ ရောက်သွားတတ်ကြပါတယ်။

ကာကွယ်ကုသနိုင်သော နည်းလမ်းများ

  • CPAP ဖိအား မလုံလောက်ခြင်း သို့ များနေသည်ဟု ခံစားမိပါက ဆရာဝန်ဖြင့် တိုင်ပင်၍ လေဖိအား အတိုးအလျှာ့ ပြုလုပ်နိုင်ပါတယ်။
  • ရောင်းချပေးသောသူအား ပြန်လည်ဆက်သွယ်၍ စက်အား ဆရာဝန်ညွှန်ပေးသော ဖိအားအတိုင်း ပေးမပေး ပြန်စစ်ရပါမယ်။
  • ကိုယ်နဲ့ကိုက်ညီတဲ့ mask ကိုရွေးချယ်အသုံးပြုရပါမယ်။
  • ကိုယ်တပ်တဲ့ mask မှာ မကြာခဏ လေစိမ့်ထွက်ခြင်း ဖြစ်နေပြီဆိုပါက အခြား mask အမျိုးအစားကို ရွေးချယ်အသုံးပြုသင့်ပါတယ်။ 
  • ပါးစပ်ဖြင့် အသက်ရှူသူဖြစ်ပါက ပါးစပ်ပါအုပ်သော full face mask အမျိုးအစား အသုံးပြုသင့်ပါတယ်။
  • တစ်ချို့စက်များတွင် အသက်ရှူထုတ်ချိန်တွင် ဖိအားလျှော့ပေးသော နည်းပညာပါဝင်ပါတယ်။ CPAP တံဆိပ် ပေါ်မူတည်၍ နည်းပညာနာမည် (BMC CPAP များတွင် RESlex နည်းပညာ) အမျိုးမျိုး ရှိကြပါတယ်။ကိုယ်ဝယ်ခဲ့သော CPAP အရောင်း centerသို့ ဆက်သွယ်၍ စက်တွင် ထိုနည်းပညာ ပါမပါ မေးမြန်းသင့်ပါတယ်။
  • CPAP စက်တွေက လေဖိအားကို တစ်သမတ်တည်း ပေးပို့သော်လည်း၊ အခြားသော PAP စက်များက လေမျိုချခြင်းကို လျှော့ချပေးနိုင်ပါတယ်။ AutoCPAP နှင့် BiPAP များတွင်‌ ‌ လေရှူထုတ်ဖိအား သီးသန့်ခွဲထုတ် ပေးနိုင်သဖြင့် လေရှူထုတ်ရာတွင် သက်သောင့်သက်သာ ရှိစေပါတယ်။
  • ဘေးစောင်းအိပ်လျှင်လည်း လေမျိုချခြင်းကို လျော့နည်းစေပါတယ်။ဘေးစောင်းအိပ်ခြင်းကြောင့် အသက်ရှူလမ်းကြောင်း ပွင့်နေစေရန် လိုအပ်သော လေဖိအား (Pressure) နည်းသွားပြီး ဗိုက်ကယ်ခြင်းကို သက်သာစေပါတယ်။